ကောင်းချစ်အောင်
မေ ၁၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကန်ဒေါင့်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်အင်အားအသာစီးဖြင့် ပြန်လည်ခုခံသောကြောင့် စခန်းမသိမ်းပိုက်နိုင်ဘဲဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
မုံရွာ−ပုလဲ−ဂန့်ဂေါ ကားလမ်းမပေါ်တွင်တည်ရှိသည့် ကန်ဒေါင့်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၇၀ကျော်ခန့်တပ်စွဲနေပြီး ယခုနှစ်ဆန်းပိုင်းကတည်းက ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါကန်ဒေါင့်ရဲစခန်းကို ယမန်နေ့ ည၈နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ ဒေသခံတပ်ရင်းများ၊ LPDFများပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် Chauk Guerrilla Force(CGF)တာဝန်ခံ ကိုဘကွန်းက သံလွင်ခက်သတင်းဌာနကိုပြောသည်။
“ပေ ၈၀လောက်မှာ အနီးကပ်အပြန်အလှန်ပစ်ကြတာ။ နှစ်နာရီကျော်လောက်ကြာတယ် ၆၀မမ ၄၀မမတွေနဲ့လည်းအသည်းအသန်ပြန်ပစ်ကြတာ”ဟု ဆိုသည်။
စခန်းသိမ်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း စစ်ကောင်စီဘက်မှ သာလွန်အင်အားဖြင့် ပြန်လည်ခုခံသည့်အပြင် စခန်းဘေးရှိတိုက်နှစ်ခုမှ ကင်းပုန်းယူကာ အဆက်မပြတ်ပစ်ခတ်မှုများကြောင့် မအောင်မြင်ဖြစ်ခဲ့ရသည်ဟု သိရသည်။
“ဘန်ကာကိုမဖြိုနိုင်တာလည်းပါတယ်။ ဘန်ကာကနေ စက်လက်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ပြီး လက်နက်ကြီးတွေနဲ့ပစ်တော့၁၂နာရီဝန်းကျင်လောက်မှာ ပြန်ဆုတ်လာရတာ”ဟု ကိုဘကွန်းကပြောသည်။
အဆိုပါသုံးနာရီကြာတိုက်ပွဲအတွင်း ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဘယ်ခြေထောက်လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး အခြားမဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/987
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4167
Website ->https://eng.thanlwinkhet.net