သံလွင်ခက်။
မေ ၁၆ ၊ ၂၀၂၃။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ လူ ၄၀၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရပြီး လတ်တလောတွင် ရုပ်အလောင်း ၄၀ ကျော် တွေ့ထားသည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။
မုန်တိုင်းဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များသည် ပင်လယ်ကမ်းရိုးတန်းဘေးရှိ ဘာဆာလာ စံပြကျေးရွာ၊ ဘာဆာလာ Camp၊ ဒါးပိုင်၊ အုန်းတောကြီး၊ ဘောဒူဗနှင့် ဗေဒစသည့်ကျေးရွာများမှ ရိုဟင်ဂျာ ဒုက္ခသည်များဖြစ်ကြသည်။
စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်များ နေထိုင်သည့် စခန်း ၁၄ ခု အားလုံးနီးပါး ပျက်စီးခဲ့ပြီး လက်ရှိအချိန်၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ ဦးသိန်းရွှေက ပြောသည်။
၎င်းက ” စခန်း ၁၄ ခုစလုံး ၉၉ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ လူသေတာလည်း များတယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေးတော့ လုပ်နေတုန်းပဲ။ အခုလက်ရှိစာရင်းအရတော့ ၄၀၀ လောက်တော့ သေတယ်။ ကလေးသူငယ် အများစု ပါတယ်။ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါတယ်။ စာရင်းအတိအကျတော့ မသိသေးဘူး။ ရေနစ်ပြီး သေတာတွေ များတယ်” ဟုဆိုသည်။
မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သည့် အရေအတွက်နှင့်ပတ်သက်ပြီး သံလွင်ခက်သတင်းဌာနအနေဖြင့် ဆက်လက်အတည်ပြုနေပြီး ကူညီသူများအနေဖြင့်လည်း ရှာဖွေကူညီမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
လက်ရှိအချိန်တွင် မုန်တိုင်းသင့်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုအခြေအနေများဖြင့် ကြုံတွေ့နေရသည်ဟု စစ်တွေမြို့ ဘုမေကျေးရွာမှ ဒေသခံ ကိုစိုးမင်းဆန်းက ပြောသည်။
၎င်းက “ကမ့်က လူတွေရော ပင်လယ်ကမ်းနားမှာရှိတဲ့ ရွာက သူတွေပါ သေတဲ့သူတွေထဲ ပါတယ်။ ကမ့်က လူတွေကတော့ ရေရှားပါးမှုတွေကို ခံစားနေကြရပါတယ်။ အစားအသောက်တွေလည်း သူတို့ အချိန်မှီ မရဘူးဖြစ်နေတယ်” ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများအတွက် အမိုးအကာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ချက်ချင်း ထောက်ပံ့ကူညီပေးရန် အရေးတကြီး လိုအပ်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့တွင် ပြောဆိုထားသည်။
ယခု သတင်းတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ရာ ရုပ်အလောင်းများ ရုပ်သံဖိုင်အပြည့်အစုံကို တယ်လီဂရမ်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1083
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net