![]()
မြိတ်-ထားဝယ်ခရိုင်၊ ပလောနယ်မြေ၊ လယ်မူလားမြို့နယ်တွင် CDM ဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့အား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ထွက်ပြေးအကျဉ်းသား လေးဦးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။
တရားခံ သုံးဦးကို ဒီဇင်ဘာလ ၁၇ ရက်တွင် လည်းကောင်း၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ကျန်ရှိသူ တစ်ဦးကို လည်းကောင်း အသီးသီး ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု KNU ၏ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီက အသိပေးထားသည်။
သေဆုံးခဲ့သူများ၏ မိသားဝင် တစ်ဦးက “ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ နားမလည်နိုင်ဘူး။ တကယ်တော့ အဲဒီနောက်မှာ တချို့က စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ တချို့က အရက်၊ မူးယစ်ဆေးဝါး သက်ရောက်မှု၊ တချို့က အတွင်းစိတ်ဖိစီးပြင်းထန်မှု စတာတွေကြောင့် ဖြစ်နိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထင်ထင်ရှားရှား တွေ့ရမှာက ရက်စက်မှုနဲ့ လူမဆန်မှုပဲ’’ ဟု ပြောသည်။
KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၅) တွင် ချုပ်နှောင်ထားခြင်းခံရသည့် အကျဉ်းသား လေးဦးဖြစ်သော မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက် နှင့် မောင်ဝင်းစိုးတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ၄:၅၀ အချိန်ခန့်တွင် အချုပ်ခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ထွက်ပြေးလွတ်မြောက်နေစဉ် ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် အဆိုပါ အကျဉ်းသား လေးဦးအနက် မောင်ဝင်းစိုးဆိုသူမှာ ဆာလောင်သည်ဟုဆိုကာ CDM ဆရာမ ဒေါ်အေးသီအောင်ထံ ထမင်းသွားတောင်းရာမှ အငြင်းပွားမှုဖြစ်ပွားပြီး ဆရာမအား ဓားဖြင့် ခုတ်သတ်ခဲ့သည်။
ထိုသို့ သတ်ဖြတ်နေစဉ်အတွင်း ဆရာမဖြစ်သူ၏ အော်ဟစ်သံကြောင့် ခင်ပွန်းဖြစ်သူက ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူကိုပါ ထပ်မံသတ်ဖြတ်ခဲ့သည်ဟု သိရသည်။
၎င်းတို့သည် ကျူးလွန်ပြီးနောက် ဆရာမတို့ ဇနီးမောင်နှံ ပိုင်ဆိုင်သည့် လက်ဝတ်ရတနာများကို လုယက်ယူဆောင်ကာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းစဉ် KNU က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ လေးဦးအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ တရားဥပဒေများနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ အသတ်ခံရခြင်းနှင့်ပတ်သက်၍ CDM အဖွဲ့စည်းများကလည်း အမှုမှန်ပေါ်ပေါက်ရေး လေးနက် သေချာစွာ စုံစမ်းဖော်ထုတ် အပစ်ပေးရန် တောင်းဆိုထားကြသည်။
