ဘုန်းမောင်
ဘာသာပြန်ဆောင်းပါး
သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အကြာမှာပဲ ၎င်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအဖွဲ့အနေဖြင့်အရှေ့တောင်အာရှနှင့် ပတ်သက်သော အကျပ်အတည်းကို စတင် ရင်ဆိုင်ခဲ့ရသည်။ ထိုအကျပ်အတည်းက“မြန်မာစစ်တပ် အာဏာသိမ်းမှုအပေါ် အမေရိကန်က ဘယ်လို တုံ့ပြန်သင့်သနည်း?” ဆိုသည်ပင်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အစိုးရကို ဖြုတ်ချခဲ့သည်။ အာဏာမသိမ်းခင် နှစ်လ အစောပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီကို အမျိုးသားရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်းရွေးကောက်ပွဲက မြန်မာစစ်တပ်ကို အကြီးအကျယ် အရှက်ရစေခဲ့သော တတိယအကြိမ်မြောက် ရွေးကောက်ပွဲလည်း ဖြစ်လေသည်။ မြန်မာစစ်တပ်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲ မသမာမှုများ ကျူးလွန်ခဲ့သည်ဟု အခြေအမြစ်မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်များစွာဖြင့် စွပ်စွဲဖမ်းဆီးခဲ့သည်။ အခြားပါတီခေါင်းဆောင်များလည်း ထိုအချိန်မှ စ၍ ဖမ်းဆီးခံထားရလေတော့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးပေါ်ပေါက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖြိုခွင်းမှုများကြားကပင် သူ့အလိုလို ရပ်တည်လာနိုင်ခဲ့သည်။စစ်တပ်က လူပေါင်း ၃၅၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ဖမ်းဆီးခံရသူပေါင်း ၂၀,၀၀၀ ကျော် ရှိလာခဲ့သည်။
မြန်မာစစ်တပ်၏ ချုပ်နှောင်မှု ခံနေရစဥ်အတွင်း လူပေါင်း ၁၃၀ ကျော်သည် သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။
ဘိုင်ဒန်အစိုးရသစ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဟု အမည်ပေးထားသော မြန်မာစစ်တပ်အပေါ်ပိတ်ဆို့ အရေးယူမှုများ လျင်မြန်စွာ ဆောင်ရွက်ခဲ့ပြီး ဒေါ်လာ ၁ ဘီလီယံကိုလည်း သိမ်းဆည်းခဲ့သည်။သို့သော်လည်း ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတွင် အိမ်ဖြူတော်က နှုတ်ဖြင့် ဆောင်ရွက်ပေးနေရုံမှတစ်ပါးအခြား အနည်းငယ်မျှလောက်ကိုသာ လုပ်ဆောင်ခဲ့ပြီး အာဆီယံကို ပိုမို လုပ်ဆောင်ရန်သာ တောင်းဆိုခဲ့သည်။
နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလက် ခေါင်းဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သော နှစ်များအတွင်း စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် ဆုံးဖြတ်ချက် တစ်ခုအပေါ် အခြေခံပြီး ယုံကြည်မှု တည်ဆောက်ခဲ့ကြသည်။ ယင်းနောက်မှာလည်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင်အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သေးသည်။ အလားတူ ထိပ်သီး ဆွေးနွေးပွဲကို ဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး မြန်မာစစ်တပ် ပိုမို အထီးကျန်ဖြစ်စေရန် တောင်းဆိုခဲ့သည်။
မြန်မာစစ်အာဏာသိမ်းမှုနှင့် ဆက်လက် ဖြစ်ပွားနေသော အသေအပျောက် များနေသည့် ပြည်တွင်းပဋိပက္ခများကဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒအစီအစဥ်များတွင် အရေးကြီးသော အစိတ်အပိုင်းများကို လွှမ်းမိုးထားသည်။အထူးသဖြင့် ပြည်ပဒီမိုကရေစီမြှင့်တင်ရေးတွင် သမ္မတ၏ ကတိကဝတ်များအတွက် ဆုတ်ယုတ်မှုကို ဖော်ပြနေသည်။ မြန်မာစစ်တပ်က တရုတ်၊ ရုရှားတို့နှင့် ကျယ်ပြန့်သော ဆက်ဆံရေးရှိပြီး ၎င်းတို့အပေါ်မှာလည်းလောင်းကြေးထပ်ထားလေသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်အကျိုးစီးပွားက နှစ်ပိုင်း ဖြစ်သည်။ ၎င်းတို့မှာ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူထောင်ရေးနှင့် တရုတ်လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်မသွားစေရေးဖြစ်သည်။ ပြောင်းလဲလာသောမြန်မာနိုင်ငံ စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေး အခြေအနေများကြားတွင် အမေရိကန် အကျိုးစီးပွား တိုးမြှင့်လာစေရန်အတွက် ဘိုင်ဒန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုသင့်ပြီး မြန်မာစစ်တပ်၏စီးပွားရေး အားနည်းချက်များကို အခွင့်အရေးယူကာ လက်ရှိ ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန်၊ NUG နှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးခြင်းတို့ ဆောင်ရွက်ပေးသင့်သည်။ ထို့အပြင် မြန်မာစစ်တပ်ကို တော်လှန်နေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးများနှင့် အဆက်အသွယ် မပြုရေးဆိုသည့် ကာလရှည်ကြာခဲ့ပြီဖြစ်သော မူဝါဒကို ပြောင်းလဲရန်လည်း စဥ်းစားသင့်ပေသည်။
ကျရှုံးနိုင်ငံအခြေအနေသို့ ဆက်လက် ဦးတည်နေခြင်း
မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံဆီသို့ ဦးတည်နေသည်။ မြန်မာစစ်အာဏာရှင်သစ်က စီးပွားရေးပြိုလဲမှုနှင့် အခြေခံအုပ်ချုပ်ရေးလုပ်ငန်းများ ပျက်ပြားအောင် ဆောင်ရွက်ခဲ့သည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများ ကြုံနေရသည်။ ကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စက်တင်ဘာလမှအောက်တိုဘာလအထိ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ကာကွယ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၁၀ သုံးစွဲခဲ့သည်။ ကုန်သွယ်မှု ခန်းခြောက်လာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ အရမ်းခက်ခဲလာသောကြောင့် ကားတင်သွင်းခွင့်ကို မြန်မာစစ်တပ်က တားမြစ်လိုက်သည်။
ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ၁၈ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းမည်ဟုခန့်မှန်းထားချိန်မှာပဲ ၂၀၂၂ ခုနှစ်တွင် လူဦးရေထက်ဝက်က ဆင်းရဲမွဲတေမှုမျဥ်းအောက်တွင် နေထိုင်ရမည်ဟုကုလသမဂ္ဂက ခန့်မှန်းခဲ့ပြန်သည်။ ပြည်ပရင်းနှီးမြှပ်နှံမှု ကျဆင်းသွားခြင်းက ပြည်တွင်းစီးပွားရေး အခြေအနေကိုကျဆင်းစေသည်။
နိုင်ငံခြားငွေကိုင်ဆောင်မှု (ဒေါ်လာ ၆ ဘီလီယံ) ကလည်း ယခင် ခန့်မှန်းထားသည်ထက် နိမ့်ကျနေသောကြောင့်မြန်မာစစ်တပ်၏ ကျပ်ငွေ ကျဆင်းမှု ကာကွယ်ရန် သို့မဟုတ် နောက်ထပ် စီးပွားရေးကျဆင်းမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ အချို့သော စီးပွားရေးကျဆင်းမှုများက ကာလရှည်ကြာ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ၏ ရလဒ်များ ဖြစ်သော်လည်း စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု အာဏာသိမ်းခေါင်းဆောင် မျှော်လင့်ထားသမျှ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်လေသည်။
ပြောင်းလဲနေသော နိုင်ငံတကာ ရှုခင်း
ကမ္ဘာလုံးဆိုင်ရာ အခြားအကျပ်အတည်းများမှ မြန်မာစစ်တပ် ပြန်လည် ရရှိသော အကျိုးအမြတ်ကနိုင်ငံတကာ၏ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူပိတ်ဆို့မှုထက် ကျော်လွန်သော နိုင်ငံတကာ ဖိအားများဖြစ်သည်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတော့ မြန်မာစစ်တပ်ကို ရုရှားနှင့် တရုတ်တို့က ကျောထောက်နောက်ခံပေးခဲ့သောကြောင့် အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းခဲ့သည်။
ရုရှားအတွက်တော့ မြန်မာနိုင်ငံသည် အရန်ဒေသတွင် ဩဇာလွှမ်းမိုးရန်အတွက် စရိတ်သက်သာသော နည်းလမ်းဖြစ်ပြီး မြန်မာစစ်တပ်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုနှင့် လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းမှလည်း ကာကွယ်ပေးခဲ့သည်။ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွက် အဓိက သက်သာရာရစေသော အကြောင်းအရင်းဇစ်မြစ်က အာဆီယံ၏ တင်းကျပ်သော မူဝါဒဖြစ်သည့် “အဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းရေးအပေါ် ဝင်ရောက် မစွက်ဖက်ရေး” ဖြစ်သည်။
မြန်မာနိုင်ငံအခြေအနေများ ယိုယွင်းလာသောကြောင့် မြန်မာစစ်တပ်သည် နိုင်ငံတကာတွင် အထီးကျန်ဆန်လာသည်။ မြန်မာနိုင်ငံအပေါ် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ သဘောထားများက သိသိသာသာ ကောင်းမွန်နေသေးသော်လည်း အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုဖိတ်ကြားခြင်း မပြုရန် မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့က အောင်မြင်စွာ အဆိုပြုထားနိုင်ပါသေးသည်။
ခေါင်းဆောင်တစ်ယောက်ကို ထုတ်ပယ်ရန် အာဆီယံမှ ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက စစ်အုပ်စုအပေါ် စာနာမှု အလွန် နည်းပါးနေကြောင်း ဖော်ပြနေသည်။
တကယ်တမ်းမှာတော့ အာဆီယံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် မကြုံစဖူးသော စကားလုံးများ သုံးပြီး ဝေဖန်ခြင်းဖြင့် မိမိတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများကို စေလွှတ်ခြင်း မပြုရန်ဆုံးဖြတ် ရွေးချယ်ခဲ့သည်။
မလေးရှားကလည်း “ယခုအချိန်သည် အာဆီယံ၏ ဝင်ရောက် စွက်ဖက်ခြင်း မပြုရေးမူ ကျင့်သုံးနေခြင်းအပေါ်အလေးအနက်ထားပြီး အဖြေရှာရမည့် အချိန်ဖြစ်ကာ အခြားဒေသများ၏ အခြားအတွေ့အကြုံများကို လေ့လာဖို့အချိန်ရောက်ပြီ”ဟု အကြံပြု ပြောကြားခဲ့သည်။ ၎င်းအကြံပြုချက်က ဆွဲဆောင်မှု ရနိုင်ဖွယ် မရှိသော်ငြား ၂၀၂၁ခုနှစ် ဧပြီလက သဘောတူညီမှု ရရှိထားသည့် သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်တပ်က ငြင်းဆိုခဲ့သောကြောင့် အာဆီယံကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့သည်က ရှင်းလင်း သိသာနေပါသည်။
အချိန်များ မကြာသင့်ဘဲ ကြာသွားပြီးမှ ခန့်အပ်ခံခဲ့ရသော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရန် မြန်မာစစ်အုပ်စုက ပထမအကြိမ် ငြင်းဆန်ခဲ့ပြီး နောက်ထပ် တွေ့ဆုံမှုများကလည်း အောင်မြင်မှု မရခဲ့သဖြင့် အာဆီယံအတွင်း စိတ်ပျက်မှုများ မြင့်တက်လာခဲ့သည်ကတော့ သေချာသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးများမှ ချန်လှပ်ထားခဲ့သောကြောင့် အာဆီယံ အထူးသံတမန်များ၏တာဝန်များကို တားဆီးရန် ပိုမို လုပ်ဆောင်သွားနိုင်သည်။
စစ်အုပ်စုအတွက် နောက်ထပ် စိုးရိမ်မှုက တရုတ်၏ မကျေနပ်မှု ကြီးထွားလာခြင်းဖြစ်သည်။ အာဏာသိမ်းမှုကိုဘေဂျင်းက လျင်မြန်စွာ ရှုတ်ချခဲ့ပြီး အာဏာသိမ်းမှုကို “ကက်ဘိနက် အပြောင်းအလဲ”အဖြစ် ရည်ညွှန်းသော်လည်း ကူးစက်ရောဂါ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် စီးပွားရေးကြောင့် နယ်စပ်ကုန်သွယ်ရေး ဖြတ်တောက်ကာBelt and Road Initiative ပရောဂျက်များကို အဟန့်အတား ဖြစ်စေသည့် စစ်အုပ်ချုပ်ရေးကို စိတ်ပျက်လာခဲ့သည်။
မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးများအကြား ပိုမို ကျယ်ပြန့်လာသော ပဋိပက္ခများက တရုတ်နိုင်ငံ၏ ဒေါ်လာ ၂ ဘီလီလံတန် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို နိုင်ငံအနှံ့ ခြိမ်းခြောက်လျက်ရှိနေသည်။ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန် စစ်အုပ်စုက ခြိမ်းခြောက်လာသောအခါ တရုတ်ကွန်မြူနစ်ပါတီက ပါတီချင်း ဆက်ဆံရေးကို ဂုဏ်ပြုသောအားဖြင့် သဝဏ်လွှာ တစ်စောင်ပေးပို့ခဲ့ပြီး ဗိုလ်ချုပ်ကြီးများကို ကျောခိုင်းမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား သတိပေးခဲ့သည်။
တိုက်ပွဲများကြောင့် အမြှောက်ကျည်နှင့် ကျည်ဆံများ တရုတ်နိုင်ငံ၏ မြို့တစ်မြို့ကို ထိမှန်ခဲ့ပြီး လိုအပ်သောတုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု တရုတ်အစိုးရက ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် သတိပေးခဲ့သေးသည်။ မြန်မာစစ်တပ်ကို တိုက်ခိုက်နေကြသော နယ်စပ် တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ကိုဗစ်ကာကွယ်ဆေးများ တရုတ်အစိုးရက ထောက်ပံ့ပေးခဲ့သည်။
ကုလသမဂ္ဂတွင် တာဝန်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအား ဆက်လက် ထားရှိရန်တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ နောက်ကွယ်တွင် သဘောတူညီချက် တစ်ရပ် ရရှိခဲ့သည်ကလည်း မြန်မာစစ်အုပ်စုအတွက် အလွန် ရှက်စရာကောင်းသည်။
တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရသော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကလည်း ဘေဂျင်း၏နောက်ကွယ်က ထောက်ခံမှု မရှိဘဲ အာဆီယံ အစည်းအဝေးများသို့ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားရန်စိတ်ကူးနိုင်မည် မဟုတ်ပေ။ တရုတ်နိုင်ငံက ကာကွယ်ပေးထားသည်ကတော့ သေချာနေသေးသည်။
ပြောင်းလဲသွားခဲ့သော လုံခြုံရေးဆိုင်ရာ ရှုခင်း
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးများ သိသိသာသာ ဆိုးရွားလာခဲ့သည်။ ပိုမိုဆိုးရွားသည်က စစ်အုပ်ချုပ်ရေးရှုထောင့်မှ ကြည့်လျှင် ပြည်တွင်းလုံခြုံရေးအခြေအနေကအလွန်အမင်း ဆုတ်ယုတ်နေခြင်းဖြစ်သည်။ တရားဝင်အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးချိန်ကစပြီး တစ်နိုင်ငံလုံးအာဏာဖီဆန်ရေး လှုပ်ရှားမှုများဖြင့် စစ်အုပ်စုကို ဆန့်ကျင်ခဲ့ကြသည်။ စစ်တပ်၏ အကြပ်ကိုင်မှုနှင့် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုများကြားမှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သား ၃၀၀၀ ကျော် သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ဒါဇင်များစွာ ရှိနေပြီး အစိုးရ လိုလားသောပြိုင်ဘက်များနှင့်အတူ လုံခြုံရေးဆိုင်ရာ အခင်းအကျင်းက အမြဲလို ရှုပ်ထွေးလျက်ရှိနေခဲ့သည်။ အစဥ်အလာအရမြန်မာစစ်တပ်ကို ခွဲဝေအုပ်ချုပ်ခွင့် ပေးခဲ့သော်လည်း အတူလက်တွဲ လုပ်ဆောင်ခဲ့ခြင်း မရှိပါ။ ယခု တစ်ကြိမ်ကတော့ တူညီတော့မည် မဟုတ်ပေ။
အာဏာသိမ်းမှု အခြေအနေကလည်း ရှင်းလင်းခြင်း မရှိပါ။ KIA နှင့် KNU အပါအဝင် အင်အားကြီးမားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က NUG ကို ပံ့ပိုးကူညီရန် ကတိပြုခဲ့ကြပြီး ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို လက်နက် တပ်ဆင် လေ့ကျင့်ပေးခဲ့သည်။ အတိုက်အခံအစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများထံမှထောက်ခံမှု ပိုမို ရရှိရန် ဖက်ဒရယ်သမ္မတနိုင်ငံ ထူထောင်ရန် ကတိပြုထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ရပ်စလုံးတွင် ဗမာအများစု ပါဝင်နေသည့်အတွက်ကြောင့်တိုင်းရင်းသားများက အယုံအကြည် ကင်းမဲ့နေဆဲဖြစ်သည်။
UWSA သည် အမြတ်အစွန်းများသော တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ဆက်လက် ပါဝင်နေဆဲဖြစ်သဖြင့် အခြားရှုထောင့်မှ ကြည့်လျှင် စစ်တပ်နှင့်အတူ ပူးပေါင်းရန် ဆန္ဒ ပိုမို ရှိနေသည်ဟု ဆိုနိုင်သည်။ ရက္ခိုင့်တပ်တော် (AA) သည် အာဏာသိမ်းခါနီးတွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း ၎င်းတို့ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ထောင်နိုင်ရန် မြန်မာစစ်တပ်၏ စစ်မျက်နှာစာ အများအပြားကျယ်ပြန့်နေမှုကို အခွင့်အရေး ယူနိုင်ခဲ့သည်။
နိုင်ငံအနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အစဥ်အလာအရ တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးခြင်း မရှိသောချင်းပြည်နယ်သည်လည်း ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ပိုမို ကျယ်ပြန့်လာသည်။
မြန်မာစစ်တပ်ကို ဆန့်ကျင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မြန်မာစစ်တပ်ကို ပါးပါးနပ်နပ်ဖြင့် တိုက်ခိုက်နေကြသည်။ PDF သည် NUG ၏လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ သို့သော် PDF များသည် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး NUG ကွပ်ကဲမှုကွင်းဆက် တစ်စိတ်တစ်ပိုင်းအောက်တွင် ရှိနေသည်ဟု ယူဆရကာ ဖြေရှင်းရန် လုပ်ဆောင်နေသော အရာလည်းဖြစ်သည်။
ဓာတ်ပုံ – နှစ်သုံးဆယ်ပြည့် UWSA တပ်နှစ်ပတ်လည်အခမ်းအနား – သံလွင်ခက်
(ရှေ့တစ်ပတ်ဆက်ရန်)
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1261
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4721
Website ->https://eng.thanlwinkhet.net