![]()
အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်ရေးကြောင့် အီရန်အဓိပတိ အလီခါမေနီ သေဆုံးသွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ခေါင်းဆောင်သစ်များနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း တနင်္ဂနွေနေ့တွင် အရိပ်အမြွက် ထုတ်ဖော်ပြောလိုက်သည်။
ထရမ့်က အီရန်ခေါင်းဆောင်သစ်များနှင့် ဆွေးနွေးရန် သဘောတူထားပြီးဖြစ်ကြောင်း The Atlantic မဂ္ဂဇင်းသို့ ပြောခဲ့သော်လည်း အီရန်ပြည်သူများ၏ တော်လှန်ရေးအပေါ် ရပ်တည်ချက်နှင့် ပတ်သက်၍မူ “အခြေအနေအရ ကြည့်လုပ်သွားမည်” ဟုသာ တုံ့ပြန်ခဲ့သည်။
၁၉၈၉ ခုနှစ်ကတည်းက အီရန်နိုင်ငံကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည့် ခါမေနီသည် စနေနေ့ နံနက်ပိုင်းက တီဟီရန်ရှိ ၎င်း၏ နေအိမ်ဝင်းအတွင်း အစ္စရေး၏ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေက ခါမေနီကို လပေါင်းများစွာ စောင့်ကြည့်ခဲ့သည်။ ထို့နောက် ထိပ်တန်းကာကွယ်ရေးအရာရှိများနှင့် အစည်းအဝေး ပြုလုပ်နေချိန်တွင် အစ္စရေးသို့ တိကျသော သတင်းပေးပို့ကာ တိုက်ခိုက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စရေး၏ Channel 12 သတင်းဌာနကမူ ဤစစ်ဆင်ရေး အောင်မြင်ရန်အတွက် အစ္စရေးစစ်တပ်သည် အီရန်ထောက်လှမ်းရေးများကို လှည့်စားသည့် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြောင်း ဖော်ပြသည်။
စစ်ဦးစီးချုပ်ကိုယ်တိုင် အိမ်တွင် ရှိနေသည်ဟု သတင်းမှားလွှင့်ခြင်းနှင့် စစ်ဘက်အရာရှိများ၏ ပုံမှန်လုပ်ဆောင်ချက်များကို ပြောင်းလဲစေခြင်းဖြင့် အီရန်ဘက်မှ ကြိုတင်ပြင်ဆင်မှု မရှိစေရန် ဆောင်ရွက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု၏ ပထမ စက္ကန့် ၃၀ အတွင်းမှာပင် အီရန်ထိပ်တန်းအရာရှိ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ထရမ့်၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ချက်အရ စစ်ဆင်ရေး ပထမ ၂ ရက်အတွင်း အီရန်ခေါင်းဆောင် ၄၈ ဦး သေဆုံးခဲ့ပြီး အီရန်စစ်သင်္ဘော ၉ စင်းနှင့် ရေတပ်ဌာနချုပ်တို့လည်း ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။
အပြန်အလှန် တုံ့ပြန်မှုများအတွင်း အစ္စရေးနိုင်ငံသား ကိုးဦး သေဆုံးကာ၊ အမေရိကန်စစ်သား သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုထားသည်။
စစ်ပွဲ၏ အကျိုးဆက်အဖြစ် အီရန်က ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားခဲ့ရာ ကူဝိတ်၊ အဘူဒါဘီနှင့် ဒူဘိုင်းလေဆိပ်များ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့လေကြောင်းကဏ္ဍတွင် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရပြီး ခရီးစဉ်အများအပြား ရပ်ဆိုင်းထားရသည်။
စစ်ပွဲကြောင့် ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံ တစ်ပုံခန့် စီးဆင်းရာ ဟော်မုဇ်ရေလက်ကြားတွင် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လာသည်။ ထို့ကြောင့် အမ်အက်စ်စီ နှင့် မာ့စ်ခ် ကဲ့သို့သော သင်္ဘောလိုင်းကြီးများက သွားလာမှု ရပ်ဆိုင်းလိုက်သဖြင့် ရေနံဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိသည်။
အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က ခေါင်းဆောင်မှုကောင်စီတစ်ခု ဖွဲ့စည်းကာ ယာယီတာဝန်ယူထားပြီး အစ္စရေးနှင့် အမေရိကန်တို့သည် “စည်းကျော်လာပြီဖြစ်သဖြင့် ပြန်လည်ပေးဆပ်ရမည်” ဟု သတိပေးထားသည်။
အခြားတစ်ဖက်တွင်လည်း Reuters-Ipsos ၏ လူထုစစ်တမ်းအရ အမေရိကန်ပြည်သူ လေးဦးလျှင် တစ်ဦးခန့်ကသာ ဤစစ်ပွဲကို ထောက်ခံနေကြသည်။ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် သမ္မတထရမ့်အတွက် ကြီးမားသော နိုင်ငံရေးဖိအားများ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
ပုံစာ- အစ္စတန်ဘူလ်မြို့ ဆန္ဒပြပွဲတွင် ဒေါ်နယ်ထရမ့်၏ ပုံတူဓာတ်ပုံများ မီးရှို့ဆန္ဒပြနေစဉ်/ Photograph: Dilara Senkaya/Reuters
