ယမင်းဖူးပွင့်အောင်
မေ ၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်၍ အထက်တန်းကျောင်းကို မိုင်းခွဲဖျက်ဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။
ရေဦးမြို့နယ် ချမ်းသာကျေးရွာတွင် မီးမလောင်ဘဲ ကျန်ရှိသည့် တစ်ခုတည်းသော စာသင်ကျောင်းကို မေလ ၄ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၅ ကြိမ်မြောက် စစ်ကြောင်းထိုးမိုင်းခွဲသွားခြင်း ဖြစ်သည်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ စာသင်ကျောင်းသည် ကိုဗစ်ကာလကတည်းက ပိတ်ထားခြင်းဖြစ်ပြီး အနီးအနားကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူများကို ချက်ပြုတ်ကျွေးမွေးရာတွင် အသုံးပြုနေသည့်အဆောက်အဦးဖြစ်သည်ဟု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)ရဲဘော် ထူးခန့်ဇော်က သံလွင်ခက်ကိုပြောသည်။
“နှစ်ထပ်ကျောင်းဆောင်၊ ကိုဗစ်ကတည်းက ပိတ်ထားတဲ့ အထက်တန်းကျောင်းကို မိုင်းခွဲမီးရှို့သွားတာ။ အစိုးရပိုင်ကျောင်းမို့ မလုပ်ရဲဘူးထင်တာ။ အခုဖျက်ဆီးသွားတယ်” ဟု၎င်းကပြောသည်။
ချမ်းသာရွာသည် ခရစ်ယာန်ဘာသာဝင်အများဆုံးနေထိုင်ကြပြီး ၂၀၂၂ ခုနှစ်အတွင်း သုံးကြိမ်နှင့် ၂၀၂၃ဇန်နဝါရီလတွင် တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်တိုင်တိုင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။
ရဲဘော် ထူးခန့်ဇော်က “၁၂၉ နှစ်နီးပါးရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကြီးပါ မချန် ခေါင်းလောင်းစင် ပျက်စီးအောင်အထိ ဖျက်ဆီးသွားတယ်။ အိမ်ကြီးအိမ်ကောင်းတွေလည်းမကျန်ဘူး” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုကြောင့် ချမ်းသာကျေးရွာရှိပြည်သူများမှာ ယာယီတဲများဖြင့်ထိုးကာ စစ်ဘေးရှောင် နေထိုင်နေရသည်ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
“အလှူရှင်တွေရဲ့ ပံ့ပိုးထောက်ပံ့မှု၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားမှုနဲ့ အေးအေးလူလူနေရအောင်ယာယီထန်းရွက်တဲလေးတွေတော့ ဆောက်ပေးထားပါတယ်” ဟုပြောသည်။
အင်အား ၁၀၀ ခန့်ရှိသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် လက်ရှိအချိန်တွင် ဒီပဲယင်းမြို့နယ်သို့ ထွက်ခွာသွားပြီး ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ကလည်း ရေဦးနယ်တောင်ဘက်ခြမ်းရှိ ကျေးရွာသုံးရွာကို မီးရှို့ခဲ့သည်။
ပုံစာ–မိုင်းခွဲဖျက်ဆီးခံရသည့် စာသင်ကျောင်း မြင်ကွင်း။
Photo-ပေးပို့။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/941
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4083
Website ->https://eng.thanlwinkhet.net