သံလွင်ခက်
မေ ၅၊ ၂၀၂၃။
ရှမ်း – ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းရှိ ရီနွဲ့ကျေးရွာအုပ်စုကို ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နံနက်အစောပိုင်း ၄ နာရီခန့်တွင် တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ဗုံးကြဲသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာတွင် စစ်ဘေးရှောင်များလည်း ရှိနေပြီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရှိရသေးဟု ၎င်းက နံနက် ၇ နာရီခွဲခန့်တွင် သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်သည် အဆိုပါ ကျေးရွာအုပ်စုဘက်ကို ပြီးခဲ့သည့် ဧပြီ ၃၀ ရက်မှ မေလ ၄ ရက်အထိ ၅ ရက်ဆက်တိုက် ကင်းထောက်ဒရုန်းဝဲခဲ့ပြီးနောက် ယနေ့နံနက်အစောပိုင်း၌ လာရောက်ဗုံးကြဲသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင်လည်း ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသ ယင်နွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေးဆေးရုံအား စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးသီး ၁၀ လုံးကျော်ဖြင့် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့ပြီး ဆောင်းဖွေးဆေးရုံ တစ်ရုံလုံးနီးပါး ပျက်စီးခဲ့သည်။ ယနေနံနက်ပိုင်း၌ ဗုံးကြဲခံရသော ရီနွဲ့ကျေးရွာအုပ်စုသည် ယင်နွဲ့ကျေးရွာအုပ်စုနှင့် နီးသည်ဟု သိရသည်။
ဆက်စပ်သတင်း တစ်ရပ်အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းမြို့နယ်အစပ်တွင် ယနေ့နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသည်။
အဆိုပါတိုက်ပွဲ ဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်က နံနက် ၄ နာရီကျော်ကနေ ယခုအချိန်အထိ တိုက်လေယာဉ်ဖြင့် မနားတမ်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်ဟု နံနက် ၇ နာရီကျော်အချိန်၌ ဒေသခံတစ်ဦးက ဖော်ပြထားသည်။
ထိုတိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံနှင့် ပင်လောင်းအစပ်နေရာသည် ယနေ့နံနက်ပိုင်း၌ စစ်ကောင်စီတပ်က ဗုံးကြဲသွားသော မိုးဗြဲအနောက် ရီနွဲ့ကျေးရွာအုပ်စုနှင့် ကွာဝေးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပုံစာ-ပြီးခဲ့သော ဧပြီလ ၂၅ ရက်တွင် ဗုံးကြဲခံရမှုကြောင့် ဆောင်းဖွေးဆေးရုံ ထိခိုက်ပျက်စီးမှု။
*******************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=2838
Website ->https://eng.thanlwinkhet.net