သံလွင်ခက်
စက်တင်ဘာ ၉၊ ၂၀၂၃။
မြန်မာနိုင်ငံသားများ အမျိုးသားရေးစိတ်ဓာတ်ရင့်သန်လာအောင် နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တမ သည် နိုင်ငံရေးလောကမှာတော့ သြဇာကြီးမားသည့် ဆရာတော်ကြီးတစ်ပါးလည်းဖြစ်သည်။ ဆရာတော်ကြီးသည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယနေ့ဆိုရင် နှစ်ပေါင်း ၈၄ နှစ် ရှိခဲ့ပါပြီ။ နှစ်စဥ် စက်တင်ဘာ ၉ ရက်ရောက်တိုင်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများ ကျင်းပလေ့ရှိကြသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်ဖြစ်သည်။
ဆရာတော်ကြီးသည် ရခိုင်လူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အကျဉ်းကျခံရသူ လည်း ဖြစ်သည်။ ဆရာတော်ကြီးကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မွေးဖွားခဲ့သည်။ ဆရာတော်ကြီး၏မိဘနှစ်ပါးမှာ ဦးမြနှင့် ဒေါ်အောင်ကျော်သူ (ခ) ဒေါ်အောင်ကြွဖြူတို့ဖြစ်ကြ သည်။
ဆရာတော်ကြီးသည် အသက် ၁၆ နှစ်အရွယ်တွင် ကိုရင်ဝတ်ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၌ ပညာသင်ယူ ခဲ့သည်။ ကာလကတ္တားမြို့တွင် ၃ နှစ်နီးပါးနေခဲ့ပြီး အင်္ဂလိပ်ဘာသာ ၁၀ တန်း အောင်မြင်ခဲ့သည်။ ထို့နောက်မှာ တော့ ရဟန်းခံရန်အတွက် မြန်မာနိုင်ငံသို့ ပြန်ကြွလာခဲ့သည်။
ရဟန်းခံပြီးနောက်ပိုင်းမှာလည်း ကာလကတ္တားမြို့သို့ပြန်ကြွပြီး ပညာဆက်လက်သင်ယူခဲ့ပြန်သည်။ ဆရာတော် ကြီး ကာလကတ္တား ပြန်ရောက်ချိန်မှာတော့ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး အခြေအနေများက ပြောင်းလဲလို့နေခဲ့ပါပြီ။ ထို့ကြောင့်လည်း ဆရာတော်ကြီးက နိုင်ငံရေးကို စတင်စိတ်ဝင်စားလာခဲ့သည်။
အိန္ဒိယနိုင်ငံမှာသီတင်းသုံးနေစဥ်မှာပင် အမျိုးသားကောလိပ်တစ်ခု၌ ပါဠိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဧည့် ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ ဧည့်ပါမောက္ခအဖြစ်ဆောင်ရွက်နေရင်း သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသည့် ရှေးဟောင်းဟိန္ဒူစာပေကျမ်းဂန်များ သင်ယူခဲ့သည်။
ထို့နောက် ပြင်သစ်နိုင်ငံသို့ကြွပြီး ပညာဆက်လက် သင်ယူခဲ့ပြန်သည်။ ဆရာတော်ကြီးသည် ပညာသင်ကြားရေး ကိစ္စရပ်များအား ရပ်တန့်မပစ်ခဲ့ပါ။ ပြင်သစ်နိုင်ငံတွင်ပညာသင်ကြားပြီးနောက် ဂျပန်နိုင်ငံသို့လည်း ပညာသင်ကြား ရန် ဆက်လက်ကြွရောက်ခဲ့ပြန်လေသည်။ ဂျပန်ဘာသာနှင့် ဂျပန်စကားကို ၂ နှစ်မျှသင်ယူခဲ့ပြီး ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီးတွင် သက္ကတဘာသာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဆရာတော်ကြီးဂျပန်မှာရှိနေစဉ် တရုတ်နိုင်ငံခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင် နှင့်လည်း တွေ့ဆုံခဲ့ပါသေး သည်။ ဒေါက်တာ ဆွန်ယက်ဆင် က တရုတ်နိုင်ငံကြွရောက်ရန် ပင့်ဖိတ်သည့်အတွက် တက္ကသိုလ်ကနေ ခွင့် ၃ လယူပြီး ခရီးထွက်ခဲ့ပြန်သည်။
၁၉၁၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံသို့ ပြန်ကြွလာခဲ့သည်။ ဆရာတော်ကြီး မြန်မာနိုင်ငံရောက်ချိန်တွင် ဝိုင်အမ် ဘီအေအသင်း (ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း) က နိုင်ငံရေးအလုပ်တွေကို လုပ်ကိုင်ဆောင်ရွက်ချိန်နှင့် ကြုံကြိုက်နေသည့်အတွက် ဆရာတော်ကြီးအနေဖြင့် နိုင်ငံရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာဖြင့် ပါဝင် ဆောင်ရွက်ခဲ့ပြန်သည်။
ပြည်ပနိုင်ငံများတွင် နေထိုင်လာခဲ့သည့် ဆရာတော်ကြီးအနေဖြင့် မြန်မာနိုင်ငံသားများ၏ နိုင်ငံရေးနားနှင့်မျက်စိ ကို ဖွင့်ပေးနိုင်ခဲ့သည်။
ထို့ကြောင့်လည်း အစိုးရပိုင်းက ဆရာတော်ကြီးနောက် တကောက်ကောက် လိုက်နေခဲ့ကြ သည်။ နိုင်ငံရေးသမားတစ်ယောက်ဖြစ်နေသောဆရာကြီးကို သံဃာတော်များကလည်း အပေါင်းအသင်းသိပ် မလုပ်ကြချေ။ ကျောင်းတိုက်တွေကလည်း ဆရာတော်ကြီးကို လက်မခံသည့်အတွက် မရမ်းကုန်းမြို့နယ်ရှိ အိမ်တစ်အိမ်တွင် သီတင်းသုံးနေထိုင်ခဲ့ရရှာသည်။
နောက်ပိုင်းမှာတော့ ဆရာတော်ကြီး၏ နိုင်ငံရေးဆောင်ရွက်ပုံတွေကို သူရိယသတင်းစာက နေ့စဉ်လိုလို ရေးသားလာခဲ့သည်။ ထို့ကြောင့်လည်း ဆရာတော်ကြီးကို လူသိများလာခဲ့ပြီး ဆရာတော်ကြီးဟောပြောသည့် နိုင်ငံရေးတရားတွေကို လူတွေနားယူမှတ်သားလာခဲ့ကြသည်။ ဆရာတော်ကြီးသည် များသောအားဖြင့် သူရိယ သတင်းစာတိုက်တွင်သာ သီတင်းသုံးနေထိုင်လေ့ရှိပါသည်။
၁၉၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်မှာတော့ အစိုးရကို အကြည်ညိုပျက်အောင် နိုင်ငံရေးတရားဟောပြောမှုဖြင့် အင်္ဂလိပ်အစိုးရက ဆရာတော်ကြီးကို ဖမ်းဆီးခဲ့သည်။ ထိုအမှုကြောင့်ပဲ ဆရာတော်ကြီးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခဲ့သည်။ ထောင်ကလွတ်မြောက်လာပြီး နောက်ပိုင်းမှာလည်း မြန်မာပြည်အနှံ့ နိုင်ငံရေးတရားများ ဟောပြောခဲ့သည့်အတွက် ၃ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရသည်။
နောက်ပိုင်းမှာတော့ ဆရာတော်ကြီးသည် စိတ်မနှံ့သူတစ်ယောက်လို ရန်ကုန်မြို့တွင်း လှည့်လည်သွားလာနေခဲ့ တော့သည် ။ ကျန်းမာရေးလုံးဝမကောင်းတော့သည့်အတွက် ရန်ကုန်ဆေးရုံကြီးတင်ခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင် ဘာ ၉ ရက်တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူချိန်မှာတော့ ဆရာတော်ကြီး၏ သက်တော်က ၆၀ ၊ ဝါတော် ၄၁ ဝါ ရှိနေပါပြီ။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင်ကျရောက်သော ၈၄ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကိုတော့ စစ်တွေမြို့၌ အကျဥ်းချုံးကျင်းပခဲ့ပြီး ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များတက် ရောက်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် စာပေအသိုင်းအဝိုင်းကတာဝန်ရှိသူများ ၊ ကျောင်းသားလူငယ်များနှင့် ဒေသခံတချို့လည်း တက်ရောက်ဂါရဝပြုခဲ့သည်။