သံလွင်ခက်။
ဇွန် ၇ ၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိနယ်မြေရဲစခန်းအပါအဝင် တပ်စခန်းတချို့ အတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားတိုးချထားသည်ဟုဒေသခံများထံကသိရသည်။
ယမန်နေ့ ဇွန် ၅ ရက် ညနေပိုင်းမှစတင်ကာ ပဲနွယ်ကုန်းမြို့၊ ညောင်ဝိုင်းကျေးရွာ၊ ကွင်းချောင်းဝကျေးရွာတို့ဘက်မှနတ်သံကွင်းဘက်သို့ အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက ” သူတို့ အင်အားတွေ ထပ်တိုးလာတယ်။ နတ်သံကွင်းအထဲမှာပဲ အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတယ်။ မနေ့က တိုက်ပွဲဖြစ်ပြီး လေယာဉ်လာပစ်ပြီးနောက်ပိုင်း ကား ၆ စီးနဲ့ အင်အားလာချထားတယ်။ အဲ့ကနေ ကူးလာတာ။ ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် နတ်သံကွင်းမြို့ထဲရှိ ၄ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၁ ရပ်ကွက်၊ ရဲစခန်း၊စာသင်ကျောင်းဟောင်းအပါအဝင် တံခွန်တိုင်ရပ်ကွက်တွင် အင်အားဖြန့်ချထားသည်ဟု ဒေသခံများထံက သိရသည်။
စစ်အင်အားတိုးချဲ့လာသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်သောကြောင့် ပြောင်းရွေ့မှုများလုပ်ဆောင်နေသည်ဟု နတ်သံကွင်းမြို့ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” ကျိုးသွားတဲ့တံတားကနေ ဆွဲတက်ပြီး ကူးနေကြတာ။ ပြီးတော့ တံတားပိတ်မှာ ကြောက်လို့ နောက်ထပ်ကျိုးသွားရင် လမ်းစပျောက်မှာ “ဟုဆိုသည်။
ထို့ပြင် နတ်သံကွင်း စစ်တောင်းမြစ်ကူး တံတားအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်ဟုဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၆ ရက် နံနက် ၄ နာရီမှ စတင်ကာ ၈နာရီထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်– KNLA ပူးပေါင်းစစ်ကြောင်းက နတ်သံကွင်း နယ်မြေရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း KNLA ပူးပေါင်းစစ်ကြောင်းမှ ကာကွယ်တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ ဦးထက်မနည်းသေဆုံးပြီး ၎င်းတို့၏ အဓိက ထောက်ပို့လမ်းကြောင်းဖြစ်သည့် ကွင်းချောင်းဝ – နတ်သံကွင်းကြားရှိ စစ်တောင်းမြစ်ကူးတံတားလည်း ကျိုးကျပျက်စီးခဲ့သည်။
ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းများမှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည့်မှတ်တမ်းဓတ်ပုံများထွက်လာသော်လည်း အသေးစိတ်အချက်လက်များကို ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအပါအဝင်တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ထို့သို့သော တိုက်ပွဲများကြောင့် ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ အုန်းပင်စု စသည့်ကျေးရွာများနှင့်နတ်သံကွင်းမြို့မှ ဒေသခံ ၅ ထောင်ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ပုံစာ – ကျိုးကျပြီးနောက် မြင်တွေ့ရသည့် ကွင်းချောင်းဝ – နတ်သံကွင်းကြားရှိ စစ်တောင်းမြစ်ကူးတံတားမြင်ကွင်း။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1349
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4996
Website ->https://eng.thanlwinkhet.net