သံလွင်ခက်
မေ ၁၁ ၊ ၂၀၂၃ ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များအနေဖြင့် လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာလျှင် လက်နက်အမျိုးအစားအလိုက် ဆုကြေး နှစ်သိန်းကျပ်မှ ၇၅ သိန်းကျပ်အထိ ချီးမြှင့်သွားမည်ဟု စစ်ကောင်စီက မေလ ၉ရက် ရက်စွဲဖြင့် ကြေညာခဲ့သည်။
ထိုအခြေအနေနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့နှင့်သော်လည်းကောင်း၊ ရဲဘော်အချင်းချင်းသော်လည်းကောင်းပြဿနာရှိလျှင် ဖောက်လွဲဖောက်ပြန်တတ်သည့် စိတ်တချို့ တွေ့နေရသဖြင့် စစ်ကောင်စီ၏ စည်းရုံးမှုက ခံယူချက်မပြင်းပြသည့် ရဲဘော်များ ရှိနေလျှင် တပ်ဖွဲ့အတွက် စိုးရိမ်စရာ ကောင်းသည်ဟု KNDF တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
၎င်းက “တချို့တွေက တပ်ရင်းနဲ့ဖြစ်ဖြစ် ရဲဘော်အချင်းချင်းပဲ ဖြစ်ဖြစ် နည်းနည်း ပြဿနာရှိရင် ဖောက်ပြန်ချင်တဲ့စိတ် ရှိလာတတ်ကြတယ်။ ဘုံရန်သူကို မေ့တတ်ကြတယ်။ တပ်တွင်းထဲက ပြဿနာဟာ ဘယ်လောက်ပဲရှိနေပါစေ။ အဓိကတော့ ဘုံရန်သူက ဘယ်သူလဲဆိုတာ မမေ့တတ်ဖို့ပါပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ စည်းရုံးဖိတ်ခေါ်မှုသည် လက်ရှိတော်လှန်ရေး အားကောင်းပြီး စည်းလုံးမှု အားကောင်းနေသည့်ကရင်နီပြည်အတွက် စိုးရိမ်စရာ မရှိသော်လည်း NUG လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံ PDF များအကြားအဆင်ပြေမှုအသံများ မကြာခဏ ကြားနေရသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစသည့် ဒေသများအတွက်အခြေအနေ ပိုဆိုးလာနိုင်သည်ဟု ၎င်းက ပြောသည်။
“အထူးသဖြင့် NUG က စစ်ကိုင်း၊ မကွေးဘက် PDF နဲ့ အဆင်မပြေတော့ ပိုဆိုးနိုင်တယ်။ ကျနော်တို့ ကရင်နီပြည်ဘက်က စကစဆီ ဝင်သွားမယ့် အနေအထား မရှိနိုင်ဘူး။ ရှိရင်တော့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ” ဟု KNDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင် အင်အားများပြီး ကာကွယ်ရေးတပ်ဖွဲ့များ ရာချီရှိနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိတော်လှန်ရေး အင်အားစုများကတော့ စစ်ကောင်စီ၏ PDF များကို စည်းရုံးဖိတ်ခေါ်မှုသည် စိုးရိမ်စရာ မရှိသည့်အပြင် ၎င်းတို့၏ အစီအစဥ်သည်လည်း မအောင်မြင်နိုင်ဟု ယုံကြည်သည်။
စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် MPDF တပ်ဖွဲ့ဝင် တစ်ဦးက “ကျွန်တော်တို့ စိုးရိမ်စရာ မရှိပါဘူးဗျ။ သူတို့ အရမ်းစိုးရိမ်လို့ ထုပ်ပြန်တဲ့ သတင်းလို့ပဲ မြင်ပါတယ်။ သူတို့ သတင်းတွေကိုလည်း ဘယ်ပြည်သူကမှ အရေးတယူ စိတ်ဝင်တစားနဲ့ ရှိမနေတော့ သူတို့ စကားတွေ၊ ထုတ်ပြန်ချက်တွေ၊ ဖွဲ့စည်းပုံတွေက တရားမဝင်ဘူးလို့ပဲ ပြောရမယ်။မြင်အောင် ပြောရရင် သူခိုးက လူပြန်ဟစ်နေသလိုပါပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ စည်းရုံးပြောဆိုမှုသည် လက်ရှိအချိန်အထိ အခက်အခဲ၊ ပင်ပန်းဆင်းရဲမှု များစွာကြားမှ တော်လှန်နေကြသော ရဲဘော်များ၏ ပြင်းပြသည့် စိတ်ဓာတ်များကို စိတ်ယိုင်သွားစေသည့် အခြေအနေမရှိသော်လည်း စစ်ကောင်စီဘက်က ကြေညာချက်နှင့်အတူ လုပ်ကြံဖန်တီးမှုများ ပြုလုပ်လာနိုင်သည်ဟု မုံရွာပင်မသပိတ်အဖွဲ့ဝင် မချောစုစံက သုံးသပ်သည်။
ထို့သို့စစ်ကောင်စီက ကြေညာမှုနှင့်အတူ အတုအယောင် လုပ်ကြံဖန်တီးမှုများ စစ်ကောင်စီက ပြုလုပ်လာနိုင်သည်ဟုလည်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က မှတ်ချက်ပြု ပြောဆိုသည်။
၎င်းက “PDF တွေကို ပြန်လည် ခေါ်ယူတဲ့ ကိစ္စမှာ ဒါက အကြမ်းဖက်စစ်အုပ်စုဟာ ယုံကြည်သင့် ယုံကြည်ထိုက်တဲ့အဖွဲ့အစည်းလားဆိုတာတော့ ဒါ PDF တွေထဲမှာလည်း အများစုက GZ တွေဆိုတော့ ဒီလူငယ်တွေ ဒါကို ခွဲခြားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာက ဒီလိုမျိုး ကြေညာချက်တွေ ထွက်လာပြီးတဲ့နောက်မှာတော့PDF တွေလက်နက်အပ်တဲ့ လုပ်ကြံဇာတ်လမ်းတွေ ရှိလာနိုင်ပါတယ်။ အရင်ကလည်း အကြမ်းဖက်စစ်အုပ်စုကအခါခါ လုပ်ဖူးပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက PDF များ လက်နက်ခဲယမ်း အပ်လျှင် ဆုကြေး ချီးမြှင့်သွားမည်ဟု ကြေညာချက် ထွက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် ယမန်နေ့၌ မန္တလေးတိုင်းမှ PDF သုံးဦး၊ မကွေးတိုင်း ဂန့်ဂေါနှင့်မွန်ပြည်နယ် ဘီးလင်းမြို့တို့မှ PDF တစ်ဦးစီတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာ၍ ဆုကြေးများ ချီးမြှင့်ကာမိဘများထံပြန်လည် အပ်နှံခဲ့သည်ဟု စစ်ကောင်စီ၏ မြန်မာ့အသံရုပ်သံသတင်းတွင်ကြေညာခဲ့သည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီထံ ပြန်လည် ဝင်ရောက်သွားသည့် ဖြစ်စဥ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များက တရားဝင် ကြေညာ ထုတ်ပြန်ထားသည့်ဖြစ်စဥ်မျိုး မရှိသလောက် နည်းပါးသော်လည်း စစ်ကောင်စီဘက်မှ CDM ဝင်ရောက်လာသူ တချို့ စစ်ကောင်စီထံNon CDM ပြန်ဝင်ရောက်ခဲ့သည့် ဖြစ်စဥ်များ ရှိနေသည်။
ပြီးခဲ့သည့် ဧပြီလတွင် စစ်ကိုင်းတိုင်း တမူးမြို့နယ်၌ CDM အဖြစ် ဝင်ရောက်လာသော စစ်ကောင်စီတပ်သား တစ်ဦးသည် နှစ်ပတ်အကြာတွင် တမူးမြို့နယ် PDF တပ်ရင်း ၄ မှ သေနတ် လေးလက် ယူကာ စစ်ကောင်စီတပ်ထံထွက်ပြေးသွားခဲ့သည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/985
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4160
Website ->https://eng.thanlwinkhet.net