![]()
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် အင်အားအလုံးအရင်းဖြင့် ထွက်ခွာလာသော စစ်ကော်မရှင်တပ် ယာဉ်တန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ယာဉ် ၃ စီး ပျက်စီးသွားကြောင်း တော််လှန်ရေးတပ်များထံက သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် မုံရွာအခြေစိုက် တပ်မ (၃၃) မှ ထွက်ခွာလာသော သံပြားကာကား ၆ စီး၊ ကြေးနီတင်တွဲကား ၆ စီးနှင့် ၁၂ ဘီးကား ၂ စီး၊ စုစုပေါင်း ယာဉ် ၁၄ စီးပါဝင်သည့် ယာဉ်တန်းကို မအူစစ်ဆေးရေးဂိတ်အနီးအရောက်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်း ၅ ပြောင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုင်းဆွဲမှုအပြီးတွင် တော်လှန်ရေးအဖွဲ့များက လက်နက်ငယ်များဖြင့် ထပ်မံဝိုင်းဝန်းပစ်ခတ်ခဲ့ရာ စကမ ယာဉ်တန်းမှ သံပြားကာကား ၁ စီးနှင့် ကြေးနီတင်တွဲကား ၂ စီးမှာ နေရာ၌ပင် ထိုးရပ်သွားခဲ့သည်။
ယင်းတိုက်ခိုက်မှုအတွင်း စကမ ဘက်မှ ၂ ဦး သေဆုံးခဲ့ပြီးနောက် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ သံပြားကာကား ၁ စီးနှင့် အိမ်စီးကား ၃ စီးဖြင့် တပ်ကူရောက်ရှိလာခဲ့သည်။
ထိခိုက်ဒဏ်ရာရသူများကို စက်သေနတ်တပ်ဆင်ထားသည့် 4-Wheel ကားဖြင့် တင်ဆောင်သွားခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးမိုင်းတပ်ဖွဲ့ (AREA 71 LPDF Monywa) က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို AREA 71 LPDF Monywa နှင့်အတူ GOLDEN TARGET FORCE (GTF)၊ BRAVE HEART ARMY (BHA)၊ MONYWA SPECIAL (ဒိတ်ဒိတ်ကြဲ-PDF)၊ တိုက်နယ်-၄-ပလဖ နှင့် MONYWA DYNAMITE (STF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
