သဇင်
မေ ၈၊၂၀၂၃။
ပဲခူးတိုင်း၊ဝေါမြို့နယ် ညောင်ခါးရှည်နယ်မြေရဲစခန်းစီးနင်းခံခဲ့ရပြီးနောက် ဖမ်းဆီးခံထားရသည့် ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံ (၃)ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှသိရသည်။
ဧပြီလ ၃၀ရက်နှင့် မေလ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည့် အဆိုပါ ဒေသခံ ၃ ဦးသည် စစ်ကြောရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်သည် ဟုဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“သေဆုံးသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတော့ပြန်မရဘူး။အဲ့ဒီထဲက တစ်ဦးကတော့(ဧပြီလ) တစ်ရက်နေ့က သူ့နေအိမ်မှာလာဖမ်းတာ ပေါင်ကိုသေနတ်ထိမှန်ခဲ့တယ်။ဒဏ်ရာနဲ့ပဲ ဘုရားကြီးအမြောက်တပ် စစ်ကြောရေးကိုခေါ်သွားတာ ဟိုရောက်တော့ဆေးလဲမကုပေး သွေးထွက်လွန်ပြီး ဆုံးတာ ၊စုစုပေါင်း သုံးဦးသေဆုံးသွားတာလို့ ရဲနဲ့စစ်တပ်နီးစပ်သူတွေဆီက သိရတာ“ဟု ဆိုသည် ။
၎င်းတို့ သုံးဦးမှာ မေလ ၃ ရက်နေ့မှ ၇ ရက်နေ့အတွင်းသေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါသေဆုံးသွားသူများမှာ အသက် ၆၀ နှင့် အရွယ်ရှိ ကျုံပါရွာသားတစ်ဦး ၊ အသက် ၅၀နှင့် ၃၂နှစ်အရွယ် ဖိုးစပယ်ရွာသားနှစ်ဦးတို့ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ဟု ဒေသခံများကပြောသည်။
“သူတို့က သာမန်ပြည်သူတွေပါပဲ။ PDFတွေရွာထဲလာရင် ထမင်းစားဖို့စီစဉ်ပေးတာ နေဖို့စီစဉ်ပေးတာမျိုးတော့ရှိတယ်” ဟု ၎င်းကဆိုသည်။
သေဆုံးသွားသူများ၏ မိသားစုဝင်များလည်း စတင် ဖမ်းဆီးခံထားရသည့်နေ့မှ စတင်ကာ ယနေ့ထိတိုင်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။
ထို့ပြင် မေလ ၇ ရက်နေ့ကလည်း ဖိုးစံပါယ်ရွာမှ ဖမ်းဆီးထားသူတစ်ဦးအား စစ်ကား (၂)စီးဖြင့်ခေါ်ဆောင်လာပြီးရွာအတွင်း ဝှက်ထားသော လက်လုပ်သေနတ်များကို ဖော်ယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင် ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်နယ်မြေရဲစခန်းစီးနင်းခံရကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦးသေဆုံးပြီးနောက် ပြည်သူများအား ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်နေသည် ။
Photo Crd- (စီးနင်းခံရသည့် ညောင်ခါးရှည်ရဲစခန်း)
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/951
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4116
Website ->https://eng.thanlwinkhet.net