သံလွင်ခက်
မေ ၁၇၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာတွင် တစ်ခုတည်းရှိသည့် ရေသန့်စက်ရုံ ပြိုသွားသဖြင့် ယင်းဒေသတဝိုက် နေထိုင်သူများသည် နှုံးရေများ သောက်နေရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စက်ရုံလည်း ပြိုသွားတော့ ကန်ထဲမှာ ရှိတဲ့ရေတွေကိုပဲ သောက်ရတယ်။ ရေကန်တွေကလည်း နှုံးတွေနဲ့ ပြည့်နေတာ” ဟု ပြောသည်။
အဆိုပါ ကျေးရွာတွင် ဆေးဝါးများ လုံလောက်မှု မရှိသည့်အပြင် ကယ်ဆယ်ရေးအဖွဲ့များလည်း လာရောက်ခြင်းမရှိသေးဘူးဟု ၎င်းက ပြောသည်။
ထိုနည်းတူ စစ်တွေမြို့ပေါ်ရှိ ဒေသခံတစ်ထောင်ခန့်မှာ မြို့ပေါ် ဘုန်းကြီးကျောင်းတွင် ယနေ့ချိန်ထိ ခိုလှုံနေရပြီး သောက်သုံးရေအတွက် ဝယ်သောက်နေရသည်ဟု မြို့ပေါ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“သုံးရေကတော့ ဘုန်းကြီးကျောင်းက စက်နဲ့တင်လို့ အဆင်ပြေပါတယ်။ မြို့ပေါ်မှာတော့ သောက်ရေသန့်ကုမ္ပဏီက လှူဒါန်းတာတွေ ရှိပေမယ့် လူများတော့ ကျွန်တော်တို့ ဝယ်သောက်ရတာတွေ ရှိတယ်” ဟု၎င်းက ဆက်ပြောသည်။
သောက်သုံးရေ ၂၀ လီတာဗူးတစ်လုံးတွင် ယခင်က ၇၀၀ ကျပ်ဖြင့် ဝယ်သောက်ရပြီး ယခုအချိန် ရေသန့်တစ်ဗူးလျှင် ၁၀၀၀ ကျပ်ဖြင့် ဝယ်သောက်နေရသည်ဟု မြို့ပေါ်နေ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
မိုခါ မုန်တိုင်းတိုက်ခတ်ခံရသောကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာအများစုက ဒေသခံပြည်သူများ၏ သောက်သုံးရေကန်များတွင် ပင်လယ်ရေ (ဆားငံရေ)နှင့် နှုံးရေများ တင်ကျန်ကာ သောက်ရေကန်များပျက်စီးပြီး သောက်သုံးရေခက်ခဲမှုများ ကြုံတွေ့နေရသည်။
ပုံစာ – မုန်တိုင်း တိုက်ပြီးနောက် မြင်တွေ့ရသည့် ရသေ့တောင်မြို့ရှိသောက်ရေကန်မြင်ကွင်း။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1096
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4357
Website ->https://eng.thanlwinkhet.net