သဇင်
သြဂုတ် ၂၉ ၊၂၀၂၃။
မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးရှိတော်လှန်ရေးအင်အားစုများက SF-Z လေယာဥ်ဖြင့် ဗုံးသီးချ တိုက်ခဲ့သည် ဟု Tavoy People Liberation Force-TPLF က ယနေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၂၈ရက်၊ နေ့လယ် ၁၁ နာရီခန့်တွင် ရေးမြို့နယ်အခြေစိုက် အမှတ် – ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ – ၆၁ တပ်ရင်းတို့ကို SF-Z လေယာဥ် ၃စင်းဖြင့် ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု TPLF တပ်ရေးအရာရှိက သံလွင်ခက် ကို ပြောသည်။
“ဗုံးသီးက စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်နဲ့ တပ်ရင်းရုံး နေရာတွေကိုကြဲချခဲ့တာပါ။ ရန်သူ့ထိခိုက်မှုစာရင်းအတိအကျသိရဖို့ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဆိုသည်။
ယခင်ကလည်း မွန်၊ တနင်္သာရီတော်လှန်ရေးအင်အားစုများက တိုက်ပွဲများပူးပေါင်းဆောင်ရွက်လေ့ရှိပြီး ယခုတိုက်ခိုက်မှုဖြစ်စဉ်မှာ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါဖြစ်စဉ်အတွင်း ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ SF-Z လေယာဉ်ငယ်တစ်စင်း ပျက်စီးဆုံးရှုံးခဲ့သည် ဟုဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ရင်းများဘက်က ၆၀ မမ၊ ၈၁ မမများနှင့် ဒရုန်းလာရာလမ်းကြောင်းကိုပြန်လည်ပစ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပူးပေါင်းစစ်ဆင်ရေးကို MSRF၊ YAF၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း ၁ ၊ ထားဝယ်ခရိုင် PDF တပ်ရင်း ၂ (T-5)၊ KBDF၊ TPLF၊ YDF နဲ့ MSRO တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ–မွန်၊ တနင်္သာရီ စစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမြင်ကွင်း။ Photo -TPLF
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1879
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5413
Website ->https://eng.thanlwinkhet.net