ယမင်းဖူးပွင့်အောင်
မေ ၁၆၊ ၂၀၂၃။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီး ထိမှန်မှုကြောင့် ထီးကုန်းကျေးရွာ သမ္ဘူလ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ဘေးရှောင်နေသော အမျိုးသားနှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သမ္ဘူလ ဘုန်းကြီးကျောင်းဝင်းအတွင်း ပြည်သူ ၃၀ ဦးခန့် စစ်ဘေးရှောင်နေကြပြီး ပြည်သူလေးဦးခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။
“ဘုန်းကြီးကျောင်းအနား လက်နက်ကြီးကျကွဲပြီး ထိမှန်သွားတာ။စုစုပေါင်းလက်နက်ကြီး နှစ်လုံးကျတာ”ဟု ၎င်းက ပြောသည်။
ဧပြီလ ၁၄ ရက်နေ့က စဉ့်ကူးမြို့နယ်က ပျူစောထီးအများစုနေထိုင်သည့် ရေတော်ရွာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် သွားရောက်ပစ်ခဲ့ရာ ပျူစောထီး တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်အပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။
လတ်တလော စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက် မှုကြောင့် ထုံးကြီးကျေးရွာ၊ ရေချမ်းရွာ၊ ရေတော်ကျေးရွာနှင့် ဆည်သည်ကျေးရွာတို့က ဒေသခံများ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရသည်။
စဉ့်ကူးမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်သဖြင့် သာယာဝတီကျေးရွာ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ဖူးသည်။
Photo – Crd
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1084
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net