ဘုန်းမောင်
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းပြီးချိန်ကစပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်စွမ်းက မကြုံစဖူး ထူးထူးကဲကဲ ဖြစ်လာခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကို ပြန်ပြီးတွန်းလှန်ရာမှာ အမျိုးသမီးတွေဟာ အကြမ်းမဖက်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကနေ လက်နက်ကိုင်တော်လှန်ရေးအထိ အရေးပါအရာရောက်ခဲ့ပါတယ်။ မြန်မာ့တော်လှန်ရေးအဖွဲ့တွေရဲ့ ခုခံတွန်းလှန်မှုကြောင့် စစ်အုပ်စုဟာ ဖြည်းဖြည်းချင်း အားလျော့လာနေပါတယ်။ တစ်ချိန်တည်းမှာပဲ တော်လှန်ရေးခေါင်းဆောင်တွေဟာ “ပြည်တွင်းပဋိပက္ခတွေကို နှစ်ရှည်လများ ရင်ဆိုင်နေရတဲ့ တိုင်းပြည်မှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဘယ်လို ပြန်ထူထောင်ကြမှာလဲ” ဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်နေရပါတယ်။
NUG ဟာ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းအသစ်တွေကို နေရာအများအပြားမှာ အောက်ခြေကနေစပြီး ထူထောင်နေပါတယ်။ တခြားဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (ERO) တွေကလည်း ကာလရှည်ကြာကတည်းက ရပ်တည်လာခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေရှိနေခဲ့ပြီး စစ်ရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံအနာဂတ်ကို မျှော်ကြည့်လာနိုင်တာနဲ့အမျှ ဒီလုံခြုံရေးအဖွဲ့အစည်းတွေက ပြည်တွင်းစစ်ရဲ့ အကြွင်းအကျန် လူမှုအသိုင်းအဝိုင်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရုံသာမက မြန်မာနိုင်ငံအနာဂတ်အုပ်ချုပ်ရေးအတွက် အရေးကြီးတဲ့ နှုန်းစံတန်ဖိုးကိုလည်း သတ်မှတ်နိုင်စွမ်း ရှိလာပါလိမ့်မယ်။
အသစ်ပြန်ဖွဲ့စည်းလိုက်တဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေရှိဖို့လိုအပ်ပြီး အတိတ်က အမှားမျိုးမကျူးလွန်မိအောင် ရှောင်ကျဉ်ရပါလိမ့်မယ်။ တစ်ချိန်တုန်းကတော့ တိုင်းရင်းသားလူနည်းစုနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရှိခဲ့ပြီး အမျိုးသမီးတွေကို အပြစ်ပေးတဲ့ ယဉ်ကျေးမှုတွေလည်း ထွန်းကားခဲ့ပါတယ်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ဖူးပြီဖြစ်ပြီး လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာမှာ အမျိုးသမီးတွေရဲ့ အဓိပ္ပါယ်ရှိရှိပါဝင်မှုက အကြမ်းဖက်မှုသံသရာကို ဖြိုလှဲနိုင်မှာဖြစ်သလို ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံကျတဲ့ အုတ်မြစ်တစ်ခုကို တည်ဆောက်လိုက်နိုင်မှာလည်း ဖြစ်ပါတယ်။
လုံခြုံရေးအဖွဲ့အစည်းတွေမှာ အစဉ်အဆက် ဘေးဖယ်ခံလာရတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကို တားဆီးနိုင်ဖို့ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့အပြင် အခြားသော အမျိုးသမီးငယ်တွေရဲ့ လှုပ်ရှားမှုတွေက တော်လှန်ရေးအင်အားစုတွေအတွက် အဓိကကျတဲ့ အင်အားစုတွေ ဖြစ်လာခဲ့ပါတယ်။ မြို့ပြဧရိယာတွေအတွင်း အမျိုးသားတွေက တော်လှန်ရေးအတွက် လိုအပ်တာတွေ ပံ့ပိုးပေးနိုင်ဖို့ ထောက်ပို့အဖြစ် ဆောင်ရွက်နေတယ်လို့ သံသယရှိတဲ့အတွက် စစ်တပ်က အမျိုးသားတွေကို အထူးအားဖြင့် ပစ်မှတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်လည်း ရှေ့တန်းရိက္ခာ ပို့ဆောင်ရေးမှာ အမျိုးသမီးတွေက ဝင်ကူညီနေကြပါတယ်။
ဒါပေမဲ့လည်း အသွင်ပြောင်းခုခံရေး အခြေအနေတစ်ရပ်အတွင်းမှာတောင် မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ရှေးရိုးစွဲစိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ စံနှုန်းတွေက သမိုင်းကြောင်းအရ အမျိုးသမီးတွေရဲ့ လုံခြုံရေးအခန်းကဏ္ဍကို ကန့်သတ်ထားပါတယ်။ ဥပမာ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ မော်တော်ဆိုင်ကယ်စီးတာမျိုး ပြုလုပ်မိတဲ့ ရဲမေတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ အပြောမလွတ်သလို ရဲစခန်းမှာ ရဲမေတစ်ယောက် ညဂျူတီကျတာဟာလည်း မသင့်လျော်ဘူးလို့ ယူဆကြတာမျိုး ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုတော့ စစ်ကောင်စီကို ပြန်တွန်းလှန်နေတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း ရဲမေတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ရာမှာတော့ အိမ်ထောင်မရှိသေးတဲ့ ရဲမေတစ်ယောက်ကို ရဲအရာရှိကတော်တွေက သူတို့အိမ်ထောင်ရေးအပေါ် ခြိမ်းခြောက်လာမယ့် ရဲမေတွေအဖြစ် ယူဆထားကြကြောင်း၊ ရဲအရာရှိကတော်တွေက ရဲမေတစ်ယောက်ကို သဘောမကျခဲ့ရင် နောက်တစ်နေရာပြောင်းပစ်ဖို့ အထက်အရာရှိတွေကိုတောင် ဖိအားတွေပေးလေ့ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အပြုအမူတွေကလည်း အထက်မှာ ဖော်ပြခဲ့တဲ့ ယဉ်ကျေးမှုနှုန်းစံတွေကို ပြန်ပြီး အားဖြည့်ပေးနေပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ချင်တဲ့ အမျိုးသမီးအနေနဲ့ အမျိုးသားထက် ပညာအရည်အချင်းပိုလိုအပ်ပါတယ်။ အကျိုးအမြတ်နည်းတဲ့ အလုပ်မျိုးဆို ရဲမေတွေကို တာဝန်ပေးပြီး အကျိုးအမြတ်များမယ့် အလုပ်ဆိုရင်တော့ အမျိုးသားတွေကို တာဝန်ပေးလေ့ရှိပါတယ်။ ရာထူးအများစုကလည်း ဒီအတိုင်းပါပဲ။ ၂၀၁၉ ခုနှစ်အတွင်း အရာရှိပေါင်း ၇၂,၀၀၀ မှာ အမျိုးသမီးတွေက ၄ ရာခိုင်နှုန်းအောက်မှာပဲရှိပါတယ်။
တစ်ချိန်တည်းမှာပဲ အရပ်ဘက်အမျိုးသမီးတွေက (အထူးသဖြင့်) အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သတင်းတွေပေးပို့ကြရာမှာ ရဲတွေအပေါ် အယုံအကြည်ကင်းမဲ့နေကြောင်း အစီရင်ခံထားကြပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (MPF) က လိင်ပြောင်းအမျိုးသမီးတွေနဲ့ အခြားလိင်အနည်းစုတွေအပေါ် ပုံမှန်တိုက်ခိုက်တာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လေ့ရှိကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း MPF က ကျား-မအခြေပြု ခွဲခြားမှုအမွေအနှစ်ကို ဆက်ပြီးပိုင်ဆိုင်ထားဆဲပါပဲ။
ဒီမိုကရေစီလိုလားတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်လာခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုအတွင်း အရပ်သားတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ချိန်ကတည်းကစပြီး အရပ်သားတွေနဲ့ တော်လှန်ရေးသမားတွေဟာ ကိုယ်နဲ့သက်ဆိုင်တဲ့ ရပ်ရွာတွေအတွက် ရပ်ရွာလုံခြုံရေးတွေအဖြစ် ပါဝင်လာခဲ့ကြပါတယ်။ အရပ်သားတွေအပေါ် အကြမ်းဖက်ခြင်းနဲ့ အပြစ်ပေးခြင်းတွေ ပြုမြဲဖြစ်တဲ့ စစ်တပ်သမိုင်းနဲ့ ခြားနားတဲ့ ဒေသခံအဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဒေသခံလုံခြုံရေးအဖွဲ့အစည်းသစ်တွေက စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို မှတ်တမ်းတင်ခြင်းနဲ့ ရပ်ရွာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ပွင့်လင်းမြင်သာတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအဖွဲ့အစည်းတွေက တရားမျှတမှုတွေအတွက် အလားအလာတွေပါပဲ။
ဥပမာ၊ ခရစ္စမတ်အကြို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေအတွက် ဒီမိုကရေစီလိုလားတဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့နဲ့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လူထုကိုလည်း အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနေပါတယ်။
လူထုဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကြီးမားတဲ့ဒုက္ခတွေကို ရင်ဆိုင်ရာမှာ အထင်ကြီးလောက်စရာ တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီလိုလားတဲ့ ရဲအဖွဲ့တွေမှာ စိန်ခေါ်မှုတွေ အများကြီး ကျန်နေပါသေးတယ်။ အမျိုးသမီးတွေအနေနဲ့ စစ်ပွဲတစ်ပွဲကို အမျိုးသားတွေနဲ့ ရင်ဘောင်တန်းတိုက်ခိုက်နေချိန်မှာပဲ အစဉ်အလာ ကျား-မ ခွဲခြားမှုကိုလည်း ဆက်ပြီးတိုက်ရဦးမယ်လို့ ယူဆထားကြပါတယ်။
လက်ရှိအချိန်အထိ ဒီမိုကရေစီဘက်တော်သား အမျိုးသမီးတွေအနေနဲ့ ကင်းလှည့်တာမျိုး၊ ဖမ်းဆီးတာမျိုးလို ပုံမှန်လုပ်ငန်းလည်ပတ်မှုတွေမှာ ပါဝင်နိုင်မယ့်အခွင့်အလမ်း နည်းနေပါသေးတယ်။ ရပ်ရွာအေးချမ်းလုံခြုံရေးအတွက် အမျိုးသားတွေမှာသာ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆကို ဆက်ပြီး အားဖြည့်ပေးနေတုန်းပါပဲ။ အလားတူ အမျိုးသမီးတွေက ERO နဲ့ ဒီမိုကရေစီလိုလားတဲ့ ရဲတပ်ဖွဲ့တွေမှာ ၁၅ ရာခိုင်နှုန်းအောက်သာ ရှိနေသေးပြီး ခေါင်းဆောင်ပိုင်းရာထူးတွေမှာလည်း ကိုယ်စားပြုမှုနည်းနေပါသေးတယ်။
“မြန်မာ့အမျိုးသမီးအများစုက အရှက်နဲ့ အကြောက်တရားတွေမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံ (ရဲတပ်ဖွဲ့) မှာ အမျိုးသမီးတွေ ပိုပြီးပါဝင်လာတာမျိုး ကျွန်မလိုလားပါတယ်။ ရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေ လုပ်နိုင်တဲ့အရာတွေ အများကြီးရှိနေတယ်ဆိုတာကိုလည်း လူတွေကို သိစေချင်ပါတယ်” လို့ ရဲမေတစ်ဦးက ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အမွေအနှစ်ကို အဆုံးသတ်အောင် ဖြုတ်ချဖို့ ကြိုးစားနေချိန်မှာ အမျိုးသမီးတွေအနေနဲ့ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်မှုကိုပါ တစ်ခါတည်း စတင်ရပါလိမ့်မယ်။ USIP နဲ့ အင်တာဗျူးတစ်ခုမှာတော့ ရဲမေတစ်ဦးက “အမျိုးသမီးတွေမှာလည်း ကြီးမားတဲ့စွမ်းရည်တွေ ရှိပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
“ကျား-မ တန်းတူညီမျှမှုကို မြှင့်တင်ဖို့အတွက် အမျိုးသမီးတွေက ရဲတပ်ဖွဲ့ထဲ ပိုမိုဝင်ရောက်လာသင့်ပါတယ်။ ဒါက လူထုနဲ့ ထိတွေ့ဆက်ဆံရာမှာ အထောက်အကူပေးပါလိမ့်မယ်” လို့ သူကပြောပါတယ်။
ရပ်ရွာလုံခြုံရေးရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လို ပါဝင်နိုင်သလဲ
အခုအချိန်က မြန်မာပြည်သူတွေအပေါ် သမိုင်းကြောင်းအရ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အသစ်ပြန်တည်ဆောက်ဖို့ ရှားရှားပါးပါး အခွင့်အရေးပါပဲ။ အမျိုးသမီးတွေ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုအမျိုးသမီးတွေက ဒီလိုအကြမ်းဖက်မှုတွေရဲ့ သားကောင်အဖြစ် အများဆုံးကျရောက်လေ့ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုယူဆတယ်ဆိုရင်ဖြင့် အသစ်တည်ဆောက်မယ့် အဖွဲ့အစည်းတွေရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အမျိုးသမီးတွေက အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ထိုက်တန်ပါတယ်။
ဒေသအဆင့်မှာလည်း ရဲတပ်ဖွဲ့ခေါင်းဆောင်တွေက အမျိုးသမီးတွေအပေါ် လေးစားမှုပြသင့်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ “ရဲတပ်ဖွဲ့က ဘယ်လို ပုံပန်းသဏ္ဍာန် ရှိသင့်သလဲ” ဆိုတဲ့မေးခွန်းကိုမေးဖို့ ရပ်ရွာလူထု ဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်ပါတယ်။ ရပ်ရွာလုံခြုံရေးအတွက် ပါဝင်မယ့်အရာတွေကို ပြန်ပြီးပြင်ဆင်ရာမှာ အမျိုးသမီးတွေရဲ့ အသံပါဖို့ သေချာဆောင်ရွက်ရပါမယ်။
ဗျူဟာမြောက်အဆင့်မှာတော့ NUG ရဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အခြားသော လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေက မူဘောင်တွေ ရေးဆွဲရာမှာ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး (WPS) ဆိုင်ရာ အခြေခံမူတွေကို လက်ခံကျင့်သုံးဖို့ စဉ်းစားဖို့လိုပါတယ်။ ရဲမေအရေအတွက် ပိုပြီးစုဆောင်းနိုင်ဖို့ ရှိပြီးသား ERO တပ်ဖွဲ့တွေကနေ ကနဦးခြေလှမ်း တိုးချဲ့တာမျိုး ဆောင်ရွက်သင့်ပါတယ်။ WPS အစီအစဉ်နဲ့အညီ လုံခြုံရေးအဖွဲ့တွေ တည်ဆောက်နိုင်ခဲ့ရင် နိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အမြင်မှာ NUG နဲ့ ERO တွေရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပိုပြီး တရားဝင်မှု ဖြစ်လာစေနိုင်ပါတယ်။
ယောကျ်ားဘသားတွေသာကြီးစိုးတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေပါဝင်လာခြင်းဟာ ဒီအဖွဲ့တွေရဲ့ ရှေးရိုးစဉ်လာကို အားဖြည့်ထောက်ကူပေးရုံသက်သက် မဖြစ်သင့်တော့ပါဘူး။ အဲဒီအစား တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တဲ့ ကျင့်ထုံးဥပဒေတွေနဲ့ ကြားဖြတ်တရားစီရင်ရေးစနစ်တွေလို မူဘောင်တွေချမှတ်ရာမှာ အမျိုးသမီးတွေပါဝင်နေခြင်းက ပိုပြီးထိရောက်မယ့် အဖွဲ့အစည်းတွေကို အောက်ခြေအဆင့်ကနေ တည်ဆောက်ရာမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။ သဘောထားအမြင်တွေပြောင်းလဲလာပြီး လုံခြုံရေးပိုင်းမှာ မြန်မာအမျိုးသမီးတွေ ပါဝင်လာခြင်းရဲ့ စွမ်းအားကို အသိအမှတ်ပြုလိုက်တာက ခုခံအားကို တည်ဆောက်နိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်နေပါတော့တယ်။
Ref: The Role of Women in Myanmar’s Evolving Security Institutions
#ဘာသာပြန်ဆောင်းပါး #အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ #ThanLwinKhetNews