ဂျာမုန်း
မေ ၁၂၊ ၂၀၂၃။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က Non-Commissioned Officer – NCO ဟုခေါ်သည့် အကြပ်သင်တန်းကို အချိန် ၅ လခန့်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့ မေလ ၁၁ ရက်နေ့က သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ရက္ခိုင့်တပ်တော်က သင်တန်းဆရာများအဖြစ် ကြီးကြပ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟုဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
BPLA တပ်တော်၏ ကွပ်ကဲရေးမှူး မောင်ဆောင်းခက “တပ်ကြပ်အဆင့်တွေ မွေးထုတ်ပေးတဲ့သင်တန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အပတ်စဉ် (၅)ခုလောက်အထိ အခြေခံသင်တန်းပြီးထားပြီး တပ်မှူးငယ်သင်တန်းတွေ မရှိတော့ ရဲဘော်တွေကို အုပ်ချုပ်တဲ့နေရာမှာ လိုအပ်ချက်၊ အားနည်းချက်တွေရှိပါတယ်။ အဲ့ဒါတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဒီသင်တန်းကို စီစဉ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။
NCO အကြပ်သင်တန်း အပတ်စဉ် (၁) တွင် သင်ခန်းစာ ဆယ်မျိုးပါဝင်ပြီး BPLA တပ်ဖွဲ့ဝင် ၇၀ ဦး တက်ရောက်သည့်အနက် ၄၇ ဦး သင်တန်းပြီးဆုံးအောင်မြင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
“သင်တန်းက အရမ်းကြမ်းတော့ ကျန်းမာရေးကြောင့်ရယ်၊ သင်ကြားတဲ့ဘာသာရပ်တွေအပေါ် အောင်မှတ်မရတာတွေရယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းတာတွေရယ်ကြောင့် ထုတ်ပယ်ခဲ့ရလို့ အယောက် ၇၀ မှာ ၄၇ ယောက်ပဲသင်တန်းဆင်းပေးခဲ့နိုင်တာဖြစ်ပါတယ်”ဟု ကွပ်ကဲရေးမှူးက ပြောသည်။
သင်တန်းဆင်းပြီးနောက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုမူ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
BPLA တပ်တော် စတင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ကာ လတ်တလောတွင် ကရင်ပြည်နယ်တပ်မဟာ ၅ ရှိ အမှတ် ၁၀၇ စစ်ဒေသတွင် အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။
ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ အမှတ် ၂၀၃ စစ်ဒေသတွင် စစ်အင်အားတိုးချဲ့လျှက်ရှိပြီးမြောက်ပိုင်းမဟာမိတ်တပ်တော်များနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိသည်။
ပုံစာ–အကြပ်သင်တန်း တက်ရောက်နေသည့် BPLA တပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo-BPLA
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1013
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4218
Website ->https://eng.thanlwinkhet.net