သဇင်
မေ ၁၁၊၂၀၂၃။
စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်၂ဦးသည် ရေဦး–ခင်ဦးကားလမ်းပေါ်သို့ ထွက်လာစဉ် ထိတွေ့မှု ဖြစ်ပွါးခဲ့သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များကပြောသည်။
ယမန်နေ့ နေ့လည် ၁နာရီခန့်တွင် ရေဦး–ခင်ဦးကားလမ်းပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ရောက်ရှိလာသည်ဟုကြိုတင်သတင်းရရှိသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့(LDF)နှင့် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ်ပကဖ)တို့က သွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါစစ်သား၂ဦးသေဆုံးခဲ့သည်ဟု ခင်ဦးမြို့နယ်ကူညီထောက်ပံ့ရေးအဖွဲ့စည်း KSO၏ တာဝန်ရှိသူ ဗိုလ်လင်းရောင်က သံလွင်ခက်ကို အတည်ပြုသည်။
“အရက်မူးပြီး ကားလမ်းမတစ်လျှောက်လာပြီးတော့ တာခရာကျေးရွာအပေါက် အဝင်ဝထိရောက်လာတယ်။သူတို့လာတာ သတင်းရတာနဲ့ အသင့် ကြိုစောင့်နေပြီး တိုက်ပွဲ၃မိနစ်ခန့်ဖြစ်အပြီးမှာ နှစ်ဦးလုံးလဲကျတယ်။သူတို့ပါလာတဲ့ လက်နက်၂လက်ပါသိမ်းဆည်းရမိခဲ့တယ်။”ဟု ၎င်းကပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း ၎င်းတို့ကိုင်ဆောင်လာသော MA-1တစ်လက်၊AK-47 တစ်လက်၊ကျည်ဘောက်၃ခု နှင့်5.56ကျည် ၁၅ထောင့်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ယင်းထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး ထပ်မံရောက် လာခဲ့သော်လည်း ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ခြင်းမရှိဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဒီဘက်ကအသင့်စောင့်နေတဲ့ အနေထားကို သိနေလို့ထင်တယ်။ သူတို့နောက်ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့လဲ ခပ်လှမ်းလှမ်းကနေ ဘာအသံမှမပြုဘဲ ဒီတိုင်းပဲ စောင့်ကြည့်နေလိုက်တယ်”ဟု ၎င်းက ဆိုသည်။
ခင်ဦးမြို့နယ်တွင် ထိတွေ့မှုမကြာခဏ ဖြစ်ပွါးလျှက်ရှိပြီး ကျေးရွာပေါင်း (၁၄၇)ရွာရှိသည့်အနက် ကျေးရွာ(၇၂)ရွာမီးရှို့ခံထားရကာ အိမ်ခြေ(၅၀၀၀)ကျော်မီးလောင်ဆုံးရှုံးထားသည်ဟု သုတေသနစစ်တမ်းများက ဖော်ပြသည်။
Photo Crd-(စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြင်ကွင်း/ပုံဟောင်း)
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/986
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4164
Website ->https://eng.thanlwinkhet.net