Saw Smith
သြဂုတ် ၉၊ ၂၀၂၃။
အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ်၊ မေလကတည်းက မြေပြင်အင်အား ထောင်ချီနှင့် လေကြောင်းတိုက်ခိုက်မှုများပါ အစောဆုံး အသုံးပြု၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည့် ပြည်နယ်တစ်ခု…။ လူဦးရေ သုံးသိန်းဝန်းကျင်ခန့်သာရှိသည့် ကယားပြည်နယ်…။
ကယားနှင့် ရှမ်းတောင်ပိုင်း မြို့နယ်တချို့ ပါဝင်သည့် လက်ရှိ ကရင်နီပြည်စစ်မြေပြင်တွင် စစ်ကောင်စီက နယ်မြေခံတပ်ရင်းများအပြင် တပ်မ (၆၆)၊ တပ်မ (၉၉)၊ စကခ (၂)၊ စကခ (၇)၊တပ်မ (၁၀၁) စသည့် တပ်မ ၅ ခုအထိ အသုံးပြု၍ အကြိမ်ကြိမ် ထိုးစစ်ဆင်နေခဲ့သည်မှာ နှစ်နှစ်ကျော်နေပြီဖြစ်သည်။
ထို့ပြင် ယခုနှစ် ဇွန်လ ၁၃ ရက်က စတင်ခဲ့သည့် မယ်စဲ့မြို့နယ် စစ်ကောင်စီနယ်စပ်စခန်းသိမ်းတိုက်ပွဲများမှ ယနေ့အထိ ကရင်နီ-ထိုင်းနယ်စပ်မြို့နယ်များ၊ ရှမ်း-ကယားနယ်စပ်နှင့် ကရင်-ကရင်နီနယ်စပ်တို့တွင် တိုက်ပွဲများက နေ့စဥ်နီးပါး ပြင်းထန် ဖြစ်ပွားနေသည်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲများ၌ စစ်ကောင်စီက နေ့တိုင်း လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီဝံပုလွေစစ်ကြောင်းမှူးက ပြောသည်။
“ပြီးခဲ့တဲ့ အခြေအနေ တိုက်ပွဲတွေပေါ့နော်။မယ်စဲ့မှာဆို အတော် ပြင်းထန်ခဲ့တယ်။ ပြီးရင် ယာဒိုတို့ ၊ ရှမ်း-ကယားနယ်စပ်တို့ဘက်မှာလည်း တော်တော် ပြင်းထန်ခဲ့တာပေါ့နော် ။ တစ်ရက်ကို လေယာဥ်နဲ့ လာမကြဲတဲ့ ရက်ဆိုတာ မရှိတော့ဘူး။ ယာဒိုဘက်မှာနဲ့ မယ့်စဲ့ဘက်မှာဆို ရက်တိုင်းပဲ၊ ည၊ နေ့ လာကြဲတယ်။လေယာဥ်နဲ့” ဟု ၎င်းက ပြောသည်။
ကရင်နီပြည် စစ်မြေပြင်အတွက် စစ်ကောင်စီက ယခင်အသုံးပြုနေသည့် တပ်မ၊ တပ်ရင်းများအပြင် စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် တပ်မ ၉၉ ဘီလူးစစ်ကြောင်းအပါအဝင် တပ်မ ၄၄ ၊ တပ်မ ၅၅ ၊ တပ်၇၇ တို့ရှိ တပ်ရင်းများကို ကားအစီး ရာချီ အသုံးပြု၍ အင်းအား ထပ်ဖြည့်ထားပြီး ရဟတ်ယာဥ်များဖြင့်ပါ အင်အားချပေးနေသည်။
မြန်မာနိုင်ငံ၏ အသေးငယ်ဆုံးသော ပြည်နယ်ဖြစ်ပြီး ဝေဟင်၊ မြေပြင်တို့မှ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်ခံနေရသော်လည်း ကရင်နီတော်လှန်ရေးတပ်များက စုစည်းမှု အားကောင်းကောင်းဖြင့် အကောင်းဆုံး ခုခံထားနိုင်ခဲ့သည့်အပြင် တန်ပြန်ထိုးစစ်များဖြင့် စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်ထားနိုင်ဆဲပင်။
ပြင်းထန်တိုက်ပွဲများနှင့်အတူ စစ်ကောင်စီယန္တရားများ မလည်ပတ်နိုင်တော့သည့် ကရင်နီပြည်တွင် နေရာအတော်များများကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး ၎င်းတို့၏ နိုင်ငံရေးအိပ်မက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်နေသည်။
လွတ်လပ်ရေးရပြီးမှ တော်လှန်ရေးစခဲ့ရသည့် ကရင်နီပြည်
*****************************
ကိုလိုနီခေတ်နှင့် ခေတ်နှောင်းကာလများတွင် သီးခြားလွတ်လပ်သည့် ပြည်နယ်တစ်ခုဖြစ်ခဲ့သော ကရင်နီပြည်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ဖိနှိပ်ခံအဖြစ်သို့ ရောက်ရှိခဲ့သည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) ၏ ကရင်နီပြည် သမိုင်းအကျဥ်းဖော်ပြချက်အရ ကရင်နီမျိုးနွယ်စုများသည် ညီ၊အစ်ကို ကရင်အနွယ်များနှင့်အတူ လက်ရှိ ကရင်နီပြည်ဟု ခေါ်ဆိုသော အရပ်သို့ ဘီစီ ၇၃၉ တွင် အခြေချနေထိုင်လာရာမှ ကန္တာရဝတီနယ်၊ ကြယ်ဖိုးကြီးနယ်၊ ဘောလခဲနယ်နှင့် မိုးဗြဲနယ် ဟူသော နယ်ကြီး လေးနယ်ကို အခြေခံကာ ဖြစ်တည်တိုးတက်လာသည်ဟု ဆိုသည်။
“မိထေ (မိထ)၊ လျားကျန်း (လကန်း)၊ ပနု (မိုနု)၊ တလျား (တလိုင်း)၊ လျားချေ” မှသည် ယင်းတလဲ၊ ကော်ယော်၊ ကယော၊ ကယန်း၊ ကယား စသည်ဖြင့် ဆင့်ကဲခေါ်ဝေါ်လာခဲ့ကြသော ကရင်နီမျိုးနွယ်စုများနှင့်အတူ ရှမ်း၊ ကရင်၊ အင်းသား၊ ပအိုဝ်း စသည့် တိုင်းရင်းသားလူမျိုးများသည် နယ်ကြီး လေးနယ်ကို အခြေခံသည့် ကရင်နီပြည်၌ နှစ်ပေါင်းရှည်ကြာစွာ အတူတကွ ယှဥ်တွဲနေထိုင်လာခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ ကျော် ခရစ်သက္ကရာဇ် ၁၇၀၀ မှစ၍ နယ်ရှင်စောဖျာများ ဦးဆောင်အုပ်ချုပ်သည့် စနစ်ဖြင့် ကရင်နီပြည်များအတွင်း နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေးတို့ ဖြစ်တည်ရှင်သန်လာခဲ့သည်။
ထို့နောက် နှစ်ပေါင်း ၁၇၅ နှစ်အကြာ ၁၈၇၅ ခုနှစ်တွင် အနောက်ကရင်နီနယ်၏ သီးခြားလွတ်လပ်မှုကို ဗြိတိသျှအစိုးရနှင့် ဗမာဘုရင်တို့ အသိအမှတ်ပြုခြင်းက နိုင်ငံရေးအရ ကရင်နီပြည်၏ သမိုင်းဖြစ်တည်မှုကို ပိုမို ခိုင်မာစေခဲ့သည်ဟု IEC က ဖော်ပြထားသည်။
ဗမာပြည်ဘုရင်ခံကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှဘုရင်ခံချုပ် ဆာဒေါ့ကလပ်ဖော့ဆပ်တို့ ၁၈၇၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ကရင်နီပြည်ကို သီးခြားလွတ်လပ်သည့် ပြည်နယ်အဖြစ် လက်မှတ် ရေးထိုးခဲ့သည်။
ပဋိဥာဏ်အတွင်း၌ “ကရင်နီပြည်နယ်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ စီမံစိုးမိုးအုပ်ချုပ်ခြင်း မပြုလုပ်ရဘဲ သီးခြားလွတ်လပ်သည့် အခွင့်အရေး ပေးရန် ” သဘောတူညီချက် ပါဝင်ခဲ့သည်။
သို့သော်လည်း ဗြိတိသျှအစိုးရက ၁၉၁၀ နောက်ပိုင်း၌ နယ်မြေတိုင်းတာ သန်းခေါင်စာရင်းကောက်ယူမှုများ ပြုလုပ်ခဲ့ပြီး ကရင်နီပြည်မြေပုံကို ဆွဲရာ၌ ကြယ်ဖိုးကြီးနှင့် မိုးဗြဲနယ်ကို ချန်လှပ်ထားခဲ့သည့်အပြင် အနောက်ကရင်နီနယ်အတွင်း ပါဝင်သည့် မိုးဗြဲအုပ်ချုပ်ရေးကိုလည်း ရှမ်းပြည်နယ် လက်အောက်ခံအဖြစ် ထားရှိခဲ့သည်။
ဗြိတိသျှအစိုးရ၏ နယ်မြေပိုင်းမှုများ၊ အုပ်ချုပ်ရေးခွဲခြားခဲ့မှုများနှင့်အတူ ၁၉၄၆၊ ၁၉၄၇ ခုနှစ်များတွင် တောင်တန်းနှင့် ပြည်မ (မဗာပြည်) ပေါင်းစည်းရေး စည်းရုံးလာမှုများကြောင့် ကရင်နီနယ်ရှင်များနှင့် ခေါင်ဆောင်များအကြား သီးခြား လွတ်လပ်သော ကရင်နီပြည်အဖြစ် ရပ်တည်ရေးနှင့် ဗမာပြည်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ရေးဟူသော ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေများကြောင့် ၁၉၄၈ ခုနှစ်တွင် ဗမာပြည်လွတ်လပ်ရေးရရှိချိန်မှစ၍ ကရင်နီပြည်၌ခုခံတော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာနေခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည် ။
ကရင်နီတော်လှန်ရေး စတင်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင်လည်းဖြစ်ပြီး လက်ရှိကရင်နီပြည်နယ် ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ယခုကဲ့သို့ ပြန်ပြောင်းပြောသည်။
“ကျွန်တော်တို့ရဲ့ ကရင်နီပြည်ရဲ့ အစိုးရရုံးဆိုတာက ဟိုးလွိုင်ကော်-ဒီးမော့ဆို အနောက်ဘက် မြလဲဆိုတဲ့ ရွာမှာ ရှိခဲ့တယ်ပေါ့။ အဲဒီနေရာကို ဖဆပလနဲ့ ကယားက အဲဒီတုန်းက ကရင်နီပေါ့။ ကရင်နီက ခေါင်းဆောင်တချို့က ဗမာနဲ့ ပေါင်းရေး မပေါင်းရေး အဲဒီပြဿနာ ရှိတယ်ဆိုတော့ တချို့ခေါင်းဆောင်တွေက ဖဆပလနဲ့ ပေါင်းပြီးတော့မှ မြလဲဆိုတဲ့ ကရင်နီရုံး လာတိုက်တာပေါ့ ။ အဲဒီကနေ တော်လှန်ရေး စခဲ့တာပေါ့။ ၁၉၄၈ ခုနှစ် သြဂုတ်လ၊ ဒီလထဲပေါ့ဗျာ ၉ရက်နေ့မှာ”
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၇ လကျော်အကြာတွင် စတင်ခဲ့သည့် ကရင်နီပြည်တော်လှန်ရေးသည် ယနေ့ ၂၀၂၃ ခုနှစ်အထိ နှစ်ပေါင်း ၇၅ နှစ်တိုင်တိုင် ရှိနေပြီဖြစ်သည် ။
KNPP မှ လက်နက်ကိုင်အဖွဲ့အစည်းများ ခွဲထွက်ခဲ့မှု
****************************
ကရင်နီပြည်အစိုးရရုံးကို ဖဆပလနှင့် ကရင်နီခေါင်းဆောင်တချို့ ပူးပေါင်းတိုက်ခိုက်ခဲ့မှုနှင့်အတူ
ပြည်မနှင့် ပေါင်းစည်းရေးကို အမြဲ ကန့်ကွက်ခဲ့သည့် အနောက်ကရင်နီခေါင်းဆောင် ဂိုဘီတူရီကို ၁၉၄၈ ခုနှစ် သြဂုတ်လတွင်ပင် မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ကရင်နီပြည်၌ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာပြီး ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်တွင် လွတ်လပ်သော ကရင်နီပြည်ထောင်စုတပ်မတော် (United Karenni State Independent Army-UKSIA) ကို ဖွဲ့စည်းခဲ့သည်။
ပြည်မနှင့် ပူးပေါင်းရေးကို ကန့်ကွက်ခဲ့မှုများ ရှိနေပြီး လက်နက်ကိုင်တော်လှန်မှုများရှိနေသည့်ကြားကပင် ၁၉၄၇ ခုနှစ်၊စက်တင်ဘာ၂၄ ရက်တွင် တိုင်းပြုပြည်ပြုလွှတ်တော်၌ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းချိန် Union of Burma တွင် ကရင်နီပြည်နယ် ပါဝင်မှုကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ထို့ပြင် ၁၉၄၈ ခုနှစ်၊ မတ်လ၊ လွိုင်ကော် လူထုအစည်းအဝေးတွင် ဦးစိန်က ကရင်နီဆိုသည့် စကားလုံးကို ကယားအဖြစ် ပြောင်းလဲပေးရန် တောင်းဆိုထားခဲ့မှုကို ၁၉၅၀၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော်၌ ထိုအဆိုကို တင်သွင်းခဲ့သည်။ ထို့ကြောင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
ကရင်နီခေါင်းဆောင်တချို့ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ ကရင်နီပြည်ကို ပြည်မထဲ ထည့်သွင်းမှု၊ ကရင်နီမှ ကယားပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်မှု စသည့်အခြေအနေများကြောင့် ကရင်နီပြည်နယ်အတွင်း၌ ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
UKSIA သည် ကရင်အမျိုးသားအစည်းအရုံး KNU/KNDO နှင့်ပေါင်းပြီး မော်ချီးမှ လွိုင်ကော်ထိ သိမ်းပိုက်ခဲ့သည်။ ထိုသို့ သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံရေးဦးဆောင်မှုများ ပြုလုပ်နိုင်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီကို KNPP ကို ၁၉၅၇ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့သော်လည်း မြန်မာစစ်တပ်၏ ထိုးစစ်များကြောင့် ဌာနချုပ်ကို နယ်စပ်ဘက်ထိ ပြောင်းရွှေ့ခဲ့ရသည်ဟု ခူးညေးရယ်က ပြောသည်။
“တော်လှန်ရေး လုပ်တယ် ဆိုတာက နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ လိုတယ်ဆိုပြီးတော့မှ KNPP ကို ၁၉၅၇ ခုနှစ်၊ မေလ ၂ ရက်မှာ စဖွဲ့ပြီးတော့မှ အဲဒီမှာ ခုခံတိုက်ခိုက်နေတာပေါ့။ ခုခံတိုက်ခိုက်နေရင်းနဲ့ ထိုးစစ်တွေက တောင်ဘက်ကလည်း လာတယ်။ မြောက်ဘက်ကလည်း လာတယ်ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ သံလွင်အရှေ့ဘက်ခြမ်းကို ဌာနချုပ်အဖြစ် ပြောင်းဖို့ နယ်စပ်ဘက်ကို နေရာရွှေ့လာတယ်ပေါ့”
၁၉၆၂ ခုနှစ် ဦးနေဝင်း ဦးဆောင်သည့် မဆလ အာဏာသိမ်းပြီးနောက် ထိုးစစ်ဆင်ခံရမှုများနှင့်အတူ အဖွဲ့အစည်းအတွင်း၌လည်း သဘောထားကွဲလွဲမှုများ ရှိလာကြကာ KNPP မှ ခွဲထွက်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။
၁၉၇၈ ခုနှစ်တွင် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ (Karenni National People’s Liberation Front)၊ ၁၉၉၅ ခုနှစ်တွင် ကရင်နီအမျိုးသားဒီမိုကရေစီပါတီ (Karenni National Democratic Party-KNDP) နှင့် ၂၀၀၂ ခုနှစ်တွင် ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ ကြယ်ဖြူ (Karenni National Solidarity Organization -KNSO) တို့ KNPP မှ အသီးသီး ခွဲထွက်ခဲ့ကြသည်။
“KNPP က ခွဲထွက်သွားကြတာ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ဥပမာ ကလလတဆို မူဝါဒဆိုင်ရာပေါ့။ ဗကပနဲ့ မဟာမိတ်လုပ်ပြီးတော့မှ ပန်ဆန်းကို သွားပြီးတော့ ဗကပရဲ့ မူဝါဒတွေ လက်ခံပြီးတော့မှ ပြန်လာတဲ့ အချိန်မှာ သူတို့က ဗကပရဲ့ အတွေးအမြင်တွေ ယုံကြည်ပြီးတော့ ခွဲထွက်တယ်ပေါ့။ ကျွန်တော်တို့ KNPP မူလကတော့ အမျိုးသားဒီမိုကရေစီမူကို အခြေခံထားတော့ မူဝါဒတွေ၊ ဝိဝါဒတွေ ကွဲပြီးတော့မှ ပထမဆုံးအနေနဲ့ ခွဲထွက်သွားတာက ကလလတ အဖွဲ့ပေါ့” ဟု KNPP မှ အဖွဲ့ငယ်များ ခွဲထွက်ခဲ့သည့် အကြောင်းအရင်းကို ခူးညေးရယ်က ဆိုသည်။
၎င်းက ဆက်ပြီး “ကျန်တဲ့ အဖွဲ့တွေကတော့ ဥပမာ KNSO ဆိုတာက အခု ခဲမဖြူ၊ မှော်ချီးမှာ နေတယ်။ အဲဒီအဖွဲ့က ရှင်းရှင်းပြောမယ်ဆိုရင် တော်လှန်ရေးရဲ့ ဒဏ်ကို သူတို့ မခံနိုင်တော့တာလား။ အဲဒီတုန်းက အပစ်ခတ်ရပ်စဲရေး ပျက်ပြီး သိပ်မကြာခင်မှာ (၁၉၉၅ ခုနှစ်၊ မတ်လတွင် KNPP အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း သုံးလသာ ကြာခဲ့) နဝတ၊ နအဖတို့က ကယားပြည်နယ် တစ်ခုလုံးကို ဒီကရင်နီပြည်နယ် တစ်ခုလုံးကို ဖြတ်လေးဖြတ် လုပ်တဲ့အခါကျတော့ သူတို့ (KNSO) အဲဒီမှာ တော်လှန်ရေးဒဏ်ကို မခံနိုင်တော့ ဝင်သွားပြီးတော့မှ KNSO ဆိုတာ ဖြစ်လာတယ်။ နောက်ပြီးတော့မှ ပယောနီဆိုတာလည်း အဲဒီလိုပါပဲ။ ဖရူဆိုအနောက်ဘက်ခြမ်းပေါ့။ သူတို့ အဖွဲ့ငယ်လေးတွေ ဖွဲ့ပြီးတော့မှ စစ်အစိုးရဘက် ဝင်သွားတာပေါ့” ဟု အကျဥ်းချုံး ရှင်းပြသည်။
KNPP မှ ခွဲထွက်သွားသည့် အဖွဲ့များအနက် ကလလတသည် နယ်ခြားစောင့်တပ် BGF အဖြစ် ရှိနေရာမှ လက်ရှိတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီကို ပြန်တိုက်နေပြီ ဖြစ်သော်လည်း အခြားအဖွဲ့များမှာ နိုင်ငံရေးရည်ရွယ်ချက် မရှိဘဲ အကျိုးစီးပွား တစ်ခုတည်းအတွက် စစ်ကောင်စီလက်အောက်ခံ BGF နှင့် ပြည်သူ့စစ်များအဖြစ်သာ ဆက်လက် ရှိနေဆဲ ဖြစ်သည်ဟု ကရင်နီတော်လှန်ရေးအင်အားစုများက ပြောသည်။
လက်ရှိစစ်ကောင်စီလက်အောက်ခံ အဖြစ် ရှိနေသည့် ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းငယ်များနှင့် ပတ်သက်ပြီး ကရင်နီလက်နက်ကိုင်များနှင့် နီးစပ်သည့် ဒေသခံသက်ကြီးပိုင်း အမျိုးသား တစ်ဦးက စီးပွားရေးဆန်ဆန်အဖွဲ့အဖြစ်သာ ရှိနေသည်ဟု ထောက်ပြပြောဆိုသည်။
“နိုင်ငံရေးထက် စစ်အစိုးရဲ့မက်လုံးတွေပေါ့။ ဥပမာ စီးပွားရေးလုပ်ကိုင်ခွင့် ပေးတယ်။ သစ်တွေ၊ ဘာတွေ ထုတ်ခွင့်ပေးတယ်။ အမျိုးမျိုးပေါ့။ စီပွားရေးနဲ့ ပတ်သက်တာ လုပ်ခွင့် ပေးတယ်။ နောက်ပြီးတော့ KNPP နဲ့ ပြန်တိုက်ခိုက်ပေါ့။ KNSO ဆိုလည်း မှော်ချီး ခဲမဖြူမှာ နေတာဆိုတော့ သူတို့ကို သတ္တုကျင်းတွေ ပေးတာ ရှိတယ်။ သူတို့က စီးပွားရေးဆန်ဆန်အဖွဲ့တွေ ဖြစ်သွားတယ်ပေါ့။ နိုင်ငံရေး ပေါ်လစီတွေ၊ ဘာတွေ သူတို့မှာ မရှိဘူး” ဟု ၎င်းက ပြောသည်။
ကရင်နီတိုင်းရင်သားအားလုံးအတွက် နိုင်ငံရေးဦးဆောင်မှု ပေးနိုင်ရန် ဖွဲ့စည်းခဲ့သော KNPP သည် ၂၀၀၀ ခုနှစ် နောက်ပိုင်း၌ ကရင်နီပြည် လုံးဝလွတ်လပ်ရေး ဆိုသည့် မူကို စွန့်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးနိုင်ရေးကို ပြောင်းလဲကိုင်စွဲခဲ့သည်။
KNPP သည် ၂၀၁၂ ခုနှစ်တွင် အသွင်ပြောင်းအရပ်သား စစ်အစိုးရနှင့် Bilateral ထိုးထားပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးရန် ဆွေးနွေးနေဆဲ အခြေအနေတွင် အာဏာသိမ်းဖြစ်စဥ်ကြောင့် တစ်နိုင်ငံလုံး ခုခံတော်လှန်စစ် ဆင်နွှဲနေချိန်၌ ၎င်းတို့သည်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေးအတွက် အပြင်းအထန် တိုက်ပွဲ ဝင်လျက် ရှိနေသည်။
ဖိနှပ်ခံ ကရင်နီလူထု အင်အားအလုံးရင်းဖြင့် လက်နက်ကိုင်တော်လှန်
********************************
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာစစ်တပ်များ ဝင်ရောက် စစ်ကြောင်းထိုးမှု၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားသော တိုက်ပွဲများ၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကရင်နီဒေသခံများသည် စစ်ဘေးဒဏ်ကို ကာလရှည်ကြာ ခံစားနေခဲ့ကြရသည်။
ထို့ပြင် စစ်ခေါင်းဆောင်များ၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ဒေသတွင်း၌ သစ်ထုတ်လုပ်နိုင်မှုများ၊ သတ္တုတွင်းများနှင့် ကျောက်ပြားစက်ရုံများ ရှိပြီး ဘီလူးချောင်း လောပိတရေအားလျှပ်စစ်ကဲ့သို့ တစ်နိုင်ငံလုံး အသုံးပြုနေခဲ့သည့် စီမံကိန်းကြီးများ ရှိနေသော်လည်း ကရင်နီပြည်ဒေသခံအများစုမှာ မီးမရရှိခဲ့သည့်အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများမှာလည်း များစွာ နောက်ကျကျန်နေခဲ့ရသည်။
“ကျွန်တော်တို့ ကရင်နီပြည်ဟာ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ဖိနှိပ်မှုအောက်မှာ နေခဲ့ရတာ။ အခုကျမှ နွေဦးတော်လှန်ရေးကြောင့်မိုလို့ စစ်ကိုင်း၊ မကွေးဘက်မှာ ရွာတွေ၊ ကျေးရွာတွေ မီးရှို့တယ်။ လူတွေ သတ်ဖြတ်တယ်ဆိုတာကို မြန်မာလူထုနဲ့ နိုင်ငံတကာက သိကြပေမယ့် ကျွန်တော်တို့ ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေတောင် မြန်မာလည်း မသိခဲ့ဘူး။ ကမ္ဘာလည်း သိပ်မသိခဲ့ကြတဲ့ ပုံမျိုးတွေ ရှိခဲ့တယ်။
ဥပမာဖြင့် ၉၀ (၁၉၉၀ ခုနှစ်) နောက်ပိုင်းမှာဆိုရင် ကျွန်တော်တို့ ရှားတောမြို့နယ် တစ်ခုတည်းမှာပဲ ကျေးရွာပေါင်း တစ်ရာကျော် ပြောင်းရွှေ့ခံရတာတွေ၊ မီးရှို့ခံရတာတွေ အခုလက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ကရင်နီဒုက္ခသည်စခန်းတွေဆိုတာ အဲဒီပြည်နယ်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေလို့ ပြောလို့ ရပါတယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
ခေတ်အဆက်ဆက် စစ်အစိုးလက်ထက်များ၌ အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကရင်နီပြည်၌ ၂၀၁၅ NLD အစိုးရလက်တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ပြဿနာနှင့် No Vote ကိစ္စများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ရသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် သပိတ်ကော်မတီ ပေါ်ပေါက်ခဲ့ပြီး ထောက်ခံသူနှင့် မထောက်ခံသူများအကြား ကွဲလွဲမှုများ ရှိခဲ့ပြန်သေးသည်။
သို့သော်လည်း စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူများကို အသက်သေစေသည်အထိ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကို နိုင်ငံအနှံ့ ပြုလုပ်လာပြီး ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကရင်နီ၌ အရပ်သားပြည်သူများ သေဆုံးမှု ရှိလာခဲ့ပြီးနေက် ကရင်နီလူငယ် အများအပြား လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ထို့ကြောင့် နှစ်ပေါင်းကြာရှည်စွာ လက်နက်စွဲကိုင်တော်လှန်နေခဲ့သည့် ကရင်နီပြည်တွင် လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း၌ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများက အားကောင်းကောင်းနှင့် ပေါ်ထွက်လာခဲ့သည်။ ယခင်က ရှိခဲ့သည့် ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းများမပါ လက်ရှိ နွေဦးတော်လှန်ရေး၌ ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တစ်ခုတည်းပင် တပ်ရင်း ၂၂ အထိ ရှိနေသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ သက်ဆိုင်ရာမြို့နယ် ကာကွယ်ရေးတပ်များနှင့် ကရင်နီ ဝံပုလွေစစ်ကြောင်းကဲ့သို့သော အခြားကရင်နီပူးပေါင်းတပ်များနှင့် ကရင်နီ စစ်ကြောင်းများကလည်း အင်အားထောင်ချီ ရှိနေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးမှ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ရသည့် ကရင်နီပြည်။
၁၉၄၈ ခုနှစ်ကတည်း နှစ်ပေါင်း ၇၀ ကျော်အကြာ စစ်အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်များကို တွန်းလှန်နေခဲ့သည့်ကရင်နီပြည်၌ လက်ရှိအာဏာသိမ်းကာလတွင်လည်း အရှိန်အဟုန်ဖြင့် တော်လှန်နေဆဲပင်။
အာဏာသိမ်းကာလအစောပိုင်းကတည်းက လက်နက်ကိုင်တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ထွက်ပေါ်လာသလို တစ်ဖက်တွင်လည်း ကရင်နီပြည်၏ နိုင်ငံရေးကဏ္ဍကို ဦးဆောင်နိုင်မည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(Karenni State Consultative Council-KSCC) သည်လည်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပေါ်ပေါက်လာသည်။
တိုင်ရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့၊ လူငယ်အရပ်ဖက်အစုအဖွဲ့၊ အမျိုးသမီးများအစုအဖွဲ့ စသည့် အစုအဖွဲ့ကြီး ၅ ခုမှ အဖွဲ့ဝင် ၃၇ ဦးဖြင့်KSCC ကို ဖွဲ့စည်းခဲ့သည်။
လက်နက်ကိုင်ခုခံတော်လှန်မှုသမိုင်းကြောင်း ရှည်ကြာနေခဲ့ပြီး အာဏာသိမ်းကာလအတွင်း၌လည်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအစုအဖွဲ့များ အားကောင်းကောင်းနှင့် ပေါ်ထွက်လာခဲ့သည့် ကရင်နီပြည်တွင် ၂၀၂၁ ခုနှစ်မေလကတည်းက ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
၂၀၂၁ မေလ ၂၁ ရက်တွင် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ၌ စတင်ခဲ့သည့် တိုက်ပွဲမှ ၆ မိုင်၊ ငွေတောင်၊ ဒီးမော့ဆို စသည့်နေရာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အချက်ရေ ရာချီ ပစ်ခတ်ခဲ့သည့်အပြင်တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုမေလအတွင်း၌ ဗိုးဗြဲဘက်တွင်လည်း ကရင်နီပူးပေါင်းတပ်များက မိုးဗြဲရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် မိုးဗြဲရထားလမ်းတိုက်ပွဲ၊ ကျောက်ဆည်ကန်တိုက်ပွဲတို့ ပြင်းထန်ဖြစ်ပွားခဲ့သည်။
အဆိုပါမေလအတွင်းတိုက်ပွဲများမှစပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့၊ ရှားတော၊ လွိုင်ကော် စသည့် ကယားပြည်နယ် မြို့နယ်များနှင့် ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့နယ်တို့၌ တိုက်ပွဲများ နှစ်လုံးပေါက် ဆက်တိုက်ဖြစ်ပွားခဲ့သည်။
၂၀၂၁ မေလ ၃၁ ရက်တွင် ကရင်နီကာကွယ်ရေးတပ်ဖွဲ့များနှင့် လူငယ်များကို စုစည်း၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် K.N.D.F ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ KNDF သည် ကရင်နီတပ်မတော် KA၊ ကရင်နီတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး ကရင်နီပြည်အနှံ့ ဗျူဟာ ၆ ခု ခွဲ၍ တိုက်ပွဲဆင်နွှဲနေခဲ့ရာ ၂၀၂၂ ခုနှစ်တွင်လည်း ကရင်နီပြည်နယ်၌ ပြင်းထန်တိုက်ပွဲများ ပိုမို ဖြစ်ပွားခဲ့သည်။
KNDF ၏ထုတ်ပြန်ချက်အရ ကရင်နီပြည်တွင် ၂၀၂၁ ခုနှစ်၌ တိုက်ပွဲပေါင်း ၁၃၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄၉ ဦး သေဆုံးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲပေါင်း ၃၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၇၈၉ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည် ။
ယခုနှစ် မေလ ၃၁ရက် KNDF နှစ်နှစ်ပြည့်အဖြစ် စစ်ရေးအချက်အလက်များကို KNDF က ထုတ်ပြန်လာရာ
ကရင်နီပြည်တစ်ဝှမ်းတွင် ၂၀၂၁ ခုနှစ်၊ မေလမှစ၍ ယခုနှစ် မေလ ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး KNDF နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်သား ၂,၀၆၅ ကျော်ကို သုတ်သင်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၄၁ ဦး ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ဟု ဆိုသည်။
အထက်ပါ အချက်အလက်များအရ ယခုနှစ်၂၀၂၃ အစောပိုင်း ၅ လအတွင်းတွင်ပင် ကရင်နီပြည်၌ တိုက်ပွဲပေါင်း၅၃၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၁၉ ဦးအထိ သေဆုံးခဲ့သည်ဟု ဆိုနိုင်သည်။
ယခုနှစ်အစပိုင်းတွင် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့မှုနှင့်ပတ်သက်ပြီး KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ယခုကဲ့သို့ ရှင်းပြသည်။
“ကျွန်တော်တို့ရဲ့ ကရင်နီပြည်ထဲမှာ ပြီးခဲ့တဲ့ နွေရာသီတလျှောက်လုံးမှာ စစ်ကောင်စီရဲ့ ထိုးစစ်ပေါ့နော်၊အပြင်းအထန် တိုက်ပွဲ လုပ်ခဲ့တယ်။ စစ်အင်အား ၃၀၀၀ နီးပါးပေါ့နော်။ ရှမ်းပြည်က တပ်တွေထုတ်ပြီးမှ ပြည်မကတပ်တချို့ ထုတ်ပြီးမှ နွေရာသီလောက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်အင်အားတွေကို အပြင်းအထန် လုပ်ခဲ့တယ်။ တပ်အင်အား သုံးထောင်လောက်က ကရင်နီပြည်ထဲကို အနည်းဆုံး သုံးနေရာလောက်က ထိုးစစ်ဆင်ခဲ့တယ်“
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့နယ်မှ ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်သို့ ထိုးဝင်လာသော စစ်ကြောင်းများ၊ ရှားတောမြို့နယ်ဘက်မှ ထိုးဝင်လာသော စစ်ကြောင်းများနှင့် ရဟတ်ယာဥ်များဖြင့် တပ်ဖွဲ့များ ချ၍ ဘောလခဲ၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်များတကြောမှ စစ်ကြောင်း ထိုးခဲ့သော စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ခဲ့သည်။
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းကို အင်အားအလုံးအရင်းဖြင့် First Wave (ပထမလှိုင်း) ပုံစံမျိုး ပထမအကြိမ် ထိုးစစ်ဆင်လာခဲ့သည်ကို တပ်ရင်းများ ပြုတ်သည်အထိ တပ်စုဖွဲ့မှု ပျက်ပြားခဲ့ရသည်အထိ အဆုံးသတ်တွန်းလှန်နိုင်ခဲ့သည်ဟု KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ပြောသည် ။
၎င်းက “ကျွန်တော်တို့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ထိုးစစ် First Wave က ဒီနှစ်မှာ ပြီးသွားပြီ။ ဒီနှစ်အစပိုင်းဖေဖော်ဝါရီလလောက်ကနေစပြီးတော့မှ မတ်၊ ဧပြီ၊ မေလောက်အထိကို ထိုးစစ်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာကကျွန်တော်တို့ ကရင်နီပြည်ကို ရောက်ရှိနေပြီးသား တပ်မ ၆၆၊ စကခ ၂၊ စကခ ၁၈ တို့ကို သုံးပြီးတော့ တွန်းတယ်။သို့သော်လည်း ကျွန်တော်တို့ကို ထိုးစစ် မဆင်နိုင်ဘဲနဲ့ သူတို့ ထိုးစစ်ဆင်လာတဲ့ တပ်ရင်းတွေသာလျှင် တစ်ရင်းလုံးပြုတ်တာမျိုးတွေ၊ နောက် တပ်ရင်းတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ ကျွန်တော်တို့ တွန်းလှန်နိုင်လိုက်တဲ့ အနေအထားရှိတယ်” ဟု ပြောသည်။
သို့သော်လည်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လအတွင်း၌ ထိုင်း–ကရင်နီနယ်စပ် မယ်စဲ့မြို့နယ်တွင် နယ်စပ်တပ်စခန်းများ ဆုံးရှုံးလိုက်ရပြီးနောက် ဇွန်လ နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ ဝေဟင်၊ မြေပြင်တို့မှ အပြင်းအထန်ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီက အင်အားထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင်နေသောကြောင့် မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ၊ လွိုင်ကော်၊ ရှားတော၊ ဖရူဆို၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များနှင့် ကရင်နီ–ကရင်နယ်စပ်ရှိယာဒိုဒေသတို့၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည် ။
လေကြောင်းပစ်ကူများဖြင့်ပါ စစ်ကောင်စီက ထိုးစစ်ဆင်နေခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၁၃၄ ဦး သေဆုံး၍ ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် တပ်စခန်းများနှင့် လက်နက်၊ ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။
ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက Second Wave (ဒုတိယလှိုင်း) ပုံစံမျိုး ဒုတိယအကြိမ် အင်အားအလုံးရင်းဖြင့် ထိုးစစ်ဆင်လာပြန်သော်လည်း ထိခိုက်ကျဆုံးမှု များနေဆဲ ဖြစ်သည်ဟု KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက ပြောသည် ။
၎င်းက “ရပခတိုင်းမှူးတွေက မကျေနပ်နိုင်ဘူး။ သူတို့ရဲ့ အရှိတရားကို လက်မခံနိုင်တဲ့အတွက် ကရင်နီမှာ အခုSecond Wave ထပ်လုပ်ပါတယ်။ ဒီအချိန်မှာတော့ သူတို့ တပ်မ ၅၅ ကို သုံးလာတယ်။ တပ်မ ၉၉ ရောက်မယ်ကြားတယ်။ မြေပြင်မှာ မတွေ့ရသေးဘူး။ တပ်မ ၅၅ အဖွဲ့တွေကို မြေပြင်မှာ တွေ့ရပြီ၊ထိတွေ့မှုတွေ ဖြစ်ပြီ၊ သူတို့ဘက်က ကျဆုံးမှုတွေ ရှိနေပြီးပေါ့နော်” ဟု ပြောသည် ။
ကရင်နီအိပ်မက်
*******************
KNDF သည် ပြည်သူများ၏ ကာကွယ်ရေးတာဝန်များသာမက နိုင်ငံရေး မူဝါဒများကို ရှင်းလင်းပြတ်သားစွာချမှတ်၍ တိုက်ခိုက်ရေးအတွက် တစ်ခုတည်းကိုသာ အာရုံစိုက်ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ အခြားသော အရေးကြီးလုပ်ငန်းစဥ်များကိုပါ ပူးတွဲလုပ်ဆောင်ခဲ့သည်။
ဥက္ကဋ္ဌ ခွန်းဘီထူးအပါအဝင် KNDF ခေါင်းဆောင်များသည် နိုင်ငံရေးနယ်ပယ်၌ ဆယ်စုနှစ် နှစ်ခုနီးပါးအကြာဖြတ်သန်းကျင်လည်လာခဲ့ကြသူများနည်းတူ ကဏ္ဍအသီးသီး ခွဲပြီး ပြည်သူလူထု၏ ဘဝလုံခြုံရေးကို အထူးအလေးပေးဆောင်ရွက်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင် ITF ကို ဖွဲ့စည်းပြီး ပြည်သူများမှ တိုင်ကြားလာသော အမှုကိစ္စများနှင့် တပ်ဖွဲ့များအကြား ပေါ်ပေါက်ခဲ့သော ပြဿနာများကို တပ်တွင်း စုံစမ်းစစ်ဆေးမှုများအကောင်းဆုံး ပြုလုပ်နိုင်ခဲ့သောကြောင့် ကရင်နီပြည်နယ်အတွင်း၌ ပြည်သူများအကြားသော်လည်းကောင်း၊တပ်ဖွဲ့များအချင်းချင်းကြားသော်လည်းကောင်း ပေါ်ပေါက်ခဲ့သော ပြဿနာများက အခြားပြည်နယ်၊ တိုင်းများနှင့်နှိုင်းယှဥ်ကြည့်လျှင် လွန်စွာ နည်းပါးနေခဲ့သည်ကို တွေ့ရှိရသည်။
စစ်ရေး၊ နိုင်ငံရေး ဆောင်ရွက်မှုကောင်းကောင်းဖြင့် အချိန်နှစ်နှစ်ကျော်ကို ဖြတ်သန်းလာခဲ့ပြီးနောက် KNDF က၎င်းတို့ တပ်ဖွဲ့ ထူထောင်ခြင်း နှစ်နှစ်ပြည့် ယခုနှစ် မေလ ၃၁ ရက်၌ ကရင်နီအိပ်မက်ကို မကြာမီအကောင်အထည်ဖော်မည်ဟု ကြုံးဝါးခဲ့သလို အရေးကြီးသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတချို့ကို ထုတ်ဖော်ပြောကြားလာသည်။
ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
KNLA တို့ထံမှ စစ်သင်တန်းနှင့် စစ်ရေးနည်းနာများစွာကို ရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA ၊ TNLA နှင့် AA တို့ထံမှ လက်နက်ခဲယမ်းများနှင့် တန်ဖိုး မဖြတ်နိုင်သည့် စစ်ရေးအကူအညီများကို ရရှိခဲ့သည်ဟု KNDF က ကြေညာခဲ့သည်။
ကရင်နီအိပ်မက်ကို အကော်အထည်ဖော်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီ မကြာမီတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၏ ကြားကာလအစီအမံအရ ယခုနှစ် ဇွန်လ ၁၂ ရက်တွင် ကရင်နီပြည်ကြားလအုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council-IEC) ကို ဖွဲ့စည်းခဲ့သည်ဟု ကြေညာလာသည်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ နှင့် KNDF ဥက္ကဋ္ဌတို့ ဦးဆောင်ပြီး ခေါင်းဆောင် ၆ ဦးဖြင့် ဖွဲ့စည်းထားသည့် IEC တွင် ပြည်နယ်ရေးရာဌာန အနည်းဆုံး ၁၂ ခု ထားရှိသွားမည်ဖြစ်သည်ဟု သိရသည်။
KSCC က မဟာဗျူဟာ ရေးစွဲ ဖွဲ့စည်းထားသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ၊ နိုင်ငံတကာနှင့် မဟာမိတ်ဆက်ဆံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ပညာရေးကော်မတီ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးကော်မတီ၊ CDM ကော်မတီနှင့် ဘဏ္ဍရေးကော်မတီတို့လည်း IEC အောက် ထည့်သွင်းပြီး အကော်အထည်ဖော်သွားမည်ဖြစ်သည်။ ပြန့်ကျဲနေသည့် အုပ်ချုပ်ရေးနှင့် ပြန့်ကျဲနေသည့် တော်လှန်ရေး တပ်ဖွဲ့များကို စုစည်းနိုင်ရန် IEC ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု KNDF ဥက္ကဋ္ဌလည်း ဖြစ်ပြီး IEC ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ခွန်းဘီထူးက ပြောသည်။
“အရင်တုန်းက ရှိနေထားတဲ့ EAO တွေရဲ့ အုပ်ချုပ်ရေး ရှိပါတယ်။ အဲဒါတွေက ဥပမာဆိုရင် ကလလတ၊ တခြားသော ကယန်းပြည်သစ်၊ ကယောတို့ပေါ့နော်။ သူတို့ရဲ့ထိန်းချုပ်နယ်မြေ တပ်စွဲရာ နေရာတွေမှာ သူတို့ရဲ့ အုပ်ချုပ်ရေးတွေ တစ်စုံတရာ ရှိတယ်ပေါ့နော်။ ဒီဟာတွေကို ထိန်းညှိဖို့ ဆောင်ရွက်သွားဖို့ ရှိသလို အထူးသဖြင့်တော်လှန်ရေးအစိုးရအဖြစ် ရပ်တည်ထားတဲ့ အစိုး ရရှိပါတယ်။ အဲဒီအစိုးရ ယန္တရားတွေနဲ့ ပေါင်းစပ်ညှိနှိုင်းထားပြီးတော့မှ တစ်ခုတည်းသော ကြားကာလအစိုးရပုံစံမျိုး ချီတက်သွားဖို့ ရှိပါတယ်” ဟု IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးကပြောသည်။
ကရင်နီပြည်၌ ပြည်နယ်အဆင့် ကြားကာလအစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ရက်ပိုင်းအတွင်းဖြစ်သည့် ဇွန်လ ၁၃ရက်တွင် ကရင်နီ–ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းများကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။
ပြည်ပရန်ကို ကာကွယ်ရန် အခိုင်အမာ တည်ဆောက်ထားသည့် မဆုတ်တန်း တပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက ဇွန်လ ၂၄ ရက်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီးမယ်စဲ့မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ ၅ရှိ KNLA တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့သလို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အဖြစ် ရှိနေခဲ့သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ KNPLF က ကရင်နီတော်လှန်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများအပြီး ဇူလိုင် ၁ ရက်တွင် စစ်အုပ်စုကို တိုက်ခိုက်နေသည့်တောင်ပေါ်၊ မြေပြန့်ဒေသအနှံ့က ရဲဘော်များနှင့်အတူ ရင်ဘောင်တန်းပြီး စစ်အုပ်စုကို ပြန်တိုက်ခိုက်နေပြီဟုKNPLF က တရားဝင် ထုတ်ပြန်ကြေညာလာသည်။ ထိုထုတ်ပြန်ချက်၌ ၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်အထိ နှစ်ပေါင်း၃၀ နီးပါး အပစ်ရပ်ကာလအတွင်း BGF အဖြစ် အသွင်းပြောင်းပေးရသည့် အခြေအနေအထိ ကျဆင်းခဲ့ရကြောင်းနှင့် လက်ရှိအချိန်၌ စစ်အုပ်စု၏ အဆွယ်အပွား တစ်ခုဖြစ်သည့် နယ်ခြားစောင့်တပ် BGF ဘဝကနေ စစ်အုပ်စုကို ပြန်လည်ခုခံတိုက်ခိုက်သည့် တပ်အဖြစ် အောင်မြင်စွာ ပြန်လည် ရုန်းထွက်နိုင်ခဲ့ကြပြီဟု ဖော်ပြထားသည်။
KNPP မှ ခွဲထွက်ခဲ့ပြီး ရာစုနှစ်တစ်ဝက်နီးပါးအကြာ ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခများကို နှစ်ဦးနှစ်ဖက် ဝန်ခံသွားကြရမည့် အချိန်ရောက်ပြီဟု ကလလတ တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးက ပြောသည်။
“ဒီကနေ့ ကျွန်တော်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဒီပဋိပက္ခတွေကို ရှေ့တန်းမတင်တော့ဘဲနဲ့ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်တယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရော KNPP အဖွဲ့အစည်းရောဒီပဋိပက္ခတွေကို မြေမြုပ်သင်္ဂြိုလ်လိုက်ပြီဖြစ်ပါတယ်” ဟု ရဲဘော်လောရင်းစိုးက ပြောသည်။
KNPP အပါအဝင် ကရင်နီပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီကို ပြန်တိုက်ခိုက်နေသည့် KNPLF တွင် တပ်ရင်း၅ ရင်း အခိုင်အမာရှိနေသည်ဟု ဆိုသည်။ KNPLF ကဲ့သို့သော ၎င်းတို့၏ လက်အောက်ခံအဖြစ် ရှိခဲ့သည့် BGF တပ်ရင်းများက ပြန်တိုက်ခိုက်မှုနှင့် ကြုံနေရပြီး တပ်စခန်းများပါ ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းကို ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှစ၍ ယနေ့အထိ ဝေဟင်၊ မြေပြင်မှ အပြင်းအထန် ထိုးစစ်ဆင်နေသည်။
သို့သော်လည်း ပြင်းထန်တိုက်ပွဲများကြား၊ စစ်ကောင်စီ၏ထိုး စစ်များကြား၌ပင် ပြီးခဲ့သည့် ရက်သတ္တပတ် သြဂုတ်လ ၆ ရက်တွင် အရေးကြီး ဌာန ၇ ခုကို ဖွဲ့စည်း အကောင်အထည်ဖော်နေပြီဟု
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ကြေညာလာသည်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများ ပြည်သူ့ထံ တင်ပြအစီရင်ခံခြင်း ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေညာချက်၌ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်းဘဏ္ဍာရေးနှင့် အခွန်ဌာန စသည့် ဌာန ၇ ခုကို ဦးစားပေးဆောင်ရွက်နေပြီဟု ဆိုသည် ။
ဖြတ်ကျော်ရအုံးမည့် အခက်အခဲ၊ စိန်ခေါ်မှုများ
**************************
ကရင်နီပြည်တွင် စစ်ရေးအောင်မြင်မှုများအပြင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကဲ့သို့ ပြည်နယ်အဆင့်အစိုးရ တစ်ရပ်ကို ပထမဆုံး ဖွဲ့စည်းလိုက်နိုင်သည့် အခြေအနေများကြောင့် ကရင်နီပြည်သည် လက်ရှိနွေဦးတော်လှန်ကာလအတွင်း၌ ဦးဆုံး လွတ်လပ်သည့် ပြည်နယ် တစ်ခု ဖြစ်လာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများကသုံးသပ်ကြသည်။
သို့သော်အခက်အခဲစိန်ခေါ်မှုများက များစွာ ရှိနေသည်။ မယ်စဲ့မြို့ကို ကရင်နီတော်လှန်ရေးအင်အားစုများကထိန်းချုပ်ထားသည်မှာ တစ်လကျော် ကြာနေပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်နီပြည်သူ ၉၀၀၀ ကျော် ထိုင်းနိုင်ငံတွင် ခိုလှိုနေရဆဲဖြစ်သည်။
ထို့ပြင် ကရင်နီပြည်နယ်အတွင်း၌လည်း စစ်ဘေးရှောင် အများအပြား ရှိနေသေးသည်။ ကယားပြည်နယ်နှင့် ရှမ်းတောင်ပိုင်း မြို့နယ်တချို့ ပါဝင်သည့် ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် နှစ်သိန်းခုနှစ်သောင်းနီးပါးအထိ ရှိနေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ အကြီးအကဲလည်း ဖြစ်သူ လက်ရှိ IEC အတွင်းရေးမှူး၂ ဗညားခွန်အောင်က ပြောသည်။
စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များကို လေယာဥ်ဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများနှင့် လက်ရှိပြင်းထန်တိုက်ပွဲများကြောင့် တောတောင်များ၌ တိမ်းရှောင်နေကြရသည့် ကရင်နီစစ်ဘေးရှောင် ထောင်ချီအတွက်စားနပ်ရိက္ခာ၊ အမိုးအကာနှင့်ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းမှ စ၍ ရှောင်တိမ်းကြရသည့် စစ်ဘေးရှောင်များသည် အရေးပေါ် အကူအညီများ လိုအပ်သလို နှစ်ချီကြာအောင် စစ်ရှောင်နေကြရသည့် ကရင်နီဒေသခံသောင်းချီသည်လည်း စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကြုံနေကြရသည် ။
ကိုယ်ဝန်လနုနုအချိန်ကတည်းက စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိ ကလေး ဆယ်လကျော်ဖြစ်လာသည့်အထိ စစ်ရှောင်နေရဆဲဖြစ်သည့် ရှမ်း–ကယားနယ်စပ် ကျေးရွာ တစ်ရွာမှ မအဂ္ဂနက်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကပြောမကုန်နိုင်တော့ပြီဟု ဆိုသည်။
“ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲက အများကြီး ရှိတာပေါ့။ အမျိုးမျိုးပဲ ပြောရမယ်ဆို မကုန်နိုင်ဘူး။ အဓိက ကတော့စားဝတ်နေရေးပေါ့။ နောက် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကလည်း လုံခြုံမှု မရှိဘူး။ အထွေထွေပေါ့၊ပြောရမယ်ဆို အများကြီးပဲ။ အခုဆို ကုန်စျေးနှုန်းက အရှိန်နဲ့ တက်နေတော့ ချေးငှားထားရတဲ့ ဟာလေးတွေကို ချွေချွေတာတာနဲ့ စားနေရတာ။ ကလေး နေမကောင်းတာတောင် ဆေးရည် မတိုက်နိုင်ဘူး။ လေးငါးထောင်လောက် ရှိတော့။ ကလေးငယ်ငယ်လေးက ဆေးရည်ပဲ တိုက်ရမှာဆိုပေမယ့် မတတ်နိုင်တော့ ဆေးလုံးကိုပဲ ကြိတ်ပြီး တိုက်ရတယ်” ဟု မအဂ္ဂနက်က အခက်အခဲများကို ငြိုးငယ်စွာ ပြောဆိုသည်။
အခက်အခဲများစွာကြားက စစ်ရှောင်နေရပြီး အကူအညီအထောက်အပံများလည်း မရှိသောကြောင့်
အချိန်ထပ်ကြာလာလျှင် မိသားစု စားဝတ်နေရေးအတွက် အခက်အခဲပိုဖြစ်လာနိုင်သောကြောင့် အမြန်ဆုံးငြိမ်းချမ်းချင်သည်မှာမအဂ္ဂနက်၏ ဆန္ဒဖြစ်သည်။
ကရင်နီပြည်တွင် စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်များနှင့် အရပ်သားပြည်သူများ သေဆုံးမှု ၅၁၆ ဦးအထိ ရှိနေသည်ဟု ယခုသြဂုတ်လ ၁ ရက်တွင် တိုးတက်သော ကရင်နီပြည်သူအင်အားစု PKPF က ထုတ်ပြန်ထားသည်။ထိုသေဆုံးမှုများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မိုင်းထိမှန်မှု၊ ဆေးဝါးပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောင်မှု ကောင်းစွာ မရရှိမှု စသည့် အကြောင်းအရင်းများကြောင့် အဓိက ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟု ဆိုသည်။
ကရင်နီပြည်သူများ၏ ဘဝလုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အကူအညီများစွာ လိုအပ်နေသလို တစ်ဖက်တွင်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် ဆင်နွှဲနေရသည့်တိုက်ပွဲများအတွက်လည်း ဘဏ္ဍာငွေကြေး လိုအပ်ချက်က ကြီးမားလို့ နေပြန်သည်။ ပြင်းထန်တိုက်ပွဲများအတွက်တစ်ရက်တည်းပင်လျှင် သိန်းထောင်ချီအထိ ကုန်ကျစရိတ် ရှိနေပြီး ထိုကုန်ကျစရိတ်များအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုအဓိက မှီခိုနေကြရသည်။
စစ်ရေးကုန်ကျစရိတ်များ ကြီးမားမှုကို ကရင်နီပြည်တပ်ဖွဲ့အသီးသီးက လစဥ်၊ အပတ်စဥ် အကူအညီတောင်းခံနေသည့် ကျပ်သိန်းပေါင်း သောင်းချီအထိ ရှိနေသော ကမ်းပိန်းများကို ကြည့်လျှင် သိရှိနိုင်မည်ဖြစ်သည်။
ထိုသို့အခက်အခဲ အကြပ်အတည်းကြားမှာပင် ကရင်နီပြည်၌ ကျောင်းပေါင်း ၄၀၀ နီးပါး ဖွင့်လှစ်၍ ကလေးငယ်လေးသောင်းနီးပါးအထိ ပညာသင်ကြားပေးနိုင်ခဲ့ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူ့ရဲဌာနများ ဖွင့်လှစ်ထား၍လည်း ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အမှုအခင်းများနှင့် လုံခြုံရေးတို့အတွက် ဆောင်ရွက်ပေးနေသည်ဟု IEC က ဖော်ပြထားသည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် တစ်ခု တည်ဆောက်ရေးအတွက် အကော်အထည်ဖော် ကြိုးပမ်းနေသည့် ကရင်နီပြည်တွင် စစ်မီးငြိမ်းချမ်းသွားလျှင်တောင် ညှိနှိုင်းဖြေရှင်းရမည့် ပြဿနာကိစ္စရပ်များက စီးကြိုနေဦးမည်ဖြစ်သည်။
ကရင်နီပြည်နှင့် ကယားပြည်နယ် ကွဲပြားနေမှု၊ ကရင်နီအမျိုးသားနေ့ကို နှစ်ပေါင်း ၁၄၈ တိုင် အများစုက ကျင်းပနေပြီး ကယားပြည်နယ်နေ့ကို တချို့က လက်ခံကျင်းပနေမှု၊ ယခင်က ကရင်နီပြည်အဖြစ် ရှိသော ဒေသများမှာရှမ်းတောင်ပိုင်းနှင့် နေပြည်တော်ကောင်စီတို့တွင် ပါဝင်နေမှု၊ ကယန်းပြည်သစ်ကဲ့သို့ ပြည်နယ်တစ်ခု ပေါ်ပေါက်ရန်ကြိုးစားနေမှု စသည့် လူမျိုးစုများအကြား ကွဲလွဲမှုများနှင့် နယ်မြေပိုင်းခြားမှုပြဿနာများကို ဆက်လက် ညှိနှိုင်းဖြေရှင်းကြရဦးမည်ဖြစ်သည်။
“ကရင်နီအိပ်မက်(သို့မဟုတ်) နွေးဦးတော်လှန်ရေးရဲ့ဖက်ဒရယ်ရောင်နီ “
သတင်းဆောင်းပါး ပထမပိုင်းအဖြစ် “လွတ်လပ်ရေးရပြီးမှ တော်လှန်ရေးစခဲ့ရသည့် ကရင်နီပြည်၊ KNPP မှလက်နက်ကိုင်အဖွဲ့အစည်းများ ခွဲထွက်ခဲ့မှု၊ ဖိနှိပ်ခံ ကရင်နီလူထု အင်အားအလုံးအရင်းဖြင့် လက်နက်ကိုင်တော်လှန်” စသည့်ခေါင်းစဥ်ခွဲများဖြင့် ဖော်ပြပေးခဲ့ပြီး ဖြစ်သည်။