သံလွင်ခက်
မေ ၅ ၊ ၂၀၂၃ ။
ကေအဲန်ယူ တပ်မဟာ ၃ ဒေသခံ တစ်ဦးသည် အလုပ်မှ ပြန်လာချိန် စစ်ကောင်စီတပ်ကင်းလှည့်အဖွဲ့နှင့်ဆုံပြီး ပစ္စတိုဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကာ ပိုက်ဆံ လွယ်အိတ်နှင့် ဖုန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်မဟာ ၃၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ် နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် စောလေးလေးထူး (ခ) ဝဏ္ဏကို စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။
၎င်းသည် ပြီးခဲ့သည့် နှစ်ရက် မေလ ၃ ရက်၊ ည ၇း၂၀ နာရီအချိန်တွင် ရေတွင်းကုန်းကျောင်းဘေးရှိ အလုပ်ရှင်တစ်ဦး၏ အိမ်မှ အလုပ် ပြန်လာစဥ် နတ်သံကွင်းဆေးရုံရှေ့တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်း ပစ်ခတ်ခံရပြီးနောက် သွားရောက် ကူညီခဲ့သည့် ဒေသခံ တစ်ဦးက “ဘုံသတောမှ ကင်းလှည့် ပြန်လာတဲ့ စကစတွေ ပစ်တာ သေနတ်သံ တစ်ချက် ကြားတယ်၊၊ မသွားကြည့်ရဲကြဘူး၊၊ သွားကြည့်တဲ့အခါ ဆိုင်ကယ်ရပ်ထားတယ်၊၊ နောက်ကျောကို ပစ်တာ၊ လူက ဘေးမှာ မှောက်လျက် သေနေပြီ” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က စောလေးလေးထူးအား ပစ်သတ်သွားသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ အထက်ပါဒေသခံက “စစ်ဆေးတာတွေ့တယ်၊ လွယ်အိတ်ထဲမှာ ပိုက်ဆံ အများကြီးပါလို့ ဖြစ်မယ်၊ ပစ်စတိုနဲ့ပစ်တာတဲ့လွယ်အိတ်ရော၊ ဖုန်းရော ယူသွားတယ်” ဟု ပြောဆိုသည့် ၎င်း၏ ထင်မြင်ချက်ကိုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကေအဲန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာမှ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မူးမြို့နယ်၊ သပြေညွှန့်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးတို့အား စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဓာတ်ဆီလောင်းမီးရှို့မှုအပါအဝင် အမျိုးမျိုး ညှင်းပန်းနှိပ်စက်ခဲ့သည်ဟုလည်း ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။
ဖမ်းဆီးခံရသူနှစ်ဦးအနက် အသက် ၄၀ နှစ်အရွယ်ရှိ စောအယ်မူးသည် ဧပြီလ ၂၅ ရက်တွင် ရွှေကျင်မြို့သို့ ဈေးဝယ်ရန် သွားစဥ် လမ်းတွင် စစ်ကောင်စီ ခလရ–၅၇ တပ်၏ ဖမ်းဆီးခြင်း ခံရပြီး ခလရ–၃၄၉ စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။
ထို့နောက် မေလ ၃ ရက်တွင် စောအယ်မူး ပြန်လွတ်သည့် အချိန်၌ မျက်နှာကို အဝတ်ဖြင့် ပတ်ချည်ထားပြီးခန္ဓာကိုယ်ကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့်အပြင် စစ်ကောင်စီတပ်များသည် စောအယ်မူးအား ၎င်းတို့၏ကျင်ငယ်ရေဖြင့် ပန်းပြီးမှ ပြန်လွှတ်ခဲ့သည်ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။
မူးမြို့နယ် သပြေညွှန့်ကျေးရွာမှ ဖမ်းဆီးခံရသော အသက် ၂၂ နှစ်အရွယ်ရှိ စောလိုလိုသည်လည်း စစ်ကောင်စီတပ်၏ တစ်လအကြာ ဖမ်းဆီးခံရပြီးနောက် ဧပြီလ ၂၂ ရက်တွင် ပြန်လည် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုများ ခံခဲ့ရသောကြောင့် ယခုအချိန်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ် သတင်းဓာတ်ပုံများ ပါရှိနေပြီး သံလွင်ခက်၏ တယ်လီဂရမ်နှင့် ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/924
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4049
Website ->https://eng.thanlwinkhet.net