နန်းဆုပန်ခန့်
မေ ၁၇ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်စစ်ကြောင်းများက ကေအဲန်ယူတပ်မဟာ၃နယ်မြေရှိ ကျေးရွာများအတွင်းကိုဆက်တိုက်စစ်ကြောင်းထိုးနေသဖြင့် မုန်တိုင်းကြောင့် မိုးရွာသွန်းမှုနှင့်လမ်များပျက်စီးမှုများရှိနေသည့် အခြေအနေများကြားတွင် ဒေသခံနှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ကူညီနေသူများထံမှ သိရသည်။
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ၃နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းများက ယခုရက်ပိုင်းအတွင်းဆက်တိုက်စစ်ကြောင်းထိုးနေသည်။
” အရင်စစ်ကြောင်းတွေပဲလေ ၆၀ တို့ ၊ ၃၀၁တို့ ၊ ၄၃၉တို့ အစုံပဲစစ်ကြောင်းထိုးတာ ။ ကျောက်ကြီး၊ မုန်း၊ ရွှေကျင်ပတ်ချာလည်မှာရှိတဲ့ တပ်ရင်းတွေ စစ်ကြောင်းထိုးနေကြတာ “ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးကသံလွင်ခက်ကိုပြောသည်။
ယမန်နေ့နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နယ် ရန်မျိုးအောင်နှင့် တမာခေါ ကျေးရွာများအတွင်းစစ်ကြောင်းထိုးခဲ့သည့်အတွက် ဒေသခံများဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်။
ထို့ပြင် စစ်ကြောင်းများ မကြာခဏထိုးနေသည့်အတွက် ကျောက်ကြီးမြို့နယ်မှ နောင်ကုန်း၊ ရန်မျိုးအောင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကျွတ်ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊အောက်ချင်းကုန်း၊ လှည်းလမ်းကုန်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀၅၂၆ ဦးတို့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်။
မုန်းမြို့နယ်တွင်လည်း မေလ၁၁ရက်၌ စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ခမရ−၁၅ တပ်ရင်း၊ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် လက်အောက်ခံ ခလရ−၈၄ တပ်ရင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တောင်ငူ)လက်အောက်ခံတပ်ရင်း (ခလရ−၇၃) ဇရပ်ကြီး၊ (ခမရ−၅၉၉) မုန်း၊ တပ်မ(၄၄) လက်အောက်ခံတပ်ရင်းတို့က စစ်ကြောင်းထိုးလာသောကြောင့် ကေအဲန်ယူတပ်မဟာ ၃ (KNLA) တပ်ရင်း (၈) ပူးပေါင်းတပ်တို့နှင့် ရေအိုးစဉ်ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုမှတစ်ဆင့် စစ်ကောင်စီတပ်များက မေလ ၁၃ ရက်တွင် မီးတိုင်တောကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မေလ ၁၄ ရက်တွင် ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာတွင် တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများနှင့်စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ၈ ရွာမှ လူဦးရေ၈၆၉၆ ဦးတို့သည်ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
” ပထမအာဏာမသိမ်းခင်ကဆိုရင် တောင်ပေါ်ဒေသတွေမှာပဲ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာ။ ဒီနောက်ဆို မြို့ပြအထိ မြေပြန့်အထိပေါ့နော်။ မုန်းမြို့နယ်၊ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာမှန်သမျှမရှောင်ရတဲ့ရွာ မရှိတော့ဘူး “ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူက သံလွင်ခက်ကိုပြောသည်။
အာဏာသိမ်းကာလအတွင်း၌ ကေအဲန်ယူတပ်မဟာ ၃ နယ်မြေတွင် စစ်ဘေးရှောင် တစ်သိန်းခွဲကျော်ရှိနေခဲ့ရာကျောက်ကြီးနှင့်မုန်းမြို့နယ်များတွင် စစ်ဘေးရှောင် တစ်သိန်းကျော်ထိရှိနေသည်ဟု သိရသည်။
မုန်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် ယခုလ မေ၁၀ရက်တွင် စစ်ကောင်စီ၏ တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နှင့် ခလရ – ၄၈ တို့နှင့် KNLA တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော ဧပြီလ ၂၂ရက်တွင်လည မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့်လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နှင့်မုန်းမြို့နယ်အတွင်းရှိကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးနေပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်နေရာ ယခုမေလ၁၀ရက်တွင် ညောင်ပင်သာရွာ၌ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၂၀ဦးတို့ အစုလိုက်သတ်ဖြတ်ခံခဲ့ရသည်။
ပုံစာ–တိုက်ပွဲနှင့်စစ်ကြောင်းများကြောင့် မုန်းမြို့နယ်ဒေသခံများ ယခုလအတွင်း ထွက်ပြေးရှောင်တိမ်းနေရမှု။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1095
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4310
Website ->https://eng.thanlwinkhet.net