• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»နေ့စဉ်သတင်း»စီးပွားရေးသတင်း»နိုင်ငံပိုင်ဘဏ်နှစ်ခုဆန်ရှင်ထိခြင်း၊ ၂ သောင်းတန်ဂယက်နှင့် ဆင်းရဲတွင်းပိုနက်လာသည့် ပြည်သူများ
စီးပွားရေးသတင်း

နိုင်ငံပိုင်ဘဏ်နှစ်ခုဆန်ရှင်ထိခြင်း၊ ၂ သောင်းတန်ဂယက်နှင့် ဆင်းရဲတွင်းပိုနက်လာသည့် ပြည်သူများ

thanlwinkhetBy thanlwinkhetSeptember 6, 2023No Comments5 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
၂၀၀၀၀ တန်ငွေစက္ကူကို မျက်နှာဘက် ၊ ကျောဘက် ပုံစံဖြင့်မြင်တွေ့ရစဉ် ( ဓာတ်ပုံ - MWD )
Share
Facebook Twitter LinkedIn Pinterest Email

Loading

နန်းမိုးဆွေ

စက်တင်ဘာ ၆၊ ၂၀၂၃။

 

ယခုတလော ရန်ကုန်မြို့ကအိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်(အမည်လွှဲ)တစ်ယောက် နံနက်ခင်းဈေး သွားလျှင် ကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်နေသည်ကို သတိထားမိသည်။

မြန်မာလူမျိုးများ၏ အခြေခံအစားအစာဟုဆိုနိုင်သော ဆန်ကစပြီး ဆီ၊ ဆား၊ ဟင်းချိုမှုန့် နှင့် ဟင်းသီးဟင်းရွက်သာမက သားဈေး၊ ငါးဈေးများ တဖြည်းဖြည်းမြင့်တက်လာပြီး ယခင်ကထက် အိမ်သုံး စရိတ်က နှစ်ဆတက်လာသည်။

 

“ဘာဝယ်ဝယ် စျေးတွေကတက်နေတာပါ။ ဆန်စျေးဆိုလည်း တစ်ပြည်ကို ၇၀၀၀ ဖြစ်နေပြီ။ ဆီဆိုလည်း တစ်ခါဝယ် တစ်စျေးဖြစ်နေတာပါ။ စျေးကျတာမဟုတ်ဘဲ စျေးကထိုးတက်နေတာပါ။ အသား၊ ငါးလည်း အတူတူပါပဲ။ စျေးတက်ပြီး ပြန်ကိုမကျတော့တာပါ”ဟု ဒေါ်ခင်ခင်က စိတ်မသက်မသာဖြင့် ပြောသည်။

 

ထို့အတွက်ကြောင့် မိသားစုဝင် ၆ ဦးရှိသော ဒေါ်ခင်ခင်သည် အသုံးစရိတ်ကို အထူးချွေတာရတော့သည်။ မလိုအပ်ဘဲမသုံးမိအောင်သတိထားပြီး ငွေယိုပေါက်မရှိအောင်လည်း ပို၍ဂရုစိုက်ရသည်ဟု ၎င်းကဆို သည်။

 

ကုန်ဈေးနှုန်းတက်သည့်ဒဏ်ကိုခံနေရသည်မှာ ရန်ကုန်သူ ဒေါ်ခင်ခင် တစ်ဦးတည်းသာမဟုတ်။ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်က စားသောက်ကုန်ရောင်းချသူ ဒေါ်ညို(အမည်လွှဲ) ကလည်း ထိုသို့ပင် ဆိုသည်။ ယခင်က ကျပ် ၁၅၀၀ ပေးဝယ်ရသော ဆန်တစ်ပြည်လျှင် ကျပ် ၄၀၀၀ အထိ ခုန်တက် သွားပြီဖြစ်သည်။

 

“ကုန်စျေးနူန်းတွေက အခြေခံလူတန်းစားတွေအတွက် အိပ်မက်ဆိုးပဲ။ ဝင်ငွေတွေကသာ တိုးမလာတာ။ သုံးရတဲ့ငွေတွေက အရင်ကထက် အဆအများကြီးတက်လာတာ”ဟု ဒေါ်ညိုက ပြောသည်။

 

တဟုန်ထိုးတက်လာသည့်ကုန်ဈေးနှုန်းကို မည်သည့်အချိန်တွင် စတင်သတိထားမိသည်ကို အတိအကျ မပြောနိုင်သော်လည်း လွန်ခဲ့သော လအနည်းငယ်ခန့်ကစ၍ ကုန်ဈေးနှုန်းတက်လာသည်ဟု ၎င်းတို့ ၂ ဦး စလုံးက ဆိုသည်။

 

အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာခြင်းက ငွေကြေးဖောင်းပွမှု၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး အာဏာ သိမ်းစစ်ကောင်စီ၏ ညံ့ဖျင်းသော စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဩဂုတ်လအတွင်းက အမေရိကန်နိုင်ငံ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ၏ မရည်ရွယ်သောအကျိုးဆက်များကြောင့် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

 

နိုင်ငံပိုင်ဘဏ်၂ ခုကို အမေရိကန်နိုင်ငံက ဆန်ရှင်ချပြီးနောက် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာက ယခင်ကထက် ပို၍ရှားပါးလာသည်။ တဆက်တည်းတွင် စစ်ကောင်စီက မာရဝိဇယ ဘုရား တည်ထားပြီးသည့်အထိမ်းအမှတ်အဖြစ်ဟုဆိုကာ ဩဂုတ်လဆန်းတွင် ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ် များရိုက်ထုတ်မည်ဟု ကြေညာခဲ့သည်။ အဆိုပါဂယက်များကြောင့် မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်း ကျဆင်းခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နိုင်ရန် နိုင်ငံခြားဝင်ငွေရှာဖွေရာတွင်အဓိကကျသည်ဟုဆိုကာ အမေရိကန်အစိုးရက နိုင်ငံပိုင် ဘဏ် ၂ ခုဖြစ်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်တို့ကို ဇွန်လ၂၁ ရက်တွင်  စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ လိုက်သည်။

 

အဆိုပါဘဏ်၂ ခုကို အရေးယူပိတ်ဆို့ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေရလမ်းတစ်ခုဖြစ်သော စွမ်းအင်ကဏ္ဍအပေါ်လည်း သက်ရောက်မှုရှိလိမ့်မည်ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ အထူးသဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း- MOGE သည် နိုင်ငံ တကာဈေးကွက်ရှိ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် ငွေလွှဲပြောင်းမှုကိစ္စရပ်များတွင် အဆိုပါ နိုင်ငံပိုင်ဘဏ်၂ ခုမှတဆင့် လုပ်ကိုင်ဆောင်ရွက်သဖြင့် ယင်းအရေးယူပိတ်ဆို့မှုက MOGE ကို ဦးတည် သကဲ့သို့ဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုသည်။

 

စစ်တပ်ကို နိုင်ငံခြားငွေ အဓိကရှာဖွေပေးနေ သည့် လုပ်ငန်းတစ်ခုဖြစ်သော MOGE ကို အဖွဲ့အစည်း တစ် ခုလုံးအလိုက် အရေးယူပိတ်ဆို့ရန် အမေရိကန်အစိုးရကို တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းများက တောင်းဆိုခဲ့သည်မှာ အာဏာသိမ်းစဉ်ကတည်းက ဖြစ်သည်။ သို့သော် အမေရိကန် အစိုးရက MOGE ကို ပိတ်ဆို့ခြင်းမပြုသေးဘဲ MFTB နှင့် MCIB ဘဏ်များကိုပိတ်ဆို့ခြင်းဖြင့် အဆိုပါ တောင်းဆိုမှုများနှင့်ပတ်သက်ပြီး ခေတ္တချွေးသိပ်ထားရန်ရည်ရွယ်ပုံရသည်ဟု လေ့လာသူများကဆို သည်။

 

အရေးယူပိတ်ဆို့မှုက စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ပေး၊ အရေးယူရန် ဖြစ်သော် လည်း နိုင်ငံပိုင်ဘဏ်များနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအကြား ဆက်နွှယ်မှုကြောင့် စီးပွားရေး ပိတ်ဆို့မှုဒဏ်၏ အကျိုးဆက်ကို ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်သူအများကပါ ခံစားကြရသည်။

 

အဆိုပါဘဏ်၂ ခုကိုပိတ်ဆို့ခံရခြင်းက အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိရေး၊ အထူး သဖြင့် အမေရိကန်ဒေါ်လာအလုံအလောက်ရရှိရေးအတွက် အကြပ်ရိုက်စရာဖြစ်လာခဲ့သည်။ ဘဏ်၂ ခုကို ပိတ်ဆို့ကြောင်းကြေညာပြီး နောက်တစ်ရက်၊ ဇွန်လ၂၂ ရက်တွင် ဗဟိုဘဏ်က ငွေလဲနှုန်းလုပ်ကိုင်ခွင့်ရ ပြည်တွင်းဘဏ်များ၊ ငွေလဲကောင်တာလုပ်ငန်းရှင်များနှင့် အစည်းအဝေးတစ်ရပ်ကျင်းပပြီး အွန်လိုင်းက တဆင့် ဒေါ်လာရောင်းလိုသူနှင့် ဝယ်လိုသူများအကြား တိုက်ရိုက်ဝယ်ရောင်းနိုင်မည့် အစီအစဉ်တစ်ခု စတင်ခဲ့သည်။

 

အဆိုပါ အွန်လိုင်းဝယ်ရောင်းအစီအစဉ်တွင် ပို့ကုန်တင်ပို့သူများ၊ သွင်းကုန်တင်သွင်းသူများနှင့် ပြည်တွင်း ဘဏ်များပါဝင်ပြီး ပြင်ပဒေါ်လာဈေးကစားသူများ၏ ပယောဂကြောင့် ဒေါ်လာဈေးမြင့်တက်မှုကို ကာကွယ်ရန်ရည်ရွယ်ကြောင်း ဗဟိုဘဏ်၏ ဩဂုတ်လ ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ထိုရက် မတိုင်မီက ဗဟိုဘဏ်၏ဒေါ်လာလဲလှယ်နှုန်းမှာ ၁ ဒေါ်လာလျှင် ကျပ်ငွေ ၂၁၀၀ သာရှိပြီး ပြင်ပငွေလဲဈေးကွက်တွင်မူ ၂၈၀၀ ကျပ်ခန့်ရှိခဲ့သည်။ သို့သော် ဘဏ်၂ ခု ဆန်ရှင်ပိတ်ခံရပြီး နောက်တစ် နေ့တွင် ၎င်းစီစဉ်ပေးသည့် Online Trading တွင် ပါဝင်သူများကို ၁ ဒေါ်လာလျှင် ၂၉၀၀ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်စေခဲ့ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန် သည်။

 

ထို့ပြင် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်အောင် ကောလာဟလသတင်းထုတ်လွှင့်၍ ဈေးကစားသည် ဟုဆိုကာ တစ်ပတ်အတွင်း ရန်ကုန်မြို့ရှိ ငွေလဲကောင်တာအချို့အပါအဝင် ဒေါ်လာဝယ်ရောင်းသူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထို့ပြင် အဆိုပါအကြောင်းပြချက်ဖြင့်ပင် လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီ၃ ခုကို ဖမ်းဆီးအရေးယူ ခဲ့ကြောင်းလည်း ဗဟိုဘဏ်က ဇွန်လ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။​ ဇူလိုင်လ ၁၂ ရက်နှင့် ဩဂုတ်လ ၁၄ ရက်အတွင်း ငွေလဲကောင်တာ၂၃ ခုကိုလည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် လိုင်စင်ရုတ်သိမ်းခဲ့သည်။ ယင်းသို့ ဖမ်းဆီးမှုများ၊ စစ်ဆေးမေးမြန်းမှုများ မှာ ပြင်ပဈေးကွက်တွင်မြင့်တက်နေသော ဒေါ်လာဈေးကျဆင်းသွားရန် ရည်ရွယ်သော်လည်း ပြင်ပပေါက် ဈေးမှာ ကျဆင်းသွားခြင်းမရှိခဲ့ပေ။

 

၂၀၂၃ နှစ်ဆန်းပိုင်းကစ၍ ဇွန်လလယ်ခန့်အထိ ၁ ဒေါ်လာလျှင် ၂၈၀၀ နှင့် ၂၉၀၀ ကျပ် အကြားတွင်ရှိခဲ့ရာ က နိုင်ငံပိုင်ဘဏ် ၂ ခု ပိတ်ဆို့ခံရမှုအပြီး ဇူလိုင်လလယ်ခန့်မှစ၍ ကျပ် ၃၀၀၀ ကျော် ပြန်လည် မြင့်တက်လာသည်။ ဩဂုတ်လလယ်ခန့်တွင်မူ တစ်ဒေါ်လာလျှင် ၃၆၅၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဩဂုတ် လ ၁၈ ရက်တွင် ၃၉၅၀ကျပ်အထိ မြင့်တက်ခဲ့သည်။

 

စစ်ကောင်စီ၏အစီအစဉ်ဖြင့် အွန်လိုင်းကတဆင့် ဒေါ်လာအရောင်းအဝယ်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်း အချို့သာ ပါဝင်ခွင့်ရသဖြင့် အများစုက ပြင်ပဈေးကွက်ကတစ်ဆင့် လိုအပ်သောဒေါ်လာကို မိမိအစီအစဉ် ဖြင့် ရှာဖွေရသည်။

 

“ကျွန်မတို့ အပြင်မှာတကယ် အလုပ်လုပ်ရတာက လက်ရှိ ပြင်ပပေါက်စျေး ‌ဒေါ်လာ ၃၅၀၀၊ ၃၆၀၀ နဲ့ အလုပ်လုပ်နေရတယ်။ တလောကဆိုရင် ၃၉၀၀ ထိ တက်သွားတာရှိတယ်။ ဒေါ်လာလိုရင်တော့ အပြင်မှာပဲ လက်လွဲဝယ်ကြတာ များတယ်။ အစိုးရဘဏ်တွေနဲ့တော့ သွားမပတ်သက်ဘူး ပေါ့နော်”ဟု သွင်းကုန်လုပ်ငန်းရှင် မနန္ဒာ(အမည်လွှဲ) က ပြောသည်။

 

“ကြိုက်ရောင်းကြိုက်ဝယ်” ဟူသည့် စနစ်ဖြင့် ရောင်းချလိုသူက မိမိရောင်းလိုသည့်ဈေးနှင့် ပမာဏကို ဈေးခေါ်ပြီး ဝယ်ယူလိုသူက ကြိုက်မှယူရသည့်ပုံစံဖြင့် ပြင်ပဈေးကွက်တွင် ဒေါ်လာရှာဖွေရရာ ငွေလဲနှုန်းက တည်ငြိမ်မှုမရှိပေ။ ထိုအခါ ပြည်ပကတင်သွင်းသည့် ကုန်ပစ္စည်းများ၏တန်ဖိုးက အတက် ဘက်တွင်သာ ရှိနေသည်။

 

“ဘယ်လိုအခက်အခဲတွေဖြစ်လဲဆိုတော့ စျေးတက်ရင်တက်သလို တက်စျေးနဲ့ရောင်းနေရတယ်ပေ့ါနော်။ ဘယ်မှာသွားထိလဲဆိုတော့ အခြေခံလူတန်းစားတွေနဲ့ လုပ်ငန်းငယ်တွေ၊ လခစား လူတန်းစားတွေ သွား ထိတာပေ့ါ” ဟု အဆိုပါ သွင်းကုန်လုပ်ငန်းရှင်အမျိုးသမီးက ပြောသည်။

 

နိုင်ငံပိုင်ဘဏ် ၂ ခုအပါအဝင် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများကြောင့် ယင်းဘဏ်များကတဆင့် နိုင်ငံတကာနှင့်ဆက်ဆံနေရသောလုပ်ငန်းများ အထူးသဖြင့် သွင်းကုန်လုပ်ငန်းများ အထိနာသည်ဟု အမည်မဖော်လိုသူ စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

 

“ကျွဲကူးရေပါဆိုသလိုပါပဲ။ အကျိုးဆက်အနေနဲ့တော့ အောက်ခြေက ပြည်သူတွေကပဲ ကုန်ပစ္စည်းတွေကို ဈေးအများကြီးပေးပြီး စားသုံးနေရတယ်” ဟု ၎င်းက ဆိုသည်။

 

တိုင်းပြည်အတွင်း နိုင်ငံခြားအရံငွေဒေါ်လာလျော့နည်းလာခြင်းကြောင့် ပြည်ပသွင်းကုန်အပေါ် ကြီးစွာ မှီခိုနေရသည့် မြန်မာနိုင်ငံအတွင်း အခြေခံကုန်ဈေးနှုန်းက အာဏာသိမ်းစကထက်စာလျှင် ၃ ဆခန့် မြင့် တက်သွားသည်ဟု ၎င်းက ဆိုသည်။

 

ထိုအခြေအနေတွင် စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်မည့် အစီအစဉ်ကို လူသိရှင်ကြား ထုတ်ပြန် လာသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်တည်ထားသော မာရဝိဇယစေတီ ပြီး မြောက်ခြင်းနှင့် ဆင်ဖြူတော်ရဋ္ဌနန္ဒက၏ ၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဟုဆိုကာ ငွေကျပ် ၂၀,၀၀၀ တန်များ ရိုက်နှက်ထုတ်ဝေမည်ဟု စစ်ကောင်စီက ဇူလိုင်လနောက်ဆုံးပတ်တွင် ကြေညာခဲ့သည်။

 

ဘောဂဗေဒသီအိုရီအရ ငွေကြေးများများရိုက်ထုတ်လေ ငွေကြေးဖောင်းပွပြီး ငွေတန်ဖိုးကျဆင်းလေဖြစ် ရာ ဇူလိုင်လ ၂၃ ရက်တွင် ယင်းသို့ကြေညာပြီး ရက်အနည်းငယ်အတွင်း နဂိုကတည်ရှိခဲ့ပြီးသော ကျပ်ငွေ တန်ဖိုးကျဆင်းမှုက ပို၍သိသာလာသည်။ ငွေစက္ကူသစ်များသည် ငွေကြေးဖောင်းပွမှု မဖြစ်စေနိုင်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က အများပြည်သူသို့ ထုတ်ပြန်၍ အာမခံခဲ့သော်လည်း ထိုသို့ကြိုးပမ်းမှုက အရာ မထင်ခဲ့ပေ။

 

ငွေကျပ် ၂၀,၀၀၀တန်ဂယက်ကြောင့် မြင့်တက်လာသည့် အထွေထွေကုန်ကျစရိတ်ဒဏ်ကို အဆိုးရွားဆုံး ခံစားရသူများအနက် လှိုင်သာယာစက်မှုဇုန်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲရင့် လည်း ပါဝင်သည်။

 

“(သိပ်မကြာဘူး) အိမ်ရှင်ကလာပြောတယ်။ အဆောင်ငှားခ ၄၀,၀၀၀ ကနေ ၄၅,၀၀၀ ဖြစ်မယ်တဲ့။ ရေဖိုး ကလည်း တစ်လ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ခွဲ ဖြစ်မယ် ပြောတယ်။ ၁ လလုံး ကျွန်တော့်အသုံးစားရိတ်၊ အိမ်ကိုပြန်ပို့ရမှာနဲ့ဆိုတော့ ဒီလလည်း ဖုန်းမပြင်နိုင်တော့ လစာတောင် မထုတ်ချင်တော့ဘူး” ဟု ၁ လ လျှင် အချိန်ပိုကြေးအပါအဝင် လုပ်ခလစာ ကျပ် ၃,၀၀၀,၀၀ ခန့် ရရှိသည့် ကိုရဲရင့် က ၎င်း၏ အခက်အခဲ ကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ်သို့ ပြောသည်။

 

မကြာမီကာလအတွင်း လက်ရှိအခြေအနေက ပြောင်းလဲသွားနိုင်ဖွယ်မရှိရာ ပြည်သူများအတွက်မူ ကုန် ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခါးစည်းခံရုံမှအပ အခြားရွေးချယ်စရာ နည်းလမ်းမရှိပေ။ ဤဆောင်းပါး အတွက် မေးမြန်းမှုများအပေါ် ဖြေကြားသူများကမူ ကုန်ဈေးနှုန်းမြင့်တက်နေသည့်အတွက် ယခင် ကထက် အသုံးစရိတ်ကို ပိုမိုခြိုးခြံချွေတာရကြောင်း၊ နာမကျန်းဖြစ်လျှင် အပိုငွေကုန်သဖြင့် ကျန်းမာ အောင် နေထိုင်ရကြောင်း ဆိုသည်။

 

နိုင်ငံပိုင်ဘဏ် ၂ခုအပေါ် အမေရိကန်၏ပိတ်ဆို့မှုက ဆိုးကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း ဩဂုတ်လ ၂၂ ရက် ကပြုလုပ်ခဲ့သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီဝန်ကြီးအချို့က ဝန်ခံထား သည်။

 

“၎င်းတို့ကိုပိတ်ဆို့ခြင်းအားဖြင့် နိုင်ငံတော်အစိုးရ (မူရင်းအသုံးအနှုန်း) ရဲ့ နိုင်ငံတော်နဲ့ ပြည်သူများ အတွက် ဆောင်ရွက်ပေးလျက်ရှိတဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေး ကိစ္စရပ်များအပါအဝင် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို သက်ရောက်စေတဲ့အပြင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုရယူသူ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကိုလည်းပဲ ထိခိုက်စေပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

 

လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုမှာ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့်ဖြစ်သည်ဟု စစ်ကောင်စီဘက် က ပြစ်တင်လိုသော စကားဆိုသော်လည်း ဤဆောင်းပါးတွင် ပါဝင်ဖြေဆိုသူများကမူ ထိုသို့မယူဆပေ။

 

“ဒီမှာက ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ကုန်ကြမ်းကပြည်ပကပဲ သွင်းရတာ။ ကုန်ကြမ်းတွေ စျေးတက်လာ တော့ ကုန်ချောတွေလည်းတက်လာမှာပဲလေ။ မြန်မာငွေကြေးတန်ဖိုးတက်လာရင် ကုန်စျေးနှုန်းကျမယ် ထင် ပါတယ်။ ဒီအခြေအနေနဲ့တော့ ဖြစ်လာစရာလည်းရှိမယ်မထင်ပါဘူး” ဟု ဟင်္သာတမြို့က စားသောက် ကုန်ရောင်းချသူ ဒေါ်ညိုက ပြောသည်။

 

သွင်းကုန်လုပ်ငန်းရှင် မနန္ဒာကလည်း အလားတူပင် အမြင်ရှိသည်။ လက်ရှိအခြေအနေသည် အကောင်း ဘက်သို့ ပြောင်းလာဖွယ်မရှိ။ ၎င်းကမူ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကို အပြစ်တင်သည်။

 

“ခေတ်ကာလမကောင်းတဲ့အချိန်မှာ သတင်းတစ်ခုခုထွက်လိုက်တာနဲ့ စျေးက ဆောင့်တက်တာပဲ။ အမိန့် တွေ တစ်ခုပြီးတစ်ခုလျှောက်ထုတ်၊ ဟိုပိုက်ဆံထုတ်လိုက်၊ ဒီပိုက်ဆံထုတ်လိုက်ဆိုရင်တော့ ကောင်းလာဖို့ မတွေ့ဘူး။ အာဏာသိမ်းတဲ့ဂယက်အကြီးကြီး ရိုက်ခတ်နေသရွေ့ကတော့ စီးပွားရေး ပြန်လည်ဦးမော့ လာစရာ အကြောင်းတော့မရှိသလို ထပ်ပြီးတော့တောင် ကျဖို့ကို မြင်နေရတယ်” ဟု မနန္ဒာက ပြောသည်။

 

စစ်ကောင်စီသည် ဘဏ်စနစ်နှင့် နိုင်ငံ့စီးပွားရေးအခြေအနေကို ပုံမှန်အခြေအနေပြန်ရောက်အောင် လုပ် ဆောင်နေသော်လည်း အခြေအနေက “သွေးမတိတ်သော အနာ” ဖြစ်နေသည်ဟု စီးပွားရေးလေ့လာ သုံးသပ် သူက ဆိုသည်။ နိုင်ငံရေးတည်ငြိမ်မှုရှိမှ စီးပွားရေးကဏ္ဍ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်ပြီး လက်ရှိအခြေအနေ အရပ်ရပ်မှာ ထိုသို့ဖြစ်လာနိုင်ဖွယ် မရှိပေ။

 

ရန်ကုန်မြို့ခံ ဒေါ်ခင်ခင် ကလည်း ကုန်ဈေးနှုန်းမှာ မိမိထိန်းချုပ်နိုင်သည့်အရာမဟုတ်သဖြင့် စိတ်ပူမိသည် ဟု ဆိုသည်။

 

“စားဝတ်နေရေးက အရင်နဲ့မတူဘဲ စျေးတွေထိုးတက်တော့ ဘာမှအဆင်မပြေပါဘူး။ ကျောင်းလခတွေ လည်းတက်။ အိမ်လခတွေလည်း တက်နေတော့ ရရကုန်ကုန်ဖြစ်ပြီး ရှေ့ရေးအတွက် တကယ်ရင်လေးပါ တယ်” ဟု ၎င်းက ပြောသည်။

 

 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့် ကျချိန် – ဒုတိယပိုင်း
Next Article နှစ် ၇၀ ကျော်ကြာတော်လှန်ရေးခရီးကြားက ကရင့်ကံကြမ္မာ
thanlwinkhet
  • Website

Related Posts

ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)

September 25, 2023

ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်

September 24, 2023

တကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား

September 23, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.