သံလွင်ခက်
မေ ၁၆၊ ၂၀၂၃။
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းဈေးများ အဆမတန် တိုးမြင့်လာသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာတွင် အိမ်အမိုးသွပ်များ ဝယ်ယူရန် ခက်ခဲနေပြီး မိုးကာများနှင့် အိမ်အမိုးသွပ်များ ဈေးနှုန်း အဆမတန် မြင့်တက်နေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“လက်ရှိမှာတော့ မိုးကာရှိတဲ့ သူတွေက မိုးကာတွေ ကာပြီး နေကြတယ်။ ရွာမှာ သံဖြူ (သွပ်) တွေကတော့ ဝယ်လို့ မရဘူး။ ကျွန်တော်တို့က စစ်တွေမြို့ပေါ်ကို သွားဝယ်ကြရတာ။ ဈေးနှုန်းကတော့ အရင်ထက်တော်တော် တက်သွားတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် ဆယ်ပေရှိသည့် သွပ်တစ်ချပ်လျှင် ယခင်က နှစ်သောင်းခွဲပေးဝယ်ရာမှ ယခုအချိန် သုံးသောင်းခွဲထိ မြင့်တက်နေပြီး မိုးကာတစ်ကိုက်လျှင် ယခင် တစ်ထောင့်ငါးရာကျပ်မှ ယခု နှစ်ထောင့်ငါးရာကျပ်အထိ ပေးဝယ်နေရကာ အိမ်မိုးသံ တစ်ပိဿာလျှင် နှစ်သောင်းထိ ပေးဝယ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ပျက်စီးမှုများအတွက် ပြန်တည်ဆောက်ရန် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှမှုကြောင့် ဈေးများ အဆမတန်မြင့်တက်နေခြင်း ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
စေတီပြင်ကျေးရွာတွင် ရေစိုးချောင်းစစ်ရှောင်စခန်းအပါအဝင် အိမ်ခြေ ၁၂၀၀ ခန့်ရှိပြီး မိုခါမုန်တိုင်းကြောင့် တစ်ရွာလုံးတွင် အိမ်ခြေ ၂၀ ခန့်သာ အကောင်းပကတိအတိုင်း ကျန်ရှိခဲ့သည်။ စစ်ရှောင်စခန်းနှင့် အိမ်ခြေ ၁၁၈၀ လုံးခန့်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ ကုန်သည်များအနေဖြင့် စားကုန်ဈေးနှုန်းနှင့် အခြားကုန်ပစ္စည်းများ ဈေးမတင်ကြရန် ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ မေလ ၁၆ ရက်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူများထံသို့ ပြောသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် ဓာတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်ဟု စစ်တွေဒေသခံ တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ပုံစာ – ရသေ့တောင်မြို့