သံလွင်ခက်။
မေ ၁၇ ၊ ၂၀၂၃။
ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းကို စစ်ကောင်စီက ယနေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် လေကြောင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံကမှ သိရသည်။
ကနီမြို့နယ်အတွင်းရှိ ချောင်းမနှင့် မင်းမကျေးရွာအနီးကို စစ်ကောင်စီက ဂျက်လေယာဉ် သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“၂ နာရီခွဲပတ်ချာလည်ကစပြီး ကြဲတာ။ ပြီးတဲ့ အချိန်ကတော့ သုံးနာရီ ၁၅ ပတ်ချာလည်မှာ ပြီးတာ။ ဂျက်လေယာဉ် သုံးစီးနဲ့ လာကြဲသွားတာ။ တစ်စီးကို ခန့်မှန်းခြေက နှစ်ကြိမ်လောက် ရှိမယ်။ ဝဲပြီး ပစ်သွားတာ ခြောက်ကြိမ်တိတိကို ပစ်သွားတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်သွားပြီးနောက် ကင်းထောက်လေယာဉ်များ ထပ်မံ စေလွှတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
ကနီမြို့နယ်ကို စစ်ကောင်စီက မေလ ၁၁ ရက်ကစပြီး ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်ပြီး သံလွင်ခက်သတင်းဌာနက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
အင်အားကောင်းသော မိုခါ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးခဲ့သည့် မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင်လည်း စစ်ကောင်စီတပ်က သမင်ခြံကျေးရွာနှင့် မင်းမကျေးရွာအကြားသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေချိန်တွင်လည်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နခမ) တပ် မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပုံစာ − မိုခါမုန်တိုင်းကာလအတွင်း စစ်ဘေးရှောင်ခဲ့ရသည့် ကနီဒေသခံများ။