နန်းဆုပန်ခန့်
ဇွန် ၇၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်နှင့် မြဝတီမြို့အနီးရှိ တရုတ်စီမံကိန်းများကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးများ ဖြတ်တောက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
ရွှေကုက္ကိုလ်မြို့သစ်နှင့် မြဝတီမြို့အနီးကို ပေးနေသည့် လျှပ်စစ်မီးများကို ဖြတ်တောက်မည်ဟု ယခုလဆန်းပိုင်း၌ထိုင်းနိုင်ငံဘက်က ကြေညာပြီးနောက်ပိုင်းမှာ လျှပ်စစ်မီးများ မရရှိတော့ခြင်းဖြစ်သည်။
ရွှေကုက္ကိုလ်မြို့သစ်တွင် ယခုလဇွန် ၅ ရက် ညပိုင်းကတည်းက တရုတ်စီမံကိန်းများအားလုံးတွင် လျှပ်စစ်မီးမရရှိတော့ဟု အဆိုပါစီမံကိန်းတွင် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက အတည်ပြုပြောသည်။
“တရုတ်ဆိုဒ်တွေ၊ အလုပ်ရုံတွေ အားလုံးရော မြို့ထဲလည်း ဖြတ်တယ်။ အပြီးဖြတ်တာလို့ ကြားနေရတယ်။ တရုတ်ဆိုဒ်နဲ့ နီးတဲ့ နေရာတွေ အကုန် ဖြတ်တယ်။ ရွှေကုက္ကိုလ်မြို့ထဲမှာက ရပ်ကွက် ၂ က တရုတ်နဲ့ ဝေးလို့ အဲဒီတစ်ရပ်ကွက်ပဲ မီးရတယ်။ ပြီးတော့ ကျောက်ဖျာဆိုတာက မြို့နယ်ခွဲပေါ့ ။ အဲဒီမှာလည်း ရပ်ကွက် ၁၊ ၂ ရှိတယ်လေ။ ကျောက်ဖျာ ၂ ကလည်း တရုတ်နဲ့ ဝေးလို့ အဲဒီမှာ ပေးတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ မီးဖြတ်တောက်မှုနှင့်ပတ်သက်ပြီး ရွှေကုက္ကိုလ်မြို့တွင်း၌ ကြိုတင်သတိပေးတားမြစ်မှုများလည်း မရှိသလို လက်ရှိအချိန်အထိ ညဆိုင်းသမားများက ဆိုင်ကယ်၊ ကားမီးများဖြင့် သွားလာနေကြရသည်ဟု သိရသည်။
ထို့ပြင် စျေးဆိုင်များနှင့် တရုတ်စီမံကိန်းများမှာ မီးစက်များ မောင်းပြီး အလုပ်များ ဆက်လုပ်နေကြသည်ဟုဒေသခံများက ပြောသည်။
ရွှေကုက္ကိုမြို့ထဲရှိ တရုတ်လူမျိုးပိုင် လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်နေသည့် အမျိုးသားတစ်ဦးက “မီးက ပြတ်သွားတာကြာပြီ။ ကျွန်တော်က မသိလိုက်တာ။ အလုပ်က မီးစက်မောင်းထားပေးတာတဲ့” ဟု ယနေ့နံနက်အစောပိုင်းတွင် သံလွင်ခက်ကို ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်နည်းတူ မြဝတီမြို့အနီး အင်ကြင်းမြိုင်ဒေသအတွင်းရှိ တရုတ်စီမံကိန်းများနှင့် ကျေးရွာတချို့တွင်လည်း လျှပ်စစ်မီးများ မရရှိတော့ဟု ဒေသခံများထံမှ သိရသည်။
“၄ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ တရုတ်ဆိုက်တွေကို ဖြတ်လိုက်ပြီ။ ရွာကိုတော့ မီးမဖြတ်ဘူး။ လိုင်းတွေလည်း မတူလို့လေ။ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူးဘက်တွေက ၅ ရက်နေ့ ညမှာ ဖြတ်လိုက်တယ်တဲ့။ သူတို့ ရွာတွေက တရုတ်ဆိုက် မီးလိုင်းတွေနဲ့ တစ်လိုင်းတည်းလား မသိဘူး” ဟု မယ်ထော်သလေး ဒေသခံ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
မြဝတီမြို့အနီး တချို့ကျေးရွာများတွင် မြန်မာဘက်က ပေးသည့် မီးလိုင်းနှင့် ထိုင်းနိုင်ငံဘက်က ပေးသည့် မီးလိုင်းတို့ ရှိနေပြီး လက်ရှိတွင် မယ်ထော်သလေးအပါအဝင် တချို့ကျေးရွာများမှာ လျှပ်စစ်မီးဆက်ရရှိနေသော်လည်းမီတာခများ စျေးပိုပေးရသည်ဟု သိရသည်။
ယခင်က တစ်ယူနစ် ထိုင်းငွေ ၆ ဘတ်၊ ၇ ဘတ်မှ ယခုတွင် တစ်ယူနစ် ထိုင်းငွေ ၁၀ ဘတ် (ကျပ် ၈၀၀ ကျော်) ပေးရသည်ဟု မယ်ထော်သလေး ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
အဆိုပါ မီးဖြတ်တောက်မှုများသည် ထိုင်းနိုင်ငံနှင့် ရွှေမြစ်သောင်းရင်းကုမ္ပဏီကြား ချုပ်ဆိုထားသည့် သဘောတူညီချက်ကို ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးက ထိုင်းအစိုးရစွမ်းအင်အာဏာပိုင်များနှင့် ဆက်သွယ်ပြီးဖျက်သိမ်းလိုက်ခြင်းကြောင့်ဖြစ်သည်ဟု BGF ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သည့် မြဝတီမြို့ခံတစ်ဦးကပြောသည်။
“ရွှေမြစ်သောင်းရင်း ကုမ္ပဏီက BGF က အရာရှိဗိုလ်တစ်ယောက်ပိုင်တဲ့ ကုမ္ပဏီ။ သူက နှစ်ဖက်ချိတ်ဆက်နေတာကို စစ်ကောင်စီဘက်က ရိပ်မိသွားပြီး သူ့ကို ဖမ်းဝရမ်းထုတ်ဖို့အထိ သတင်းတွေ ထွက်လာတာ။ နောက်နေပြည်တော်အထိ တက်ရှင်းပြီးတော့ မီးဖြတ်တဲ့ ကိစ္စတွေ ဖြစ်လာတော့တာပဲ” ဟု အဆိုပါအဖွဲ့အစည်းများနှင့်ကူးလူးဆက်သွယ်မှုရှိသည့် မြဝတီမြို့ခံ တစ်ဦးက သံလွင်ခက်ကို ပြောသည်။
အဆိုပါ အရာရှိ၏ အမည်ကို ထုတ်ဖော်ပြောဆိုသွားသော်လည်း သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေသောကြောင့် ထည့်သွင်းဖော်ပြထားခြင်းမရှိခြင်းဖြစ်သည်။
ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုလောင်းကစားရုံများတွင်ခိုလှုံနေသည့် တရုတ်လူမျိုး တစ်ဦးကို တရုတ်အစိုးရထံလွှဲပြောင်းပေးရန် သဘောတူညီကြောင်းကို ထိုင်းတရားရုံးက ဆုံးဖြတ်ချက်ချပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌လည်းလျှပ်စစ်မီးဖြတ်တောက်မည့် သတင်းများကို ထိုင်းသတင်းများက ဖော်ပြထားသည်။
လျှပ်စစ်မီးများ ဖြတ်တောက်ခံရသည့်အတွက် BGF ဘက်က သဘောမတူညီဟု သတင်းများလည်း ထွက်ပေါ်နေပြီး မြန်မာ–ထိုင်းနယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတံတားများ ဖြတ်သန်းသွားလာမှုကို မြန်မာဘက်က ခွင့်ပြုတော့မည်မဟုတ်ဟုလည်း ကောလာဟလသတင်းများလည်း ထွက်ပေါ်နေခဲ့ပြီး နောက်ဆက်တွဲအခြေအနေများကိုသံလွင်ခက်အနေဖြင့် စုံစမ်းဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
ပုံစာ–ရွှေကုက္ကိုမြို့သစ်အား လျှပ်စစ်မီးမဖြတ်မီ၌ ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းမှ မြင်တွေ့ရမှု။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1347
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4993
Website ->https://eng.thanlwinkhet.net