သံလွင်ခက်
မေ ၁၃၊ ၂၀၂၃။
လက်ရှိဖြစ်ပေါ်လျက်ရှိနေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် လွန်ခဲ့သည့် ၁၅ နှစ်က ပြည်သူ တစ်သိန်းကျော်အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းထက် ပြင်းအားနှင့် အရွယ်အစားမှာ ပိုကြီးမားသည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာ လေ့လာနေသူ ဦးဝင်းနိုင်က သံလွင်ခက်ကို ပြောသည်။
မိုခါမုန်တိုင်းနှင့် နာဂစ်မုန်တိုင်းတို့၏ ပြင်းအား၊ အရွယ်အစား၊ လမ်းကြောင်းနှင့် ပြည်သူများအပေါ် သက်ရောက်မှုစသည့် အခြေအနေကွာခြားမှုနှင့်ပတ်သက်၍ ၎င်းက “ပြင်းအားက နာဂစ်နဲ့ အတူတူလောက်ပဲ။ နာဂစ်ထက် ပိုလာဖို့ပဲ ရှိတယ်။ အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်း ဖြစ်လာတယ်။ တစ်နာရီကို မိုင် ၁၃၀ လောက် ကျော်တဲ့မုန်တိုင်းဖြစ်လာတယ်။ ကုန်းထဲ ဝင်ခါနီးမှာတော့ အားနည်းနည်းလေး ပြန်လျော့ဖို့ ရှိတယ်။ မုန်တိုင်းအရွယ်အစားအချင်းမိုင်က နာဂစ်ထက် ပိုပြီး နည်းနည်းလေး ကြီးတယ်။ နာဂစ်တုန်းက အချင်းမိုင် မိုင် ၄၀၀ နီးပါး ရှိတယ်။ အခုဟာက မိုင် ၅၀၀ လောက် ရှိတယ်” ဟု ပြောသည်။
၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခဲ့သော နာဂစ်မုန်တိုင်းသည်ဧရာဝတီတိုင်း ကုန်းတွင်းပိုင်းသို့ ပြင်းအားအမြင့်ဆုံးဖြင့် ဝင်ရောက်သွားခြင်းဖြစ်သောကြောင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်တို့ အထိအခိုက်များခဲ့သည်။
လက်ရှိ မိုခါမုန်တိုင်း ဝင်ရောက်ရာ လမ်းကြောင်းတွင် ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ စသည့် အတားအဆီးများ ရှိသောကြောင့် ကုန်းတွင်းပိုင်း ဝင်ရောက်လာသည်နှင့် သိသိသာသာ အားပျော့သွားနိုင်သည်ဟု ဦးဝင်းနိုင်ကပြောသည်။
“နာဂစ်ဝင်သွားတုန်းက ပဲခူးရိုးမ တစ်ခုပဲ လေစီးကြောင်းအဟုန်ကို ဟန့်တားနိုင်တဲ့ နေရာ ရှိတယ်။ အခု မိုခါကကျတော့ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းတွေ ခံနေတယ်။ ဒါကြောင့် နာဂစ်တုန်းကလို ကုန်းပေါ်မှာလမ်းကြောင်းအရှည်ကြီးနဲ့ သွားတဲ့ အဖျက်စွမ်းအားပြင်းတဲ့ မုန်တိုင်းဖြတ်သန်းမှုမျိုး မဖြစ်ဘူး” ဟု ၎င်းက သုံးသပ်ပြောသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့မှ မေလ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်အတွင်းကို တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၁၀ ခန့်နှုန်းဖြင့် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဒေဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ဖော်ပြထားသည်။
အဆိုပါမုန်တိုင်းသည် ရခိုင်ပြည်နယ်မှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာနိုင်ပြီး မုန်တိုင်းလမ်းကြောင်းရှိရခိုင်ပြည်နယ်နှင့် အနီးဆုံးချင်းပြည်နယ်တွင် တစ်နာရီလျှင် မိုင် ၇၀၊ ၈၀ နှုန်းဖြင့် ဝင်ရောက်နိုင်သည်ဟု သိရသည်။
ထိုမှတစ်ဆင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းတို့နှင့် ကချင်ပြည်နယ်တို့အထိ မုန်းတိုင်လမ်းကြောင်း ရှိသော်လည်း တစ်နာရီလျှင် မိုင် ၆၀ ၊ ၄၀ နှုန်းမှ တစ်နာရီလျှင် ၂၃ မိုင်နှုန်းအထိ လျော့ကျကာ ရက်ပိုင်းအတွင်းအားပျော့ ပျက်ပြယ်သွားနိုင်သည်ဟု ဦးဝင်းနိုင်က သုံးသပ်ပြောဆိုသည်။
ပုံစာ–မုန်တိုင်း အန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့နေကြသည့် ရခိုင်ပြည်နယ် မောင်တောဒေသခံများ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1017
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4235
Website ->https://eng.thanlwinkhet.net