ယမင်းဖူးပွင့်အောင်
ဇူလိုင် ၆၊ ၂၀၂၃။
ပဲခူးတိုင်းတွင် စစ်ပန်းနေသည့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်၍ စစ်ရေးအရှိန်မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပဲခူးတိုင်း၏ စစ်ရေးအခြေအနေကို ခံစစ်မှ ထိုးစစ်ဆင်တိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၏ ဒုတပ်ရင်းမှူး ခွန်ဇော်က သံလွင်ခက်ကိုပြောသည်။
“အခုချိန်မှာ ERO(တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ) တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိလာပါတယ်။ရိုးမတွေရှိတယ်။ တောင်တွေရှိတယ်။ ရန်ကုန်−မန္တလေးလမ်းဟောင်းရော လမ်းသစ်ရောရှိတယ်။ လမ်းသစ်က ရန်ကုန်ပြည်လမ်းနဲ့ ချိတ်ဆက်ထားတဲ့ ပဲခူးရိုးမ ဖြတ်လမ်းတွေလည်းရှိတယ်။ ဒီလမ်းတွေကိုသာ ထိန်းချုပ်ထားနိုင်မယ်ဆိုရင် စစ်ရေးဗျူဟာအရ အားသာချက်တွေအများကြီးရှိလာနိုင်တယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဘက်ကလည်း ပဲခူးတိုင်းအတွင်းကို စစ်အင်အားထပ်တိုးချထားသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
ပဲခူးရိုးမသည် ပထဝီအနေအထားအရ အချက်အချာကျသည့်အပြင် စစ်ဗျူဟာအရ ခြေကုပ်ယူရန် ကောင်းမွန်သည့်နေရာဖြစ်သည့်အတွက် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစု နှစ်ဖက်လုံးအတွက် အရေးကြီးသည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ တပ်ရင်းမှူး ဗိုလ်နေက ပြောသည်။
၎င်းက “စစ်ကောင်စီ(စကစ)ရဲ့ အဓိက အားနည်းချက်ကတော့ လူသားအရင်းမြစ်နည်းပါးမှုဖြစ်တဲ့အတွက် စစ်ပန်းမှုတွေဖြစ်နေပြီလို့ သတင်းရတယ်။ အခု ကမ်ပိန်းလုပ်နေတဲ့ မမ လက်နက်ကြီးတွေကို ပဲခူးမြေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပိုင်ဆိုင်ရပြီဆိုရင်တော့ စကစ ထိန်းချုပ်နယ်မြေတွေကို သွားရောက်တိုက်ခိုက်ပြီး စစ်ရေးဖိအားပေးနိုင်ပြီး သူတို့အတွက် ပိုစစ်ပန်းလာစေမှာပါ” ဟုပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များက ပဲခူးတိုင်းကို ဖြတ်လေးဖြတ်စနစ်ကျင့်သုံးနေပြီး တော်လှန်ရေးအင်အားစုများ၏ နယ်မြေများကို စစ်ကြောင်းထိုးရှင်းလင်းနေသည်ဟု ၎င်းကဆက်ပြောသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ တပ်ရင်းမှူး ဗိုလ်နေက “ရိက္ခာလက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့စစ်ဆေးနေပါတယ်။ အချက်အချာကျတဲ့ ကျေးရွာတွေထဲကိုလည်းတပ်စွဲထားပြီး တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေတွေ ထဲကို စစ်ကြောင်းထိုးရှင်းလင်းမှုတွေလည်း ပြုလုပ်နေတယ်။ စကစရဲ့ ဖြတ်လေးဖြတ် ဖြစ်တဲ့ သတင်း၊ ရိက္ခာ၊ လက်နက်ခဲယမ်းဖြတ်တောက်မှုတွေက တော်လှန်ရေး အင်အားစုတွေကို အကျိုးသက်ရောက်မှု တွေဖြစ်စေပါတယ်” ဟုပြောသည်။
ပဲခူးတိုင်းတွင် စစ်ရေးအရှိန်မြှင့်တင်ရန် လိုအပ်သည့် လက်နက်ခဲယမ်းများရရှိနိုင်ရေးအတွက် “ မမအားနဲ့ မိစ္ဆာရှင်းဖို့ ပဲခူးမြေကို ထောက်ကူစို့” ဟူသည့် ကမ်ပိန်းပြုလုပ်နေပြီး ပြည်သူလူထုအနေဖြင့်လည်း ပါဝင်ကူညီအားဖြည့်ပေးကြရန် ပဲခူးတိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်တွန်းထားသည်။
ဇွန်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြင့်တင်မည်ဖြစ်သဖြင့် အမြန်လမ်းများ သွားလာချိန်ကို တောင်ပိုင်း အမှတ် ၂ စစ်ဒေသခွဲက ကန့်သတ်ထားသည်။
ပုံစာ – ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Photo – ပဲခူးခရိုင် တပ်ရင်းအမှတ် ၃၇၀၁-Giant Dragon