စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပဋိပက္ခနှင့်အကျပ်အတည်းများ မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွားနေ သလို နိုင်ငံရေးမတည်ငြိမ်မှုနှင့် မသေချာမရေရာမှုများကလည်း နိုင်ငံတစ်ဝှမ်းလွှမ်းခြုံထားတုန်းပင်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလပိုင်းကာလများတွင် မိုင်းကိုင် ၊ ကျောက်မဲ ၊ သီပေါ နှင့် နမ္မတူမြို့များတွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS / SSA) နှင့် အင်အားပေါင်းစည်းထားကြသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP / SSA) နှင့် ၎င်း၏မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) တို့ကြား ပြင်းထန် သောတိုက်ပွဲများဖြစ်ပွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း (အထူးသဖြင့် မုန်းကိုးနှင့် ပန်ဆိုင်း)တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်စစ်ကောင်စီလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။ အဆိုပါဒေသတွင်းနေထိုင်ကြသောပြည်သူများကလည်း တိုက်ပွဲများအတွင်း လူသေဆုံးမှုမြင့်မားခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြသည်။ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု များအရှိန်မြှင့်တက်နေသည့် ရှမ်း – ကယားနယ်စပ်များကလွဲပြီး ရှမ်းပြည်နယ်၏နေရာအများအပြားတွင် တိုက်ပွဲ ငယ်များ ရံဖန်ရံခါဖြစ်ပွားခဲ့ပါသည်။
RCSS လှုပ်ရှားမှု၏ မူလရင်းမြစ်
RCSS နှင့် ကျန်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဖြစ်ပွားလေ့ရှိသောပဋိပက္ခများကို နား လည်ရန်အတွက် နောက်ခံနိုင်ငံရေးအခြေအနေများကိုသဘောပေါက်ထားဖို့ အရေးကြီးပါသည်။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဘိန်းဘုရင် ခွန်ဆာ က ၁၉၈၅ ခုနှစ်တွင်တည်ထောင်ခဲ့သည့် MTA (Mong Tai Army) ၏ ခေတ် ဟောင်းကာလများကိုတော့ ရှမ်းသမိုင်းတွင်ချန်လှပ်ထားခဲ့၍မရနိုင်ပါ။ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် ထိုင်းနိုင်ငံနယ်စပ်တလျှောက်ရှိ ဟိုမိန်းနှင့် ဒွိုင်လန်းကြား အမာခံနယ်မြေများတွင်အခြေစိုက်ခဲ့သော MTA ၏ စစ် အင်အားက ၁၀၀၀၀ ကျော်အထိ တိုးမြှင့်ရောက်ရှိလာခဲ့သည်။ သို့သော်လည်း MTA တပ်မှူးများသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရအဆက်အသွယ်ရှိသည့် ရှမ်းပြည်နယ်၏ဒေသများတွင်လည်း ၎င်းတို့တပ်များကို နေရာချထားနိုင်ဖို့ ကြိုးစားခဲ့ပါသည်။
၁၉၈၈ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးကောင်စီ (နဝတ)ဟူသောအမည်ဖြင့် အာဏာရလာခဲ့ပြီးနောက် MTA သည်လည်း ပြောင်းလဲလာခဲ့လေသည်။ နောက်ပိုင်းနှစ်များမှာတော့ နဝတ က ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကနေ ခွဲထွက်လာခဲ့သည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အပြင် အခြား သော EAOs နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) သည် တရုတ်နယ်စပ် တလျှောက် နယ်မြေအများအပြားကိုထိန်းချုပ်ထားခဲ့သည်။
MTA နှင့် UWSA ကြား ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ လူသိများထင်ရှားသော ဒွိုင်လန်းတိုက်ပွဲကြီး ဖြစ်ပွားခဲ့ လေသည်။ အဆိုပါတိုက်ပွဲကြီးပေါ်ပေါက်လာရခြင်းမှာ ထိုင်းနယ်စပ်ရှိ မြန်မာစစ်တပ်၏အကူအညီဖြင့် MTA ဌာန ချုပ်ကို “ဝ”တပ်ဖွဲ့က သိမ်းပိုက်ရန်ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ နှစ်ဘက်စလုံးထိခိုက်ကျဆုံးမှုများခဲ့သော ယင်း တိုက်ပွဲက ပြန်လည်လွတ်မြောက်လာသူများသည် ထိုတိုက်ပွဲကို နှစ်ပေါင်းများစွာကြာသည်အထိ အိပ်မက်ဆိုးတစ်ခုအနေဖြင့် မြင်မက်နေကြဆဲဖြစ်သည်။ ထိုအချိန်ကာလများကတည်းက UWSA နှင့် MTA တို့က ရှမ်းပြည်နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အပြင်းအထန်ပြိုင်ဆိုင်လာခဲ့ကြပါသည်။
သို့သော် MTA ၊ UWSA နှင့် မြန်မာစစ်တပ်တို့အကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲများက ထင်ထားသလောက်တော့လည်း မရိုးရှင်းပါ။ ၎င်းတိုက်ပွဲများနောက်ကွယ်တွင် အခြားသောအကျိုးစီးပွားများပါဝင်နေပါသည်။ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုဖြင့် နိုင်ငံတကာတွင်နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော “ဝေ ညီအစ်ကိုများ”ထဲကတစ်ဦးဖြစ်သူ “ဝေရှောက်ခန်း”သည်လည်း ခွန်ဆာ နှင့်အတူ အမေရိကန်၏စွဲချက်တင်ခံထားရသူဖြစ်သည်။
“ခွန်ဆာ” နှင့် “ဝေရှောက်ခန်း” တို့သည် ယခင်တုန်းက စီးပွားရေးအတူလုပ်ကိုင်ခဲ့ကြဖူးသော်လည်း “ဝေရှောက် ခန်း” က MTA ကိုရန်ငြိုးထားခဲ့ပြီး ခွန်ဆာ သည်လည်း ၎င်း၏ အကြီးမားဆုံးပြိုင်ဘက်တစ်ဦးဖြစ်လာခဲ့လေသည်။ ၁၉၈၉ ခုနှစ်တွင် UWSA ကိုဖွဲ့စည်းပြီးနောက် ဝေရှောက်ခန်း သည် တောင်ပိုင်းစစ်ဆင်ရေးများတွင် ဩဇာကြီးမား သောရာထူးရရှိခဲ့ပြီး လှုပ်ရှားမှုအသစ်များတွင်ပါဝင်လာခဲ့သည်။ ထို့ကြောင့်လည်း ဒွိုင်လန်းတိုက်ခိုက်မှုသည် အဆို ပါလှုံ့ဆော်မှုများကြောင့်ဖြစ်ပွားခဲ့ရသည်ဟု ဒေသခံပြည်သူများက ယူဆထားကြသည်။
UWSA ၏ တပ်မှူးတစ်ဦးဖြစ်ခဲ့သော “ဝေရှောက်ခန်း” သည် ခွန်ဆာ၏ အခြေစိုက်ဒေသကိုတိုက်ခိုက်ရာတွင် မြန်မာ စစ်တပ်ကိုကူညီပေးခဲ့သည်။ နောက်ဆုံးမှာတော့ ၁၉၉၆ ခုနှစ်တွင် ခွန်ဆာလည်း စစ်အစိုးရထံလက်နက်ချခဲ့သည်။ MTA ဒေသကိုလည်း “ဝေရှောက်ခန်း”ကို ထိန်းချုပ်ခွင့်ပေးခဲ့သည်။
အရေးအကြီးဆုံးက တရုတ်၏ဩဇာလွှမ်းမိုးမှုဖြစ်သည်။ UWSA တည်ထောင်ပြီးနောက်ပိုင်း “ဝ” ခေါင်းဆောင်များ သည် အိမ်နီးချင်းတရုတ်နိုင်ငံ၏အရာရှိများနှင့် နီးကပ်သောဆက်ဆံရေးရှိခဲ့ပြီး MTA ကတော့ သံသယစာရင်းထဲ ထည့်မှတ်ထားခြင်းခံခဲ့ရသည်။ MTA သည် ကူမင်တန်တရုတ်ဖြူများနှင့် အချိတ်အဆက်ရှိခဲ့သည်။ စစ်အေးကာလ တုန်းက ကူမင်တန်သည် ထိုင်းနိုင်ငံနှင့် ရှုူပ်ထွေးသောနယ်မြေပြဿနာများဖြစ်ပွားခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ကူမင်တန်ဩဇာလွှမ်းမိုးမှုများကျဆင်းသွားသော်လည်း ဘေကျင်းရှုထောင့်ကကြည့်လျှင်မှု MTA သည် ထိုင်းနှင့်အမေရိကန်တို့၏အကျိုးစီးပွားကို ဆောင်ရွက်နေဆဲသာဖြစ်သည်။ UWSA ကလည်း တရုတ်၏ နောက် ကွယ်က တိတ်တဆိတ်ထောက်ပံ့ပေးနေမှုများအပေါ် ကြိတ်ကာသဘောကျနေခဲ့သည်သာဖြစ်၏။
ဖော်ပြပါနောက်ခံအခင်းအကျင်းများကိုဆန့်ကျင်ကာ ၁၉၉၅ ခုနှစ် ဇွန်လတွင် စဝ်ကမ်းရွဲ က အင်အား ၃၀၀၀ ခန့်ဖြင့် MTA ကခွဲထွက်ပြီး SSNA (Shan State National Army) ကိုထူထောင်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရန် နဝတ အစိုးရနှင့် သဘောတူညီခဲ့သည်။ အဆိုပါခွဲထွက်မှုက တမုဟုတ်ချင်းပင် MTA စစ်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပေါ် သက်ရောက်မှုရှိခဲ့ပြီး ရှမ်းနှင့်တရုတ်လူမျိုးစုများအကြား ၎င်းတို့၏ရှေ့အလားအလာနှင့် သစ္စာစောင့်သိနေရ မှုအပေါ် အကြီးအကျယ်မေးခွန်းထုတ်စရာများဖြစ်လာခဲ့သည်။
မျှမျှတတဝေဖန်ရလျှင်မူ SSNA သည် SSPP နှင့်မဟာမိတ်ဖြစ်ထားသည်။ SSPP သည် ရှမ်းပြည်အလယ်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းနယ်မြေများကိုထိန်းချုပ်ထားသော သက်တမ်းပိုရင့်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။ ကနဦးကာလများက SSA (ရှမ်းပြည်တပ်မတော်) ဟုလူသိများခဲ့သော SSPP ကို ၁၉၆၀ ပြည့်လွန်နှစ်များအအတွင်း ရှမ်းကျောင်းသားလူငယ်များက တည်ထောင်ခဲ့ကြပြီး ရှမ်းလူမျိုးရေးအတွက် အဓိက ကျသောနိုင်ငံရေးအသံအဖြစ် လျင်မြန်စွာဖြစ်တည်လာနိုင်ခဲ့သည်။ ထိုနှစ်ကာလများကိုကျော်လွန်ပြီးနောက်မှာ တော့ SSPP သည်လည်း MTA အခြေစိုက်ထားသော ရှမ်းပြည်တောင်ပိုင်းဒေသများတွင် နယ်မြေဆုံးရှုံးမှုများရှိလာ ခဲ့သလို ခွဲထွက်မှုနှင့်ဘက်ပြောင်းမှုများကိုပါ ကြုံတွေ့ခဲ့ရသည်။
ထိုအကြောင်းများကြောင့်ပင် ရှမ်းပြည်မြောက်ပိုင်းရှိ SSPP ခေါင်းဆောင်များသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်နီးကပ်လာခဲ့ပြီး နောက်ပိုင်းတွင် UWSA နှင့်ပါ နီးကပ်သောဆက်ဆံရေးများရှိလာခဲ့သည်။ ၁၉၈၉ ခုနှစ်မှာ တော့ UWSA နှင့် အခြားသော ကွန်မြူနစ်ပါတီမှခွဲထွက်လာကြသည့်အုပ်စုများက နဝတ အစိုးရနှင့်အပစ်အခတ် ရပ် စဲရေးသဘောတူညီလိုက်သောအခါ SSPP လည်း ထိုလမ်းကြောင်းနောက်လိုက်ပါသွားခဲ့လေသည်။ SSPP နှင့် SSNA တို့ပူးပေါင်းပြီး “ရှမ်းပြည်ငြိမ်းချမ်းရေးကော်မတီ (SSPC) ကိုထူထောင်ခဲ့ကြပြီး ယင်းကပင် MTA စစ်သည် များ၏စိတ်ပိုင်းဆိုင်ရာအပေါ် များစွာထိခိုက်မှုရှိစေခဲ့ပါသည်။
အဘက်ဘက်၌ ဖိအားများတိုးလာမှုများကြောင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရန် ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ခွန်ဆာနှင့် MTA ခေါင်းဆောင်များက မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့လေတော့သည်။ အဆိုပါသဘော တူညီချက်အရ MTA တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀၀ ကျော် လက်နက်ချခဲ့ရသည်ဟုသိရသည်။ သို့သော်လည်း ကြိုတင် ပြင်ဆင်ခြင်း သို့မဟုတ် ကြိုတင်စီစဥ်ခြင်းမျိုးမရှိဘဲ ထိုကဲ့သို့ ရုတ်တရက်အရှုံးပေးလက်မြှောက်လိုက်ခြင်းက ရှမ်း ပြည်နယ်၏ အခြားသောနယ်မြေများတွင်ရှိနေကြသည့် MTA တပ်ဖွဲ့ဝင်များကို ကသောင်းကနင်းဖြစ်စေခဲ့ပါသည်။
မြောက်မြားလှစွာသော MTA တပ်မှူးများသည် နဝတ အစိုးရ၏ ပြည်သူ့စစ်များအဖြစ်ပြောင်းလဲခံလိုက်ရပြီး မြန်မာ စစ်တပ်လက်အောက်ရှိနယ်မြေများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်များရရှိလာခဲ့ကြသလို တချို့ကတော့ ယနေ့အထိ လည်ပတ်နေဆဲဖြစ်သည်။ သို့သော် MTA စစ်သည်များနှင့် ၎င်းတို့၏မိသားစုဝင်အများစုမှာတော့ မည်သူက ထောက်ပံ့ပေးမည်မသိရသော မသေချာမရေရာသည့်အခြေအနေများဆီသို့ တွန်းပို့ခြင်းခံခဲ့ကြရသည်။
ဤနေရာတွင်သတိပြုစရာတစ်ချက်က MTA တပ်ဖွဲ့ဝင်များအားလုံး ခွန်ဆာ၏ဆုံးဖြတ်ချက်ကို သဘောတူလက်ခံခဲ့ ခြင်းမရှိကြပါ ဆိုသည်ကိုပင်။ ခွန်ဆာ၏အဆိုပါလုပ်ရပ်အပေါ်တုံ့ပြန်သည့်အနေဖြင့် ယွက်ဆစ်ခေါင်းဆောင်သော ရှမ်းအမျိုးသားရေးဝါဒီ လူငယ်အရာရှိအုပ်စုများက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ကို ဖွဲ့စည်းလိုက်ကြပါတော့သည်။
ဘုန်းမောင်
Ref: TNI, Wiki
ဆက်လက်ဖော်ပြပါမည်။