ယမင်းဖူးပွင့်အောင်
မေ ၁၃၊ ၂၀၂၃။
မိုးတွင်းကာလ စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်များ လုံခြုံသည့် အမိုးအကာအောက်တွင် နေထိုင်နိုင်ရန် ကူညီသူများက ယာယီနေအိမ်များ ဆောက်လုပ်ပေးနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအစား ပြန်လည် ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ကူညီသူတစ်ဦးက ပြောသည်။
မိုးရာသီမတိုင်မီ အိမ်အလုံးရေ တစ်ထောင် ဆောက်လုပ်ပေးနိုင်ရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်တွင် အိမ်အလုံးရေ ၇၀၀ ကျော် ဆောက်လုပ်ပြီးစီးပြီဖြစ်သည်ဟု S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့် ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
“မိုးမရွာဘူးဆိုရင်တော့ အပင်အောက်မှာ တဲလေးတွေထိုးပြီး အိပ်ကြတယ်။ မိုးရွာပြီ ဆိုရင်တော့ တစ်ညလုံးထိုင်နေရတာတွေရှိတယ်။ မီးလောင်သွားတော့ နေစရာမရှိကြဘူး။ ဒါတွေကိုအိမ်အစားထိုးပြန်ဆောက်ပေးတာပါ” ဟုပြောသည်။
စစ်ကြောင်းထိုး မီးရှို့ခံရသည့် အိမ်ခြေများသည့်အတွက် ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူအညီများလိုအပ်ပြီး သယ်ယူပို့ဆောင်ရေးအခက်အခဲများလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
စစ်ကိုင်းတိုင်း ၊ရေဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်မြို့နယ်ထဲမှ ရွာပေါင်း ၃၈ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို ဆောက်လုပ်ပေးနေခြင်းဖြစ်သည်။
S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့် ရှောက်ရေးအဖွဲ့ ဆောက်လုပ်ရေးတာဝန်ခံက “အိမ်အလုံးရေ များလာတော့ ပြည်တွင်း ပြည်ပ အလှူရှင်တွေကိုဆက်သွယ်ပြီး အကူအညီတောင်းခဲ့ရတယ်။ ဝါးတွေ၊ ထန်းရွက်တွေသယ်ယူပို့ဆောင်ရေးမှာလည်း ခက်ခဲတယ်။ သယ်နေတုန်း စစ်ကြောင်းနဲ့ကြုံရင် လမ်းမှာ ညအိပ်ရတာတွေ၊စစ်ကြောင်းဝင်တဲ့အချိန်ဆို ဆောက်လုပ်ရေးတွေ ရပ်ထားရတာရှိတယ်” ဟုပြောသည်။
အာဏာသိမ်းသည့်ချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စစ်ကိုင်းတိုင်းတွင်နေအိမ် ၄၃၀၀၀ ကျော်ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၁၄ သိန်းခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟုမြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည်။
ပုံစာ– စစ်ဘေးရှောင်များအတွက် ဆောက်လုပ်ပေးနေသည့် ယာယီနေအိမ်များ။
Photo -Crd
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1016
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4221
Website ->https://eng.thanlwinkhet.net