![]()
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်နေ့၌ ဆုတောင်းဝတ်ပြုနေသည့် နိုင်ငံရေးအကျဉ်းသူများကို ထောင်အာဏာပိုင်များက ဝင်ရောက်ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ ၁၅ ဦးကို တိုက်ပိတ်ကာ ထောင်ဝင်စာပိတ်ပင်ခံရမှုများရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့ ၄ ဖွဲ့က ယနေ့ ထုတ်ပြန်အသိပေးသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့) တွင် အမျိုးသမီးဆောင်၌ အကျဉ်းသူများ ခရစ္စမတ်ဆုတောင်းနေစဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင်၊ အမျိုးသမီး ၃ ပွင့်အဆင့်ရှိ ဇင်မာကြည်အောင်နှင့် လက်ကိုင်တုတ် အကျဉ်းသားများဖြစ်သည့် နိုင်ဖြိုးဝေ (ခ) နိုင်ကြီးတို့ လူတစ်စုက ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ၎င်းတို့အနက် ၁၅ ဦးကို တိုက်ပိတ်ပြစ်ဒဏ်ခတ်ခဲ့သလို ထောင်ဝင်စာတွေ့ခွင့်ကိုပါ အာဏာပိုင်များက ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်မှုမရှိသဖြင့် အရေးပေါ်ကုသနိုင်ရန် နိုင်ငံရေးအကျဉ်းသားများ ကိုယ်ထူကိုယ်ထ စုဆောင်းထားသည့် ကာလတန်ဖိုး ကျပ်သိန်း ၃၀ ခန့်ရှိ “ဆေးပဒေသာပင်” အစီအစဉ်ကိုလည်း မလိုအပ်ဟုဆိုကာ ထောင်အာဏာပိုင်များက သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။
“ဒုထောင်ပိုင် ဟိန်းဇင်အောင်သည် ဆေးဝါးလုံလောက်စွာပေးရန် တောင်းဆိုသည့် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားများကို နာမည်စာရင်းမှတ်ကာ လေးဘက်ထောက်ခိုင်းပြီး ရိုက်နှက်ခြင်း၊ မိသားစုဝင်များ ပို့သည့် ဆေးဝါးများကို သိမ်းဆည်းခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထောင်အာဏာပိုင်များသည် အကျဉ်းထောင်အတွင်း ၎င်းတို့ကိုယ်တိုင် မူးယစ်ဆေးဝါးဖြန့်ဝေပြီး နိုင်ငံရေးအကျဉ်းသားများကို သုံးစွဲသယောင် ပုံရိပ်ဖျက်ခြင်းများ ပြုလုပ်နေကြောင်း၊ မူးယစ်ဆေးတွေ့ရှိသည်ဟု စွပ်စွဲကာ အကြောင်းမဲ့ တိုက်ပိတ်နှိပ်စက်မှုများကြောင့် ခြေထောက်နှစ်ချောင်း ပုပ်သွားရသူများနှင့် သတိမေ့မြောသည်အထိ ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသည်။
ထို့အပြင် ဒုထောင်ပိုင် ဟိန်းဇင်အောင်သည် အမျိုးသမီးဆောင်အတွင်းသို့ အမျိုးသားရာဇဝတ်အကျဉ်းသားများကို ခေါ်ဆောင်ကာ မကြာခဏ ဝင်ရောက်လေ့ရှိသဖြင့် အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ၏ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အဆိုပါအဖွဲ့များက ထောက်ပြထားသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအနေဖြင့် ဒိုက်ဦးထောင်အခြေအနေကို စောင့်ကြည့်ပေးရန်နှင့် ထောင်အာဏာပိုင်များကို ဖိအားပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နှင့် မြန်မာ့အကျဉ်းထောင်သက်သေ (MPW) တို့က ပူးပေါင်းတောင်းဆိုထားသည်။
