![]()
မူယန်း
စစ်ကော်မရှင်က ရွေးကောက်ပွဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကရင်နီပြည်နယ်သို့ ဝင်ရောက်ရာ ကုန်သွယ်ရေးလမ်းကြောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့လိုက်သဖြင့် ဒေသတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း ကုန်တင်ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစတင်ကာ အာဏာသိမ်းစစ်တပ်က တောင်ငူဘက်မှ ဝင်ရောက်လာသည့် လမ်းတစ်ကြောလုံးကို ပိတ်လိုက်သောကြောင့် ကုန်တင်ကားအများအပြား ရပ်နားထားရသည်ဟု သိရသည်။
“ရွေးကောက်ပွဲ နီးတုန်းကလည်း ကားအသွားအလာကို ကန့်သတ်ထားတာရှိတယ်။ ကားတွေ ၁၈ ပေထက် ကျော်ရင် ဂိတ်က ပေးမဖြတ်တော့တာ ကြာပြီ။ ဒီရက်ပိုင်း လောင်စာဆီကိုပါ တင်ဆောင်ခွင့် မပြုတော့ဘူး။ အခု ရွေးကောက်ပွဲလည်း ရောက်လာရော ဒီမနက်ပဲ တောင်ငူလမ်းတစ်ကြောလုံး ပိတ်ပစ်လိုက်ပြီ။ ဘယ်ရက်မှ ပြန်ဖွင့်မလဲဆိုတာလည်း မသိရသေးဘူး” ဟု ကရင်နီပြည်နယ် ပြေးဆွဲနေသည့် ကုန်တင်ကားမောင်းသူတစ်ဦးက ပြောသည်။
ယခင်က တောင်ငူမှတစ်ဆင့် ကုန်တင်ကားများ အကန့်အသတ်မရှိ သွားလာခွင့်ရခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် တစ်ရက်လျှင် ကားအစီးရေ ၁၀ စီးသာ ဝင်ထွက်ခွင့်ပြုတော့ကြောင်း သိရသည်။ ထို့ပြင် ဆန်၊ စားသောက်ကုန်နှင့် ဘိလပ်မြေများကို သယ်ဆောင်ခွင့် ပိတ်ပင်ထားသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။
ထိုသို့ လမ်းပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်အပေါ် ကယန်းဒေသ အနောက်ဘက်ခြမ်းနေ အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက “ဓာတ်ဆီတွေ၊ ကုန်ပစ္စည်းတွေ ဈေးတက်မယ်မှန်း မသိတော့ ကြိုမဝယ်စုမိဘူး။ ဝင်ငွေကလည်း မရှိတော့ ဝယ်စုမယ်ဆိုရင်လည်း ဈေးက တက်သွားတော့ ပိုက်ဆံက မရှိပြန်ဘူး။ အခြေအနေကလည်း ကောင်းတာမဟုတ်ဘူး။ အရေးပေါ် အသွားအလာအတွက် ဓာတ်ဆီကို မနည်းချွေတာ သုံးနေရပါတယ်ဆို၊ အခုက လမ်းကြောင်းပါ ထပ်ပိတ်လိုက်တော့ နာရီပိုင်းအတွင်း ဈေးတွေ ဒီထက်မက ခုန်တက်ဖို့ပဲ ရှိတော့မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ ပေါက်ဈေးအရ ကရင်နီဒေသနေရာအများစုတွင် ဓာတ်ဆီတစ်လီတာလျှင် ၄၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် လမ်းပိတ်ဆို့မှုနှင့် ရွေးကောက်ပွဲ ဂယက်များကြောင့် တစ်လီတာလျှင် ၄၅၀၀ မှ ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၁) ကို ကရင်နီပြည်နယ်အတွင်း လွိုင်ကော်နှင့် ဘောလခဲ မြို့နယ်များတွင်သာ စတင်ကျင်းပနေပြီး ကျန်မြို့နယ်များကိုတော့ လာမည့် ဇန်နဝါရီလအတွင်း ဆက်လက်ကျင်းပသွားမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။
#ရွေးကောက်ပွဲ #ကရင်နီကုန်သွယ်လမ်း #စစ်ကော်မရှင်ပိတ် #ThanLwinKhetNews
