သံလွင်ခက်
မေ ၆၊ ၂၀၂၃။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၂–၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်တွင် ထုတ်ပြန်သည်။
ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၃၄ ဦး ဝင်ရောက်ဖြေဆိုပြီး ၁၄၃၇ ဦး အောင်မြင်မှု ရရှိကာ အောင်ချက်၅၂ ရာခိုင်နှုန်းကျော် ရှိသည်ဟု ကေအိုင်အို ဗဟိုပညာရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများတွင် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၈၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၆ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး အပါအဝင် လေးဘာသာ ဂုဏ်ထူးရှင် ၇ ဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် ၁ ဦး ပါဝင်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လိုင်ဇာမြို့တွင် ကျောင်းတက်သည့် ကျောင်းသူ၊ ကျောင်းသားဦးရေ သုံးပုံလျှင် တစ်ပုံခန့် မြှင့်တက်လာသည်ဟု ကေအိုင်အို ဗဟိုပညာရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/ KIA ဌာနချုပ်ရှိရာ လိုင်ဇာတွင် ပညာသင်ကြားခြင်းသည် ကျောင်းသူ၊ကျောင်းသားများ အပါအဝင် ဆရာ၊ ဆရာမများအား စိတ်လုံခြုံမှုရရှိစေသည်ဟု လိုင်ဇာမြို့တွင် ရောက်ရှိနေသည့်CDM ဆရာမတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စိတ်ဓာတ်ရေးရာပိုင်းကွာတာပေါ့၊ ကျွန်မတို့က အမှန်တရားလိုက်လို့ လုံလုံခြုံခြုံစိတ်ဓာတ်နဲ့ သင်ကြားနိုင်တယ်။ဒီက အစိုးရကလည်း အများကြီးတားဆီးထားတာမရှိတော့ ကျောင်းသားတွေရဲ့ အခွင့်အရေးအပြည့်အဝရပြီးစာသင်နိုင်တာပေါ့” ဟုပြောသည်။
ကေအိုင်အို၊ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင် ကျောင်းသင်ခန်းစာပညာရေး ဘာသာရပ်များအပြင် လူသားတိုင်းသိသင့်သိထိုက်သည့် ဘာသာရပ်များကို လွတ်လပ်စွာ သင်ကြားပေးနိုင်သည်ဟု ကေအိုင်အိုပညာရေးဌာန၏တာဝန်ရှိသူက ပြောသည်။
လိုင်ဇာတွင် ပညာသင်ကြားသည့် ကျောင်းသူ၊ ကျောင်းသားများသည် မြန်မာစာဘာသာ၊ အင်္ဂလိပ်စာဘာသာ၊သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာ သာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ် စသည့် ဘာသာရပ်များအပြင် မိခင်တိုင်းရင်းသား ကချင်ဘာသာရပ်ကိုလည်းသင်ကြားဖြေဆိုရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် ယခုနှစ်မေလ ၂၅ ရက်နေ့မှ စတင်အမည်စာရင်းလက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ပုံစာ–တက္ကသိုလ်ဝင်တန်းအောင်စာရင်းကြည့်နေသူများမြင်ကွင်း။
Photo- Gunmaw Sumlut
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram-> https://t.me/newstlk/943
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4086
Website ->https://eng.thanlwinkhet.net