သံလွင်ခက်
မေ ၆ ၊ ၂၀၂၃ ။
အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ MMA ပြိုင်ပွဲမှာ အောင်လအန်ဆန်က ပြိုင်ဘက် တရုတ်ဖိုက်တာ ဖန်ယောင်းကိုဒုတိယချီအတွင်းမှာပဲ အနိုင်ရရှိခဲ့ပါတယ်။
ONE Championship အဖွဲ့အစည်းက ကျင်းပတဲ့ One Night Fight 10 ပြိုင်ပွဲမှာ မွေထိုင်း၊ နပန်း၊ MMA (Mixed Martial Arts) ပွဲစဥ် ၁၁ ပွဲ ပါဝင်ပြီး အောင်လအန်ဆန်က MMA ပွဲစဥ် သုံးပွဲမြောက်မှာ ယှဥ်ပြိုင်ထိုးသတ်သွားတာဖြစ်ပါတယ်။
၅ မိနစ် သုံးချီ ယှဥ်ပြိုင်ရတဲ့ MMA မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာ ပထမအချီအတွင်း တရုတ်ဖိုက်တာ ဖန်ယောင်းကအောင်လအန်ဆန်ကို ဘယ်၊ညာ လက်သီးတွဲလုံးတွေနဲ့ ယှဥ်ပြိုင်ထိုးသတ်သွားခဲ့ပါတယ်။
အောင်လအန်ဆန်ကလည်း လက်သီးတွဲလုံး၊ ဒူး၊ ထောက်ခြေ၊ ခြေကန်ချက်တွေနဲ့ အကောင်းဆုံး ယှဥ်ပြိုင်နိုင်ခဲ့ပါတယ်။
ဒုတိယအချီ စစချင်း လက်သီးတွဲလုံးတွေနဲ့ ထိုးစစ်ဆင်လာတဲ့ ဖန်ယောင်းဟာ သူရဲ့ လက်ဝိုက်လက်သီး ထိုးချက်ကြောင့် အောင်လအန်ဆန် အနည်းငယ် ယိုင်သွားတာကို အခွင့်ကောင်းယူပြီး အတင်းဝင်လုံးရာကနေ အောင်လအန်ဆန်က ချုပ်ကွက်နဲ့ပဲ ဒုတိယအချီ ၁၈ စက္ကန့်အတွင်းမှာပဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ခဲ့တာ ဖြစ်ပြီး အနိုင်ရရှိပြီးနောက် မြန်မာနိုင်ငံအတွက်ဆုတောင်းမေတ္တာပို့သခဲ့ကာ သူကိုယ်တိုင် မြန်မာနိုင်ငံကနေ ရောက်ရှိလာသူ တစ်ဦးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အခုနိုင်ပွဲဟာ အောင်လအန်ဆန်အတွက် ၂၀၂၃ ခုနှစ်မှာ ဒုတိယမြောက်နိုင်ပွဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ချန်ပီယံခါးပတ်တွေ လက်လွှတ်ခဲ့ရပြီး ပြန်လည် ယှဥ်ပြိုင်ခဲ့တဲ့ MMA ပြိုင်ပွဲ ၅ ပွဲမှာ ၄ ပွဲကို အနိုင်ရရှိအောင် ထိုးသတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
One မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ အောင်လအန်ဆန်ဟာ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၃၀ ရက်မှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ပွဲနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ၂၈ ရက်မှာ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွေမှာ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်တွေကို စွန့်လွှတ်ခဲ့ရတာပါ။
အဲဒီနောက်မှာတော့ အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲ ၅ ပွဲ ယှဥ်ပြိုင်ခဲ့ပြီး ဒုတိယမြောက်ပွဲစဥ်မှာ ချန်ပီယံဟောင်း ရုရှားဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်မှာ ဂျပန်ဖိုက်တာ အိုကာမီနဲ့ ထိုးသတ်သွားတဲ့ ပွဲစဥ်၊ အခုနှစ်ဇန်နဝါရီ ၁၄ ရက်မှာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတိုနဲ့ ထိုးသတ်သွားတဲ့ ပွဲစဥ်တွေမှာ ပထမအချီ တစ်မိနစ်ကျော်အတွင်းမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီတဲ့ အောင်လအန်ဆန်ဟာ လက်လွှတ်ခဲ့ရတဲ့ ချန်ပီယံခါးပတ် စိန်ခေါ်ပွဲတွေ ထိုးနိုင်အောင် အကောင်းဆုံးပြင်ဆင်ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။
အောင်လအန်ဆန်ဟာ MMA လက်ဝှေ့လောကထဲ စတင်ဝင်ရောက်ချိန်ကစပြီး ဒီနေ့အထိ ပြိုင်ပွဲပေါင်း ၄၂ ပွဲကိုယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၂၉ ပွဲအနိုင်ရကာ ၁၃ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/935
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4072
Website ->https://eng.thanlwinkhet.net