• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»နှစ် ၇၀ ကျော်ကြာတော်လှန်ရေးခရီးကြားက ကရင့်ကံကြမ္မာ
ဆောင်းပါး

နှစ် ၇၀ ကျော်ကြာတော်လှန်ရေးခရီးကြားက ကရင့်ကံကြမ္မာ

thanlwinkhetBy thanlwinkhetSeptember 6, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စက်တင်ဘာ ၆ ၊ ၂၀၂၃ ။

Saw Smith

 

” ကရင့်ကံကြမ္မာ ကရင်သာဖန်တီးခွင့်ရှိရမည် “

 

ကရင့်အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ခဲ့သည့် မူ ၄ ချက် အနက်က ၁ ချက် ဖြစ်သည်။

တွေးကြည့်လေ၊ လေးလေးနက်နက်စဥ်းစားလေ အနက်အဓိပ္ပါယ် အနှစ်သာရဖြင့် ပိုမိုပြည့်စုံလေလေပင်။ ” ကရင်တွေ ဘယ်လိုကံကြမ္မာမျိုးကို ဖန်တီးရယူချင်ကြတာလဲ၊ အကွဲကွဲအပြားပြားနဲ့ ဆုတ်ယုတ်ပျက် ပြားသွားမယ့် လူ့အဖွဲ့အစည်းတစ်ခုလား၊ စုစုစည်းစည်းနှင့် တိုးတက်ဖြစ်ထွန်းလာမယ့် လူ့အဖွဲ့အစည်း တစ်ခုလား ”

အထက်ပါအဓိပ္ပါယ်မျိုးသက်ရောက်သည့် မေးခွန်းများဖြင့် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ကွန်ဂရက်ကျင်းပမည့် မပြေလည်မှုများအပေါ် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ခဲ့သည်ဟု ဝါရင့် ကရင်တော် လှန်ရေးခေါင်းဆောင် ပဒိုစောသမိန်ထွန်း ကပြောသည်။

ကိုဗစ်ကပ်ရောဂါနှင့်အာဏာသိမ်းမှုဖြစ်စဥ်များကြောင့် ၂၀၂၁ ခုနှစ် ဇွန်လထဲမှာ ကျင်းပမည့် ၁၇ ကြိမ် မြောက် ကေအဲန်ယူကွန်ဂရက်ကို အချိန် ၂ နှစ်နီးပါးကြာမှ ကျင်းပနိုင်ခဲ့သည်။

ကွန်ဂရက်နောက်ဆုံးအဆင့်ကို ၂၀၂၃ ဖေဖော်ဝါရီ ၂၇ ရက်မတိုင်မီ ကျင်းပဖို့သတ်မှတ်ထားသော်လည်း ကေအဲန်ယူခေါင်းဆောင်အချို့၏ တရားမဝင်လောင်းကစားနှင့်ပတ်သက်သည့် စွပ်စွဲမှုများ ကျယ်ကျယ် ပြန့်ပြန့်ပေါ်ပေါက်လာခဲ့သဖြင့် ထပ်မံကြန့်ကြာခဲ့ရပြန်သည်။

အဆိုပါပြဿနာအားဖြေရှင်းပြီးမှ ကွန်ဂရက်ကိုကျင်းပရန်၊ ကွန်ဂရက်ပြီးမှ ပြဿနာအား ဖြေရှင်းရန် စသည့် သဘောထားကွဲလွဲမှုများ ကေအဲန်ယူအဖွဲ့အစည်းကြားပေါ်ပေါက်လာခဲ့သဖြင့် အချိန်နှစ်လနီးပါး ကြာ အကြေအလည်ဆွေးနွေးခဲ့ကြရသည်။ ထို့ကြောင့်လည်း ဧပြီလ ၂၂ ရက်ရောက်မှ ကွန်ဂရက်နောက် ဆုံးအဆင့်အစည်းအဝေးကို ကျင်းပနိုင်ခဲ့သည်။

မူတြော်ခရိုင်၊ တပ်မဟာ ၅ နှင့် တောင်ငူခရိုင်၊ တပ်မဟာ၂ ကိုယ်စားလှယ်များက ကွန်ဂရက်ကို မတက်ရောက်ခဲ့ကြသည်အထိ၊ မဲမပေးခဲ့ကြသည်အထိဖြစ်ခဲ့ပြီး ကရင်လူထုများကြားတွင်လည်း ကေအဲန်ယူအဖွဲ့အစည်း အကွဲကွဲအပြားပြားဖြစ်လာမည့်အပေါ် စိုးရိမ်မှုမြင့်မားခဲ့သည်။

ကိုယ်တိုင်ဖန်တီးယူရမည့်ကံကြမ္မာအတွက် ကရင်လူထုကို ကိုယ်စားပြုသည့် ကေအဲန်ယူတာဝန်ရှိသူများ က မည်သည့်လမ်းကို ရွေးချယ်ခဲ့ကြသည်ဆိုသော မေးခွန်းများကြားတွင် ၁၇ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

၄ နှစ်တာသက်တမ်းအတွက် တာဝန်ယူသွားရမည့်ခေါင်းဆောင်များက ကရင်လူထုအပါအဝင် အများ ပြည်သူသိရှိအောင် “ကွန်ဂရက်အပြီး ရက် ၁၀၀ အတွင်းဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဥ်များ”နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အများပြည်သူသိရှိစေရန် ရှင်းလင်းခဲ့သည်။

ဝေဖန်ပြောဆိုနေမှုအမျိုးမျိုးကြားက ရှေ့လုပ်ငန်းစဥ်များအတွက် ပွင့်လင်းစွာဖော်ထုတ်ပြောဆိုလာသည့် ကေအဲန်ယူ၏လုပ်ရပ်အပေါ် ကြိုဆိုကြောင်းနှင့် လက်ရှိနွေဦးတော်လှန်ရေး အခင်းအကျင်းအရ တိုင်းရင်း သားများအနေဖြင့် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရင်ဆုံးရောက်အောင်ဦးစားပေးဆောင်ရွက်သင့် ကြောင်း ကရင်အရေးနှင့်မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စောအဲဘတ်ချို က သုံးသပ်သည်။

” လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးတွေကလည်း ကိုယ်ဟာကိုယ် အရင်ဆုံးရပ်တည်ပြီးတော့မှ ကိုယ့် အုပ်ချုပ်ရေးကို ခိုင်ခိုင်မာမာ လုပ်မယ်ဆိုရင် ခရီးအပေါက်ပိုပြီးတော့ မြန်မယ်။ ပိုပြီးတော့ မှန်မယ် လို့ သုံးသပ်ပါတယ် “ဟု ၎င်းကပြောသည်။

 

လူအများစုက အာရုံစိုက်နေသည့် ကရင့်တော်လှန်ရေး

************************************************************************

ဒေသတွင်းလုံခြုံရေးဆောင်ရွက်နေသော KNLA တပ်ဖွဲ့ဝင်များ 

ကရင်တော်လှန်ရေးအင်အားစုများသည် ကရင်လူထုကသာမက ပြည်မ၊ တောင်တန်းမကျန် ပြည်သူအများ၏ လေ့လာ စောင့်ကြည့်မှုကို အခြားတော်လှန်ရေးအင်အားစုများထက် ကြုံတွေ့ခဲ့ရပြီး မကြာခဏဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ကြသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ရှစ်လေးလုံးလူထုလှုပ်ရှားမှု  စသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြီး များအပါအဝင် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဥ်တိုင်းတွင် ကရင်တော်လှန်ရေးအင်အားစုများက အများဆုံးပါဝင်ပတ်သက်ခဲ့ကြသည် ။  ထိုသို့ပါဝင်ပတ်သက်ခဲ့ရမှုတိုင်းတွင် ကရင်ဒေသခံ ပြည်သူများသည် ထိခိုက်နစ်နာ ဆုံးရှုံးမှုများစွာနှင့် ကြုံခဲ့ကြရသည် ။

လက်ရှိနွေဦးတော်လှန်ရေးကာလတွင်လည်း ထိန်းသိမ်းရခက်ခဲပြီး အကဲဆတ်သည့် လက်နက်ကိုင်ကိစ္စ မျိုးမှာပင်  လူငယ်အများအပြားကို သင်တန်းများပေးခဲ့ရုံသာမက ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA လက်အောက်တွင် တိုက်ပွဲဝင်နေသည့် PDF များ ထောင်ချီရှိနေသည်။

ထို့ပြင် နိုင်ငံရေးအရ၊ လုံခြုံရေးအရ လာရောက်ခိုလှုံလာသူများနှင့် နယ်စပ်ဖြတ်ကျော်လိုသူများကိုလည်း အကူအညီများပေးခဲ့ရာ လူဦးရေ ၁၀၀၀၀ ကျော်အထိရှိနေပြီး လက်ရှိအချိန်ထိလည်း ထိန်းသိမ်း စောင့်ရှောင့်ထားရသူ ၈၀၀၀ ဝန်းကျင်ထိရှိနေသေးသည်ဟု ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောသည်။

အရေးကြီးသည့် လက်နက်ကိုင်တော်လှန်ရေးတွင် ဦးဆောင်ဦးရွက်ပြုနေပြီး တိုက်ပွဲများဖော်ဆောင်နေမှု ၊ နိုင်ငံရေးအရ၊ လုံခြုံရေးအရ ပါဝင်ပတ်သက်ကူညီပေးနေမှု အစရှိသည့် အရေးကိစ္စများစွာကို ဆောင်ရွက်ပေးနေသော်လည်း ကေအဲန်ယူသည် ဝေဖန်မှုများနှင့် မကြာခဏဆိုသလို ကြုံနေရသည်။

အာဏာသိမ်းကာလ ၂ နှစ်ခွဲကျော်အတွင်း တိုက်ပွဲမဖြစ်ပွားသည့် ကေအဲန်ယူတပ်မဟာ ၇ သည် ဝေဖန် တိုက်ခိုက်မှုနှင့်အများဆုံးကြုံနေရသည်။ KNU လူကြီးများနှင့် KNLA လက်နက်ကိုင် အကြီးအကဲများ အပေါ် လူအများ၏ဝေဖန်ပြောဆိုမှုများသည် အပြုသဘော၊ အပျက်သဘောများပါ ယှဉ်တွဲပါဝင်နေသည်ကိုတွေ့ရသည်။

လက်ရှိဖြစ်ပွားနေသော  လက်ခတ်တောင် ကိစ္စအပေါ် မြန်မာပြည်သူအများစုက စိတ်ဝင်စားမှုမြင့်မားနေ သဖြင့် ထိုကိစ္စနှင့်နှိုင်းယှဥ်ပြောဆိုလျှင်ပို၍ သဘောပေါက်လွယ်လာပေလိမ့်မည်။

ထိုင်း-ကရင်နယ်စပ် မြဝတီမြို့၏ ခံစစ်သဖွယ်အရေးကြီးပြီး အနီးပတ်ဝန်းကျင်ဒေသများအတွက်လည်း စစ်ရေးအရအချက်အချာကျသည့် လက်ခတ်တောင်ကို ကေအဲန်ယူ တပ်မဟာ ၆ လက်အောက်ရှိ KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ၁၀ ရက်ကျော်ကြာ စစ်ဆင်ရေးဆင်နွှဲခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်တွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်။

သိမ်းဆည်းခံလိုက်ရသော လက်ခတ်တောင်ကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီက ဇူလိုင်လနောက်ဆုံး ပတ်အတွင်းမှာပင် ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး အင်အားအများအပြားဖြည့်တင်းကာ အကြိမ်ကြိမ်ထိုးစစ် ဆင်ခဲ့သည်။

စစ်ကောင်စီက မြေပြင်အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲပြီး တပြိုင်နက်တည်း စစ် ကြောင်းထိုးခဲ့သည်။ ထို့ပြင် တစ်ရက်တည်း  လေကြောင်း ပစ်ကူ ၆ ကြိမ်ပေးခဲ့ပြီး လက်နက်ကြီးအချက်ရေ ရာချီအသုံးပြုကာ နည်းမျိုးစုံဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်များ တောင်ခြေကိုပင် မကပ်နိုင်ခဲ့သည်ဟု နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည်။

တစ်လနီးပါးအကြာ အကြိမ်ကြိမ်စစ်ကြောင်းထိုးမှုအတွင်း ထိခိုက်ကျဆုံးများစွာဖြင့် တပ်များပြန်ပြန် ဆုတ်နေခဲ့ရသည့်အတွက် စစ်ကောင်စီသည် လက်ခတ်တောင်ကို သာသနာ့နယ်မြေဟု ကျယ်ကျယ်ပြန့် ပြန့်ဝါဒဖြန့်၍ တော်လှန်ရေးတပ်များ အထိုင်ချတပ်မစွဲနိုင်ရန် ကြိုးစားခဲ့ပြန်သည်။

ထိုသို့သောဝါဒဖြန့်မှုများနှင့်အတူ တိုက်ပွဲများရက်ပိုင်းမျှခဏငြိမ်နေသည့်ကာလအတွင်း ကော်ဘရာ စစ်ကြောင်းအပါအဝင် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများအပေါ် ဝေဖန်တိုက်ခိုက်မှုတချို့ ထွက် ပေါ်လာခဲ့သည်။

ထွက်ပေါ်လာခဲ့သောဝေဖန်မှုများတွင် ပြည်သူများထံကအလှူခံပြီး တိုက်ပွဲဖော်ဆောင်ကာ လုပ်စားနေ ကြသည်ဟူသော တော်လှန်ရေးအင်အားစုများ၏ ဝေဖန်မှုများလည်းပါဝင်သည်။

ထိုအပြင် လက်ခတ်တောင်ပြန်ရဖို့ ထိုင်းဘတ်ငွေသန်း ၃၀ ( ကျပ် သိန်းပေါင်း ၃၀၀၀၀ ကျော်)  ပေး၍ စျေးညှိနေကြောင်း၊ စျေးမတည့်သေး၍ အဆိုပါ တောင်ပေါ်တွင် တော်လှန်ရေးအင်အားစုများရှိနေသေး တာဖြစ်ကြောင်း  ဝေဖန်ပြောဆိုမှုများထွက်ပေါ်ခဲ့သည်။

တော်လှန်ရေးအသိုင်းအဝိုင်းများကြား၌သော်လည်းကောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း ကောင်း အမျိုးမျိုးပြောဆိုဝေဖန်နေမှုများနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် အတွေးများမဝေဝါးစေ ချင်ကြောင်း အဆိုပါတိုက်ပွဲတွင် ဦးဆောင်ပါဝင်နေသည့် ကော်ဘရာစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ဗိုလ်တာဘော က ပြောသည်။

” ပဋိပက္ခတွေဖြစ်အောင် ၊ ယုံကြည်မှုတွေပျက်ပြားအောင် ၊ အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း နားလည်မှုလွဲအောင် ပြောဆိုနေတဲ့ တချို့သောထောက်ပို့တွေရှိတယ်နော်။ အဲလိုမျိုးကိစ္စတွေမှာ ပြည်သူတွေနားမယောင်ဖို့နဲ့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးကြိုးစားပြီး အာဏာရှင်ပြုတ်ကျရေးကို တစိုက်မတ်မတ်ဦးတည်သွားနေတယ်ဆိုတာ ပြောချင်ပါတယ် ” ဟု ၎င်းကပြောသည် ။

လက်ခတ်တောင်အရေးကိစ္စနှင့်ပတ်သက်၍ ထိုသို့ဝေဖန်ပြောဆိုမှုများရှိနေချိန်၌ပင် တော်လှန်ရေးပူး ပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင်လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ယခုစက်တင်ဘာ ၃ ရက်၊ ညပိုင်းတွင် လက်ခတ်တောင်ပေါ်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များက မြဝတီမြို့၊ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အဦီကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်းမှူးအဆင့်ရှိ ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံး၍ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။

ဝေဖန်ပြောဆိုမှုများကို ကရင်တော်လှန်ရေးအင်အားစုများက လက်တွေ့ဆောင်ရွက်ချက်များဖြင့် သက် သေပြလေ့ရှိသည်ဟု ဒေသခံများကို ပြောဆိုမှုများရှိသည်။ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ တိုက်ပွဲပေါင်း ၂၄၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၃၂ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူကထုတ်ပြန်ထားသည်။

 

နှစ်ပေါင်း ၇၀ ကျော်ကြာ ကရင့်တော်လှန်ရေး

*************************************************************

ငြိမ်းချမ်းရေးမြို့တော်အဖြစ် ကျောက်စာရေးထိုးခဲ့သည့် KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်မြို့

ရက်ပေါင်း ၁၁၁ ရက်တိုင်တိုင် ၊ နေ့နေ့ညည တိုက်ပွဲများပြင်းထန်ခဲ့သည့် ရန်ကုန်မြို့ အင်းစိန်တိုက်ပွဲ ကအစပြုခဲ့သည့် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်သည် ကရင့်တော်လှန်ရေးနေ့ဖြစ်သည်။ ကရင့်တော် လှန်ရေးစတင်ခဲ့သည်မှာ နှစ်ပေါင်း ၇၄ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် ကရင်လူမျိုးများ၏ သီးခြားကရင်ပြည်နယ်ရရှိရေးတောင်းဆိုခဲ့မှုသည် အင်္ဂလိပ်ကိုလိုနီ လက် ထက်ကတည်းကပင်ဖြစ်သည်။

ကရင်လူမျိုးများသည် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာအဓိသာလုပ်ကိုင်ပြီး ရိုးရိုး ရှင်းရှင်းဖြင့် ဘဝကိုဖြတ်သန်းခဲ့ကြသည်။ ရှေးခေတ် ကရင်တိုင်းရင်းသားများ ၏ လူနေထိုင်မှု ဓလေ့ စရိုက်များကြောင့် မြန်မာပဒေသရာဇ်ခေတ် သမိုင်းအထောက်အထားတွင် ကရင်များ၏ ကြီးကျယ်ခမ်း နားမှုများကို မတွေ့ရှိခဲ့ရပေ။

ဗမာဘုရင်၊ မွန်ဘုရင်များလက်ထက်တွင် အလုပ်အကျွေးပြုသူများ အဖြစ်သာ ရုန်းကန်ခဲ့ရသည့် ကရင်လူမျိုးများသည် အရင်း ရှင်စနစ် ခေတ်  နယ်ချဲ့ကိုလိုနီလက်ထက်တွင်လည်း အင်္ဂလိပ်တို့ကို အကျိုးခံစားခွင့်မရပဲ အမှုထမ်းခြင်းများ ပြုခဲ့ရပြန်သည် ။

သို့သော်ကရင်များ၏ ကြိုးစားမှု ၊ ရိုးသားမှုတို့နှင့်အတူ ကိုလိုနီအင်္ဂလိပ်တို့၏ ချီးမြှင့်မြှောက်စားမှု၊ အခွင့် အရေးဖန်တီးပေးမှု  အလေ့အထများကြောင့် ကရင်များ ပညာတတ်လာခဲ့ကြသူများဖြစ်သည်ဟု စာပေအချို့တွင် ရေးသားဖော်ပြထားသည်။

ဆရာဝန်များ၊ ကျောင်းဆရာများကဲ့သို့ ခေတ်ပညာတတ်များစွာပေါ်ပေါက်လာသည်နှင့်အမျှ ကရင်များ၏ နိုင်ငံရေးအသိအမြင်၊ ဗဟုသုတများ တိုးတက်ပြောင်းလဲလာခဲ့သည်။

ထို့ကြောင့် ကရင်အမျိုးသားများ၏ ပထမဦးဆုံး အမျိုးသားရေးအဖွဲ့အစည်း “ဒေါကလူ “ကို ၁၈၈၁ ခုနှစ် တွင် ဒေါက်တာ တီးသံပြာ က စတင်ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။

ထိုမှတဆင့် ၁၉၄၃ ခုနှစ်တွင် ဒေါကလူ မှ ခေါင်းဆောင်များက Karen Central Advisory Board (K.C.A.B) ဖွဲ့စည်းခဲ့ပြီး ၁၉၄၅ ခုနှစ်၌ (K.C.O)Karen Central Organization ဟူ၍ အသွင်ပြောင်းလိုက် သည်။

ထိုအဖွဲ့တွင် စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီး တို့ပါဝင်သည်။ ၁၉၄၆ ခုနှစ်တွင် K.C.O ၏ စောဘဦးကြီး၊ စောသာဒင်၊ မစ္စတာ ဆစ်ဒနီလူနီနှင့် စောဖိုးချစ် တို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် သီးခြားကရင်ပြည်နယ်ရရှိရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးခဲ့ကြသည်။

သို့သော် ကရင်ကိုယ်စားလှယ်အဖွဲ့၏တောင်းဆိုမှုကို အလေးမထားခဲ့ကြသည့်အတွက် ကရင်ခေါင်း ဆောင်များသည် သီးခြားကရင်ပြည်နယ်ရရှိရေးအတွက် ထပ်တိုးလှုပ်ရှားမှုများ ဆောက်ရွက်ခဲ့ကြသည်။

KNA ခေါ် ဒေါကလူ ကရင်အမျိုးသားအစည်းအရုံး၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO)တို့ပေါင်း၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU (Karen Nation Union) ကို ဖွဲ့စည်းခဲ့သည်။

ထိုအချိန်ကစ၍ ကရင်များလိုလားတောင့်တနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူရည်တူ အခွင့် အရေးရရှိရေးတို့အတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

 

တော်လှန်ရေးထဲက သမိုင်းသင်ခန်းစာများစွာ

*******************************************************

လေးကေ့ကော်ဒေသတိုက်ပွဲများကြောင့် သောင်ရင်းမြစ်အနီးတွင် စစ်ရှောင်နေရသော ပြည်သူများ(၂၀၂၁)

ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်စစ်တပ်တွင် အရာရှိ၊ စစ်သည်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်များသည် လက်နက်ကိုင်အတွေ့အကြုံရင့်ကျက်သူများပီပီ ခေတ်အဆက်ဆက်လက်နက်ကိုင် တိုက်ပွဲများတွင် အောင်မြင်မှုအလီလီရရှိခဲ့သည်။

ဂျပန်ခေတ်၌ ၆ လကြာမြင့်ခဲ့သည့် ကရင်-ဗမာ အရေးအခင်းတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA တပ်များကို အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့ကြသည်။

ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်တွင်စတင်ခဲ့သည့် တော်လှန်ရေးတိုက်ပွဲအတွင်း၌လည်း ကရင်တပ်များ မြို့ကြီး၊ မြို့ငယ်ပေါင်း ၆၀ ခန့်အထိ သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် ထိန်းချုပ်နယ်မြေများကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ဘဲ ၁၉၅၀ ခုနှစ်နောက်ပိုင်းတွင် စိုးမိုးနယ်မြေများကို ကရင့်တပ်များ လက်လွှတ်ဆုံးရှုံးခဲ့ကြရသည်။

ကရင်တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား သဘောထားကွဲလွဲမှုများက ကရင့်လက်နက်ကိုင်တော် လှန်ရေးကို အင်အားနည်းစေခဲ့ခြင်းဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ကရင်တပ်များ  ပဲခူးရိုးမအတွင်းက အလုံး အရင်းဖြင့် ဆုတ်ခွာခဲ့ကြရသည် ။

 

” ကရင်တွေစုစည်းနေရင် ဘယ်သူမှတိုက်လို့မရဘူး။ ကရင်တွေကွဲရင်တိုက်လို့ရတယ်။ မြစ်ဝကျွန်းပေါ် ၊ ပဲခူးရိုးမပြုတ်ရတာ ကရင်ကွဲလို့။ အရှေ့တိုင်းကကောင်တွေက အနောက်ပိုင်းကကောင်တွေကို ဓာတ်ခဲ တောင် မရောင်းပေးနဲ့ဆိုပြီးပိတ်တာ။ စက်လက်နက်ပစ္စည်းဆိုတာ အရှေ့တိုင်းမှာ လာဝယ်ရတာ။ လာ ဝယ်ဖို့ကို ပိတ်ထားတယ်။ အဲဒါကို ရန်သူက အကွက်ကောင်းယူပြီး တစ်ကွက်ချင်းချတာ”ဟု  ပဒိုစောသမိန်ထွန်း ကပြောသည်။ 

 

ကရင့်လက်နက်ကိုင်တော်လှန်ရေး အစပိုင်းကတည်းက အဖွဲ့အစည်းအချင်းချင်းကြား  စည်းလုံးမှုအား နည်းခဲ့ကြပြီး ၁၉၉၅ ခုနှစ်တွင်လည်း အဖွဲ့အစည်းချင်းကြားကွဲပြားမှုကြောင့် ကေအဲန်ယူဌာန ချုပ်  မာနယ်ပလော ကျဆုံးခဲ့ရသည်အထိ နစ်နာမှုကြီးမားခဲ့ရသည်။

မာနယ်ပလောကျဆုံးပြီးနောက်ပိုင်း ကရင်တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်အချို့မှာ ထိုင်းနိုင်ငံဘက် သို့ ပြောင်းရွှေ့ခဲ့ရသည်အထိ အခြေအနေကြုံတွေ့ခဲ့ရသည်။

သို့သော် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ကရင်ပြည်သူများ လူမျိုးနှင့်ချီပြီးတောင့်ခံနေခဲ့နိုင်မှု အခြေ အနေများကြောင့် လက်ရှိတွင် ကေအဲန်ယူအဖွဲ့အစည်းသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း များတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဂုဏ်သိက္ခာရှိအဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်နေသည်မှာ သာဓကပင်ဖြစ်သည်။

ပြည်ပရောက်နေသည့် ကရင်လူငယ်အဖွဲ့များစုပေါင်းပြီး ကရင့်တော်လှန်ရေးအဖွဲ့အစည်းများဆီ ပုံမှန် ထောက်ပံ့နေသည်ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ကနေ မကာအိုနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေ သည့် ပိုးကရင်လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

” မြေပြန့်ကသူတွေထက် တောင်ပေါ်ဒေသကကရင်တွေဟာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖိနှိပ်မှုကို ပို ပြီးခံခဲ့ကြရတယ်။ အခုချိန်ထိလည်း ငြိမ်းချမ်းမှုကိုမရရှိဘဲ အိုးအိမ်တွေကိုစွန့်ပြီး ပြေးလွှားနေကြရတယ်။ စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကြားမှာ မြေပြန့်က ကရင်တွေကလည်း စာပေ၊ ယဥ်ကျေးမှုတွေနဲ့ အခွင့် အရေးတွေ အားလုံးဆုံးရှုံးနေကြရတယ်။ ဒါတွေအားလုံးက ကရင့်တော်လှန်ရေး အောင်မှရမှာဖြစ်လို့ တတ်နိုင်သလောက် ကူညီပံ့ပိုးဖြစ်နေပါတယ် ” ဟု ၎င်းကပြောသည်။

ကရင့်တော်လှန်ရေးနှင့်အတူ နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်ဘေးဒဏ်ကို ခံနေခဲ့ကြရသည့် ကရင်ပြည်သူ များသည် လက်ရှိနွေဦးတော်လှန်ရေးကာလတွင်လည်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းက ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် ၆ သိန်းကျော်အထိရှိနေသည်။

စစ်ဘေးရှောင်များ အရေးပေါ်အကူအညီများရရှိရေးနှင့် ကော်သူလေး အုပ်ချုပ်နယ်မြေ ခရိုင် ၇ ခုအတွင်း က ကေအဲန်ယူ တပ်မဟာ ၇ ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင်လူမျိုးများအပါအဝင် အခြားတိုင်းရင်း သားများ အခွင့်အရေးများတန်းတူရရှိရေးအတွက် ကေအဲန်ယူ ကွန်ဂရက်က ရှေ့လုပ်ငန်းစဥ်များချမှတ် ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟုဆိုသည်။

တဆက်တည်း လက်နက်ကိုင်တော်လှန်ရေးနှင့်အတူ နိုင်ငံရေး၊ သံတမန်ရေးတို့ကို မဟာဗျူဟာများ ရေးဆွဲချမှတ်ထားပြီး ဟန်ချက်ညီညီဆောင်ရွက်နေသည်ဟု ကေအဲန်ယူတာဝန်ရှိသူများက ပြောဆိုထား သည်။

ကရင်များ ဘယ်လို ကံကြမ္မာမျိုး ဖန်တီးချင်သလဲ ဆိုသည့် မေးခွန်းအတွက်မှု ကရင့်ခေါင်းဆောင်များ၊ ကရင်လူထုများ၏ ခံယူချက်၊ လုပ်ဆောင်ချက်များနှင့်သာ များစွာသက်ဆိုင်နေမည်ဖြစ်သည်။

၂၀၀၄ ခုနှစ်ကတည်းက KNLA တပ်ဖွဲ့ဝင်အဖြစ်ရှိနေခဲ့ပြီး လက်ရှိတွင် ကော်ဘရာစစ်ကြောင်း၏ စစ် ကြောင်းမှူးအဖြစ်ဆောင်ရွက်နေသည့် စောကော်က မြေပြင်တိုက်ပွဲများသည် အာဏာသိမ်းအစပိုင်း ကာလများနှင့်ယှဥ်လျှင် ပို၍လွယ်ကူပြီးအောင်မြင်မှုများ ပိုမိုရရှိလာနေခြင်းကြောင့် ကရင့်တော်လှန်ရေး မုချအောင်မြင်မည့်အပေါ် ၁၀၀ ရာခိုင်နှုန်းယုံကြည်သည်ဟု အခိုင်အမာပြောဆိုထားသည်။

 

 

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleနိုင်ငံပိုင်ဘဏ်နှစ်ခုဆန်ရှင်ထိခြင်း၊ ၂ သောင်းတန်ဂယက်နှင့် ဆင်းရဲတွင်းပိုနက်လာသည့် ပြည်သူများ
Next Article နမ့်ဖတ်ကာမှာ စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.