သံလွင်ခက်
မေ ၅၊ ၂၀၂၃။
KNLA-ကရင့်အမျိုးသားတပ်မတော် ဝင်ရောက် တိုက်ခိုက်မှုအတွင်း BGF-နယ်ခြားစောင့်တပ်မှ အရာရှိ သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ မူတြော်သတင်းက ယမန်နေ့ ညပိုင်းတွင်ထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအဲန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်မြေပြင်အတွက် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများ ပို့ဆောင်ရန်အတွက် လမ်းလုံခြုံရေးအား တာဝန်ယူစောင့်ကြပ်ပေးထားသည့် BGF တပ်နယ်(၃)၊ နီကန်စခန်းအား KNLA-အမှတ် (၅) တပ်မဟာတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ BGF စခန်းအား KNLA တပ်ဖွဲ့ဝင်များက ယခုလ မေ ၂ ရက်၊ မွန်းလွဲ ၁း၄၀ နာရီအချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း၌ နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ခြင်း ဖြစ်ကာ ထိုသေဆုံးသူများ စာရင်းတွင် တပ်ခွဲမှူး တစ်ဦး၊ ဒု–ခွဲမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါရှိသည်ဟု မူတြော်သတင်းက ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲအတွင်း BGFတပ်ဖွဲ့ဝင်များထံမှ AR ငါးလက်နှင့်အတူ ၎င်း၏ ကျည်ဆံအပြည့်ပါ ကျည်ဘောက်၁၆ ချပ်၊ 9-MM-နိုင်းမမပစ်စတို တစ်လက်၊ RPG-7 တစ်လက်နှင့် ၎င်းဗုံးသီး ခြောက်လုံး၊ NATO စက်လတ် တစ်လက်နှင့် ၎င်း၏ ကျည် ၅၀၀ လုံးနှင့် ဆက်သွယ်ရေးစကားပြောစက် နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
BGF စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း၌ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး၍ ငါးဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ပုံစာ-BGF စခန်းအား KNLA တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်ရာမှ သိမ်းဆည်းရမိသော စစ်လက်နက်ပစ္စည်းများ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/922
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4043
Website ->https://eng.thanlwinkhet.net