သံလွင်ခက်
မေ ၈ ၊ ၂၀၂၃ ။
ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် တစ်ကျောပြန် ပြန်လည်ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း၌ ကရင်နီပူးပေါင်းတပ်မှရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါညေးခူ ၊ဒေါဆိုဖျ ကျေးရွာအတွင်းသို့ ယခု မေလ ၂ရက်မှစ၍ စစ်ကောင်စီစစ်ကြောင်းများ ပြန်လည် ဝင်ရောက်လာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
” မေလ(၄)ရက်နေ့တွင် မိမိတို့ KNDF တပ်ရင်း အမှတ်(၁၀) မှ ရဲဘော် စောအယ်ကပေါ်ထူးသည် ရှေ့တန်းတွင်တာဝန်ထမ်းဆောင်ရင်း တိုင်းပြည် နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်“ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B10 တပ်ရင်းက ယနေ့တွင် သတင်းထုတ်ပြန်သည်။
ထို့ပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တပ်ရင်း၁ ၊တပ်ခွဲ၁ မှ ရဲဘော်အငယ်လေးသည် မေလ ၇ ရက် နံနက်ပိုင်းတွင် ရှေ့တန်းတစ်နေရာ၌ ကျဆုံးခဲ့သည်ဟု DMO-PDFက ထုတ်ပြန်ထားသည်။
” ကျသွားတဲ့ရဲဘော်က အသက်က ၁၉ နှစ်ပဲရှိသေးတယ်။ လက်နက်ကြီးထိပြီး ပွဲချင်းပြီးကျသွားတာ။ ဒီးမော့ဆိုအရှေ့ခြမ်းမှာပါ “ဟု DMO PDF တပ်ရင်း၁ မှ ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆို အရှေ့ခြမ်းတွင် ပြန်လည်ဖြစ်ပွားနေ့သည့် ထိတွေ့တိုက်ပွဲများနှင့်ပတ်သက်၍ KNDF နှင့်ဒီးမော့ဆို PDF ထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်တလောတွင်ပြန်ဖြေကြားခြင်းမရှိသေးပေ။
ထို့ပြင် ကျဆုံးရဲဘော်နှင့်ပတ်သက်သည့်အကြောင်းအရာအား KNDF B10 တပ်ရင်းထံဆက်သွယ်မေးမြန်းထားရာပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများထိုးလာသည့်အတွက် ထိတွေ့တိုက်ပွဲတချို့ပြန်လည်ဖြစ်ပွားနေသည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆိုအရှေ့ခြမ်းကို ပြီးခဲ့သည့်မတ်လအတွင်း၌ စစ်ကောင်စီတပ်၏ တပ်၅၅ ၊ တပ်၆၆ လက်အောက်ခံ ခလရ၁၂ ၊ ခမရ ၅၁၅ ၊ ခမရ ၅၁၆ စသည့်တပ်ရင်းများဖြင့် အင်အား ၂၇၀ ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ ပူးပေါင်းစစ်ကြောင်းများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀၀ ကျော်အထိ သေဆုံးခဲ့သည်။
ထို့နောက် ပြီးခဲ့သော ဧပြီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း စဒခ၂ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းမှ အင်းအား၈၀ ဖြင့်နောက်ထပ်စစ်ကြောင်းတစ်ခု ထပ်မံဖြည့်တင်းခဲ့သည်။
” ပွဲကြီးတွေကတော့ မတ်လ ၂၂ ၊ ၂၃ ရက်မှာ ၉၀လောက်ကျတယ်။ ၅၀ ဒဏ်ရာရတယ်။ နောက်ပြီးတော့မှ ၁၆ ၊၁၇ ရက်မှာ ၅၀ လောက်ကျတယ်။ ဒါက ကျွန်တော်တို့ရတဲ့ စာရင်းအရပေါ့။ ဒါပေမယ့် ဒဏ်ရာရရပြီး ဆေးရုံမှာသေတာမျိုးရှိနိုင်သေးတယ်။ နောက်ပြီး မိုင်းနင်းပြီသေတာမျိုးရှိတယ် “ဟု ဒီးမော့ဆို အရှေ့ခြမ်းထိုးစစ်အတွင်းစစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများခဲ့သည်ကို ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ခံခူးညေးရယ်က သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆို အရှေ့ခြမ်းထိုးစစ်အတွင်း၌ အထိနာခဲ့သောစစ်ကောင်စီတပ်စစ်ကြောင်းများက ပြီးခဲ့သောဧပြီလနောက်ဆုံးအပတ်တွင် တပ်များပြန်ဆုတ်သွားခဲ့သော်လည်း ယခုလအစပိုင်း၌ ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးယခင်တပ်ရင်းများမှ ကျန်ရှိ အင်အားများဖြင့်သာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/952
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4119
Website ->https://eng.thanlwinkhet.net