Saw Smith
စက်တင်ဘာ ၉ ၊ ၂၀၂၃ ။
ထိုင်း–ကရင်နယ်စပ်ကိုဖြတ်ပြီး စစ်ကောင်စီတပ်တွေ ကရင်ပြည်နယ်ထဲဝင်ရောက်လာနေပြီး လက်ခတ်တောင်ကိုပြန်ရဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ် ။
စစ်ကောင်စီတပ်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို လေယာဥ်နဲ့ရောက်လာပြီး ကရင်ဘက်ကို စစ်ကြောင်းထိုးနေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တွေ ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာပဲ လူမှုစာမျက်နှာပေါ် ပျံ့နှံ့လာခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး KNLA တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးကတော့ အဆိုပါ သတင်းမှန်ကန်ကြောင်း အတည်ပြုပြောကြားပါတယ် ။
ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်တာဘောကတော့ ဒီနေ့ နေ့လယ် ၂နာရီအချိန်လောက်မှာ အခုလိုပြောကြားပါတယ်။
” ကျွန်တော် ဘာမှမသိရသေးဘူး အဲကိစ္စ ။ စစ်ဆင်ရေးကတော့ သူတို့တောက်လျှောက်လုပ်နေတာပဲလေ ။ အခုကတော့ ထိပ်တိုက်ရင်ဆိုင်တော့ မတွေ့သေးဘူး။ လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်တာတော့ရှိတာပေါ့ ပုံမှန်အားဖြင့်“လို့ ပြောပါတယ်။
ထိုင်း–ကရင်နယ်စပ်က မြဝတီမြို့ရဲ့ ခံစစ်သဖွယ်အရေးကြီးပြီး အနီးအနားဝန်ကျင်ဒေသတွေအတွက်လည်း စစ်ရေးအရအချက်အချာကျတဲ့ လက်ခတ်တောင်ကို ကေအဲန်ယူ တပ်မဟာ၆ လက်အောက်မှာရှိ တဲ့ KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေက ၁၀ ရက်ကျော်ကြာ စစ်ဆင်ရေးဆင်နွှဲပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်မှာ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲ့ဒီနောက် စစ်ကောင်စီဟာ လက်ခတ်တောင်ကို ပြန်ရယူနိုင်ဖို့ ဇူလိုင်လနောက်ဆုံးအပတ် မှာပဲ ပြန်လည်ထိုးစစ်ဆင်ခဲ့သလို အင်အားအများအပြားထပ်တိုးပြီး အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပါတယ် ။
မြေပြင်အင်အား ၆၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ တပြိုင်တည်း စစ်ကြောင်းထိုးတာ၊ တစ်ရက်တည်းလေကြောင်းပစ်ကူ ၆ ကြိမ်အထိအသုံးပြုခဲ့တာ၊ လက်နက်ကြီးကို အချက်ရေ ရာချီအသုံးပြုပစ်ကူပေးတာ စတဲ့နည်းမျိုးစုံသုံးပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေဟာ တောင်ခြေကို မကပ်နိုင်ခဲ့ပါဘူးလို့ ကော်ဘရာစစ်ကြောင်းထုတ်ပြန်ထားပါတယ်။
တစ်လနီးပါးအကြာ အကြိမ်ကြိမ် စစ်ကြောင်းထိုးမှုတွေပြုလုပ်ခဲ့တဲ့ အတောအတွင်း စစ်ကောင်စီတပ်တွေဟာထိခိုက်ကျဆုံးမှုများစွာနဲ့ပဲ တပ်တွေ ပြန်ပြန်ဆုတ်နေခဲ့ရတဲ့အတွက် လက်ခတ်တောင်ဟာ သာသနာ့နယ်မြေ ဖြစ်တယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်မှုတွေနဲ့ တော်လှန်ရေးတပ်တွေ အထိုင်ချ တပ်မစွဲနိုင်အောင် ကြိုးစားလာပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ကြိုးစားလာမှုတွေနဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်တွေကို ပြည်သူတွေ အထင်အမျိုးမျိုးဖြစ်ပေါ်စေတဲ့ သတင်းစကားအမျိုးမျိုးတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ် ။
ထွက်ပေါ်လာခဲ့တဲ့သတင်းစကားတွေအနက် လက်ခတ်တောင်ကိုပြန်ရဖို့ စစ်ကောင်စီက ထိုင်းဘတ်ငွေ သန်း ၃၀ ( ကျပ် သိန်းပေါင်းသုံးသောင်းကျော်) ပေးပြီး စျေးညှိနေတယ်ဆိုတာတွေလည်း ပါဝင်ပါတယ်။
လက်ခတ်တောင်ကို သိမ်းပိုက်ရရှိပြီးထွက်ပေါ်လာတဲ့ အမျိုးမျိုးသောဝေဖန်ပြောဆိုမှုတွေထဲမှာ ပြည်ပရောက်နေတဲ့ ထောက်ပို့တွေရဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ပါဝင်နေတာကြောင့် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့အတွေးတွေ မဝေဝါးစေချင်ကြောင်း ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး ဗိုလ်တာဘောကကပြောပါတယ်။
” ပဋိပက္ခတွေ ဖြစ်အောင် ၊ ယုံကြည်မှုတွေပျက်ပြားအောင် ၊ အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း နားလည်မှုလွဲအောင် ပြောဆိုနေတဲ့ တချို့သော ထောက်ပို့တွေရှိတယ်လို့နော်။ အဲလိုမျိုးကိစ္စတွေမှာ ပြည်သူတွေ နားမယောင်ဖို့နဲ့ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးကြိုးစားပြီး အာဏာရှင်ပြုတ်ကျရေးကို တစိုက်မတ်မတ်ဦးတည်သွားနေတယ်ဆိုတာ ပြောချင်ပါတယ် ” လို့ ပြောပါတယ်။
လက်ခတ်တောင်အရေးကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေနဲ့ ပြည်သူတချို့ရဲ့ အမျိုးမျိုးဝေဖန်ပြောဆိုမှုတွေ ရှိနေပေမယ့် လက်ခတ်တောင်ဒေသမှာ မကြာခဏ ထိတွေ့မှုတွေနဲ့ စစ်ဆင်ရေးတွေက ကြားနေရဆဲပါပဲ။
ပြီးခဲ့တဲ့ရက်ပိုင်း အခုလစက်တင်ဘာ ၃ရက်၊ ညပိုင်းကလည်း လက်ခတ်တောင်ပေါ်မှာရှိနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြဝတီမြို့ ခရိုင်ရဲရုံးကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တပ်ရင်းမှူးအဆင့်ရှိ ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့သလို ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားပါတယ်။
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1943
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5559