သံလွင်ခက်။
မေ ၆၊ ၂၀၂၃။
ဖမ်းဆီးရမိသည့် သစ်များကို အညာဒေသရှိ မီးဘေး၊ စစ်ဘေးသင့် ပြည်သူများထံ ပြန်လည်ခွဲဝေပေးမှုများလုပ်ဆောင်ပေးလျက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က သံလွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက ” ဟိုအရင် မြန်မာ့သစ်လုပ်ငန်းက ထုတ်ထားတဲ့ သစ်တွေရှိတယ်။ နောက်ပိုင်းမှာ ခိုးထုတ်လာတဲ့ သစ်တွေကို ဖမ်းထားတာရှိတယ်။ အညာဒေသမှာ မီးရှို့ခံထားရတဲ့ အိမ်တွေအများကြီးရှိတယ်။ ဒီအိမ်တွေကို သစ်တွေ ပြန်ပြီး ခွဲဝေပေးတာရှိတယ်။ နောက်ပညာရေး ကျောင်းတွေ တည်ဆောက်တာမျိုး သုံးခိုင်းတာရှိတယ် ” ဟုဆိုသည်။
သယံဇာတများကို တူးဖော်ခွင့်၊ ထုတ်ဖော်ခွင့် မပေးထားဘဲ ထုတ်လာသည့်အပေါ် သိမ်းဆည်းဖမ်းဆီးတာအပြင်ဒဏ်ငွေ ဆောင်ခိုင်းမှုများလည်းရှိပြီး ဒဏ်ကြေးငွေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနMOPFI က စီမံခန့်ခွဲမှုများ လုပ်ဆောင်သည်ဟု ဒေါက်တာတူးခေါင်ကဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း တရားမဝင် ကျွန်းခွဲသား ( ၄၀၄.၂၅၄၆ ) တန်၊ သစ်မာ ( ၂၄၃.၄၁၆၂ ) တန်၊ ဝါး ( ၁၆၅၀၀ ) လုံးနှင့် ထင်း ( ၂၄ ) တန်ဖမ်းဆီးရရှိခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂ နှစ်တာအတွင်း အခွန်၊ အကောက်နှင့် ဒဏ်ကြေးမှ ၁၀ ဘီလျံ ဝင်ငွေရရှိခဲ့ပြီး ယင်းထဲမှ ၃၀ ရာခိုင်နှုန်းကျော်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကောက်ခံရရှိသည့် ဝင်ငွေဖြစ်သည်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန MOPFI ထံမှ သိရသည်။
ရရှိလာသည့် အခွန်ရငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းမူဝါဒအရ သုံးစွဲလျက်ရှိသည်ဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက သံလွင်ခက် သတင်းဌာနကို ပြောသည်။
၎င်းက ” ကျနော်တို့ အခွန်/ဒဏ်ကြေး ကောက်ခံရာမှာ ပြည်သူကို ဝန်ထုတ်ဝန်ပိုးမဖြစ်တဲ့ စနစ်ကို ဦးတည်ပါတယ်။အဓိက ကောက်ခံတာကတော့ လုပ်ငန်းရှင်တွေ ပေးသင့်ပေးထိုက်တဲ့ အခွန်/ ဒဏ်ကြေးကို စည်းကြပ်တာပါ။ အခွန်ရငွေ ရဲ့ ၁၀% ကို NUG ရဲ့ အခွန်ကောက်ခံခြင်းနဲ့ မျှဝေ သုံးစွဲခြင်း မူဝါဒ အရ လူသားချင်းစာနာမှု ကိစ္စတွေမှာသုံးစွဲပါတယ် “ဟုဆိုသည်။
စစ်တပ်အာဏာသိမ်းစချိန်ကစလို့ ယနေ့ထိ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ရွာပေါင်း ၄၇ ရွာမှ နေအိမ်၂၃၆၂ မီးရှို့ခံထားရပြီး မီးဘေးစစ်ဘေးသင့် ပြည်သူများကို NUG က သစ်၊ ဝါးနှင့် အရေးပေါ် စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့မှုများရှိသည်ဟု ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံ ကပြောသည်။
၎င်းက ” မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိကျတဲ့စာရင်းဇယားတွေကောက်တယ်၊ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်တယ်။ အဲ့အပေါ်မှာသူတို့ကြည့်ပြီးတော့ အရေးပေါ် စားနပ်ရိက္ခာအတွက်ဆိုပြီး ငွေကြေးထောက်ပံ့ပါတယ်။မီးရှို့ခံရတဲ့ အိမ်ထောင်စု ကျေးရွာတွေကို သက်ဆိုင်ရာ ကျေးရွာမှာရှိတဲ့ ပကဖ၊ပအဖတွေရယ် အရေးပေါ်မီးဘေးသင့် ကူညီရေး ကော်မတီ၊ မြို့နယ် ပကဖ၊ ပအဖက သက်ဆိုင်ရာဒေသခံနဲ့ပေါင်းပြီးတော့ သစ်ဝါးတွေကို အခမဲ့သော်လည်းကောင်း အခမဲ့နီးပါးသော်လည်းကောင်း ရအောင်စီစဉ်ပေးနိုင်ပါတယ် ” ဟုဆိုသည်။
စစ်အာဏာသိမ်းမှုအလွန် ၂၀၂၂ အောက်တိုဘာ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း နေအိမ်၊အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများ အပါအဝင်) ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကထုတ်ပြန်ထားသည်။
ထို့ပြင် မီးရှို့ဖျက်ဆီးခံရမှုများသည် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်းပမာဏ၏ ၇၀ ရာခိုင်နှုန်းနီးပါးအထိရှိခဲ့သည်ဟု ဖော်ပြထားသည်။
ပုံစာ – စစ်ကိုင်းတိုင်းထဲမှ မီးရှို့ခံထားရသည့် နေအိမ်များကို ပြန်လည်တည်ဆောက်နေသည့် မြင်ကွင်း/ ပုံအဟောင်း။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/935
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4075
Website ->https://eng.thanlwinkhet.net