![]()
ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကျန်ဗုံးသီးတစ်လုံးအား ကလေးငယ်များ ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် ထင်းခုတ်သွားရာမှ တွေ့ရှိခဲ့သည့် ဗုံးသီးအား ကလေးငယ်များက ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဂွမြို့မှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ကလေးတွေက ထင်းသွားကောက်ရင်း လမ်းမပေါ်မှာ ကျနေတဲ့ ဗုံးသီးတစ်လုံးကို ကောက်လာကြတာပါ။ အဲဒါကို ထုဆော့ကြရာကနေ ပေါက်ကွဲသွားပြီး တစ်ယောက်သေတယ်။ နောက်နှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာတွေ ရသွားကြတယ်” ဟု ဆိုသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ ကျိန္တလီမြို့ အမှတ် (၁) ရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် မောင်သတ္တိ ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၁၃ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် မောင်အောင်သူစိုးတို့ ဖြစ်ကြသည်။
လက်ရှိတွင် ဒဏ်ရာရထားသည့် ကလေးငယ်နှစ်ဦးအား ဆေးကုသမှု ခံယူနိုင်ရန် ဂွမြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ယခုကဲ့သို့ စစ်ကျန်ဗုံးသီးများနှင့် မြေမြှုပ်မိုင်းများကြောင့် ဒေသခံများ မကြာခဏ ထိခိုက်သေဆုံးမှုများ ရှိနေသည်။ ခြေလက်အင်္ဂါ ဆုံးရှုံးသွားရသူများအတွက် ခြေတုလက်တုများနှင့် အရေးပေါ် အကူအညီများစွာ လိုအပ်နေသည်ဟုလည်း သိရသည်။
ရခိုင်တွင် ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် အရေးပေါ်အကူအညီများနှင့် ထောက်ပံ့မှုများ ကူညီပေးရန် လိုအပ်နေကြောင်းလည်း အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သံလွင်ခက်ကို ပြောထားသည်။
စိတ်မချမ်းမြေ့ဖွယ်ရာပုံများပါဝင်သဖြင့်မူရင်ပုံနှင့်တကွ အောက်ပါ တယ်လီဂရမ်လင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#ဂွ #စစ်ကျန်ဗုံးသီး #ကလေးငယ်တစ်ဦးသေဆုံး #ThanLwinKhetNews
