သံလွင်ခက်
မေ ၁၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် သောက်သုံးရေပြတ်လပ်နေသဖြင့် ပဇီကြီးကျေးရွာက စစ်ရှောင်ပြည်သူများချောင်းရေ ၊မြောင်းရေများ တူးသောက်နေရပြီး ဆေးဝါးအကူညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
ရေမသန့်မှုကြောင့် ပဇီးကြီးကျေးရွာက စစ်ရှောင်ကလေးနှင့် သက်ကြီးရွယ်အို အများစုမှာ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်နေသည်ဟု စစ်ရှောင်ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့က ချောင်းရေ၊ မြောင်းရေတွေ တူးသောက်နေရတာ။ ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြတာ ရှိတယ်။ကျွန်တော်တောင် ဟိုနေ့က ဖြစ်လိုက်သေးတယ်။ ဓာတ်ဆားတို့၊ ဓာတ်ဆားသောက်ဖို့ ရေသန့်တို့ လိုအပ်တယ်။ဒီမှာရေသန့်ကို မရှိတာ” ဟု ၄င်းကပြောသည်။
ပဇီကြီးစစ်ရှောင်ပြည်သူများသာမက သားမွေးတိရစ္ဆာန်များလည်း သောက်သုံးရေခက်ခဲလျှက် ရှိသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
၄င်းက“သောက်သုံးရေခက်ခဲတာတော့ ပြောမနေနဲ့၊ ကျွဲတွေရော နွားတွေရော ရေမရလို့ အကုန် သေကုန်တာလေ။လူတွေက စစ်ရှောင်နေတာ ရေတွေက သောက်စရာမရှိ။ ခုချိန်ထိ ရွာ(ပဇီကြီး)ကို ပြန်မကပ်နိုင်သေးဘူး” ဟုပြောသည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို တစ်နေ့တည်းပင် လေကြောင်းဖြင့် နှစ်ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူ ၁၇၀ဦးခန့် သေဆုံးခဲ့သည်။
ထိုချိန်မှစ၍ ဒေသခံပြည်သူ ၇၀၀ ဦးကျော်ခန့်မှာ ယနေ့ချိန်ထိ တိုက်ပွဲတိမ်းရှောင်နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏အပူချိန်သည် ယခင်နှစ်များထက် ယခုနှစ်တွင် ပိုမိုမြင့်တက်နေပြီး စစ်ကိုင်းတိုင်းတွင် ၂၀၂၂ ခုနှစ်မေလက အမြင့်ဆုံး ၃၇ အပူချိန် စင်တီဂရိတ် ရှိခဲ့ပြီး ယခုနှစ်တွင် ၄၃ အပူချိန် စင်တီဂရိတ် ထိရှိခဲ့သည်ဟုရာသီဥတုဖြစ်စဉ်များ မှတ်တမ်းပြုစုသည့် Custom Weather ကဖော်ပြထားသည်။
စစ်ကိုင်းတိုင်းတွင် ကန့်ဘလူမြို့နယ်သာမက ဘုတလင်မြို့နယ်၊ ကနီမြို့နယ်၊မင်းကင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူတစ်ထောင်ကျော်ခန့်တွင် ၅၀ ရာခိုင်နှုန်းခန့်မှာ ဖျားနာလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသည့် အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဒီဘက်မှာလည်း ရာသီဥတုက တော်တော်ပူတော့ ချွေးထွက်လွန်ပြီးတော့ အပူရှက်တာမျိုး၊ ဖျားတာမျိုး ဖြစ်နေတယ်။ ကိုဗစ်စစ်တဲ့ Test Kit တွေ ဘာတွေလည်း အလုံအလောက်မရှိတော့ ရာသီတုပ်ကွေးလိုလို ကိုဗစ်လိုလို ဖြစ်နေတာ။ အဲ့သုံးခုကို ရောနေကြတာ” ဟု ၄င်းကပြောသည်။
စစ်ကိုင်း စစ်ရှောင်ပြည်သူများသည် အညာ၏ နယ်မြေအခြေအနေအရ စစ်ရှောင်စခန်း အတည်တကျ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ယာယီတဲ၊ဆေးဝါးနှင့် သောက်သုံးရေသန့် မှာ လတ်တလော အရေးပေါ်လိုအပ်သည်ဟု စစ်ဘေးရှောင်ကူညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပြည်သူ့အိုးအိမ် ၏အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းချိန်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းတွင်နေအိမ် ၄၃၀၀၀ ကျော်ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၁၄ သိန်းခန့် တိုက်ပွဲတိမ်းရှောင်နေရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည်။
ပုံစာ–ပဇီကြီး စစ်ဘေးရှောင်မိသားတစုနေထိုင်ရသည့် ယာယီတဲ မြင်ကွင်း။
Photo-Crd
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1014
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4221
Website ->https://eng.thanlwinkhet.net