သံလွင်ခက်။
မေ ၃၀ ၊ ၂၀၂၃။
ရွာလုံးကျွတ် မီးရှို့ခံထားရမှုကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ရေရှင်ကျေးရွာမှ စစ်ဘေးရှောင်များ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်ဟု ကူညီထောက်ပံ့သူများထံက သိရသည်။
ယခင်က ရေရှင်စစ်ဘေးရှောင်ပြည်သူများအတွက် လစဉ် စားနပ်ရိက္ခာ ကူညီထောက်ပံ့နေသည့်အဖွဲ့အစည်းများရှိသော်လည်း ယခု လှုဒါန်းမှုမရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်ဟု သိရသည်။
ရေရှင်စစ်ဘေးရှောင်တစ်ဦးက ” တစ်ယောက်နဲ့တစ်ယောက်ကို အငတ်မခံဘဲနဲ့ အချင်းချင်းတတ်နိုင်သလောက်ကူညီနေရတယ်။ ဒါပေမယ့် ရေရှည် နောက်လေးငါးဆယ်ရက်လောက်ဆိုရင်တောင် အဆင်မပြေတော့ဘူး“ဟု ၎င်းကပြောသည်။
ရေရှင် စစ်ဘေးစခန်းတွင် လူဦးရေများသည့်အတွက် လုံလောက်သည့် ထောက်ပံ့နိုင်မှု အခြေအနေမရှိဟု ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ထောက်ပံ့နေသည့် ကိုသူရိန်ဇင်က ပြောသည်။
၎င်းက ” လက်ရှိမှာကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထောက်ပံ့မှုတွေက အရမ်းအားနည်းသေးတယ်။အဲ့အတွက် အရပ်ဖက်အဖွဲ့စည်းတွေ သူတို့ လာကူညီပေးကြတယ်။ ကျွန်တော်ဆိုလည်း ကူညီထောက်ပံ့ငွေရှာပြီးတတ်နိုင်သလောက် ရိက္ခာတွေ ကြိုးစားလုပ်ဆောင်ပေးပေမယ့် လူဦးရေများတဲ့အတွက် အင်အားမနိုင်ဖြစ်နေတယ်“ဟုဆိုသည်။
ရေရှင်စစ်ဘေးရှောင် စခန်းတွင် အိမ်ထောင်စု ၃၅၄ အိမ် ရှိပြီး ၁၆၀၀ ကျော်ရှိသည်ဟု စခန်းတာဝန်ခံများထံက သိရသည်။
နေအိမ် အားလုံး မီးလောင်ထားသည့်အပြင် ရွာအနီးဝန်းကျင်ရှိ ပျူစောထီးရွာများမှ လက်နက်ကြီးများဖြင့် ပစ်နေသည့်အတွက် လက်ရှိအချိန်တွင် နေရပ်ပြန်ရန် အဆင်မပြေသေးဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” သူတို့က လက်နက်ကြီးနဲ့ ပစ်နေတာ ပြီးတော့ ရွာကလည်း တစ်ရွာလုံး မီးလောင်ထားတာဆိုတော့အဆောက်အဦးတွေလည်း တစ်ခုမှမရှိတော့ဘူး။ တောကအိမ် အိမ်ကတော ပြောင်းပြန်တွေဖြစ်နေကြတာ။ ကိုယ်အိမ်ကိုတောင် တချို့မမှတ်မိကြဘူးဖြစ်နေကြတာ။ အဲ့လိုဖြစ်နေတော့ ရွာထဲ ဝင်လို့မရနိုင်ဘူး ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရေရှင်ကျေးရွာရှိနေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့ပြီး ၂၀၂၂ခုနှစ် မေလပိုင်းတွင် တတိယအကြိမ် ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ယင်းထဲမှ စစ်ကိုင်းတိုင်းထဲရှိ နေအိမ် ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု Data For Myanmar ကထုတ်ပြန်ထားသည်။
ပုံစာ – ရေရှင် စစ်ရှောင်စခန်းမြင်ကွင်း
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1262
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4725
Website ->https://eng.thanlwinkhet.net