သံလွင်ခက်
မတ် ၂၅၊ ၂၀၂၃။
မြန်မာသရုပ်ဆောင် ဒေါင်းနှင့် နှင်းသွေးယုအောင် ပါဝင်သရုပ်ဆောင်ထားသည့် “ကျောက်ဖရားမှ ဧရာဝတီသို့” ထိုင်းဇာတ်လမ်းတွဲသည် ယမန်နေ့ညပိုင်းတွင် ကျင်းပခဲ့သည့် Nine Entertainment Awards 2023 တွင် ထူးချွန်ဆုနှစ်ဆုကို ပိုင်ဆိုင်ခဲ့သည်။
ဆု ၁၄ ဆု ချီးမြှင့်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ကျောက်ဖရားမှ ဧရာဝတီဇာတ်ကားသည် Team of the Year နှင့် Drama of the Year ဆုနှစ်ဆုကို ပိုင်ဆိုင်ခဲ့သည်။
အဆိုပါဇာတ်ကားတွင် မြန်မာသရုပ်ဆောင်ဒေါင်း၊ နှင်းသွေးယုအောင်၊ ထိုင်းမင်းသား Got Jirayu Tantrakul ၊ ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraphနှင့် ထိုင်းသရုပ်ဆောင်အများ ပါဝင်ခဲ့သည်။
အဆိုပါဇာတ်ကားတွင် အပိုင်း ၂၀ ပါဝင်ပြီး ကုန်းဘောင်ခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းအား အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်သည်။
မြဝတီမင်းကြီး ဦးစအဖြစ် မြန်မာသရုပ်ဆောင် ဒေါင်း၊ မြန်မာစာပေတွင် ထင်ရှားသည့် ရာမရကန်ကို ရေးသားသူ ဦးတိုးအဖြစ် ထိုင်းနိုင်ငံသား တက္ကသိုလ်ဆရာတဦးဖြစ်သူ ဆစ်တီပွန် နတ်နီယွမ်တို့အား နာမည်ကြီး ထိုင်းဒါရိုက်တာ ချတ်ချိုင်း ကတီနတ်က ရိုက်ကူးတင်ဆက်ခဲ့သည်။
ဒါရိုက်တာ ချတ်ချိုင်း ကတီနတ်သည် “ဘန်ကောက်မှ မန္တလေးသို့ – From Bangkok to Mandalay “၊ “The Only Mom – လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားများအား ရိုက်ကူးခဲ့သူဖြစ်သည်။
၎င်းဇာတ်ကားအား ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလ ၁ ရက်တွင် Thai PBS ရုပ်သံလိုင်းတွင် ထုတ်လွှင့်ခဲ့ပြီး မြန်မာ၊ ထိုင်းနှစ်နိုင်ငံပရိသတ်အများအားပေးခဲ့ကြသည်။
ကျောက်ဖရားမှ ဧရာဝတီသို့ဇာတ်ကားအား ထိုင်း- မြန်မာ နှစ်နိုင်ငံတွင် ရိုက်ကူးရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းအခြေအနေကြောင့် ထိုင်းနိုင်ငံတွင်သာ ရိုက်ကူးခဲ့ရသည်။
အဆိုပါဇာတ်လမ်းတွင် ရန်ကုန်တွင်လက်ထောက်စားဖိုမှူးအလုပ်ကို လာရောက်လုပ်ဆောင်သည့် ထိုင်းမိန်းကလေးငယ် Miss.Nuchanat ၊ စားဖိုမှူးခေါင်းဆောင် Mr.Pakornနှင့် သူငယ်ချင်း မဇင်ဇင်တို့ တွေ့ဆုံမှုကတဆင့် ဇာတ်အိမ်စတင်ခဲ့သည်။ ၎င်းနောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ရေးသားထားသော အီနောင်ဇာတ်တော်ကို ရရှိကာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်အဖြစ်အပျက်ဖြစ်သော ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းလက်ထက်၊ ယိုးဒယား စစ်သုံ့ပန်းဖြစ်ခဲ့ရသည့် အတိတ်ကိုပြန်လည် တွေးတောကာ မင်းသားဒေါင်း(မြဝတီမင်းကြီး ဦးစ)နှင့်တွေ့ဆုံခဲ့ရသည့် ပုံရိပ်များဖြင့်ရိုက်ကူးပုံဖော်ထားသည်။