ဆူဏီးလ်
မြင်ဖို့ရာ အကြောင်းမရှိတော့သော ကြယ်ပွင့်များ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားကြလေပြီ။ တစ်ယောက်တည်းဒီလမ်းကလေးပေါ် လျှောက်နေမိချိန်မှာတော့ ပူပြင်းသော နေရောင်ခြည်များ ကျနော့်ကိုယ်ပေါ် စူးစိုက်၍ ကျရောက်နေတော့၏။ ထိုအခါမှာတော့ နေရောင်ခြည်ထဲ ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်းများ တစ်နှစ်ထက် တစ်နှစ်ပို၍. . ပို၍. .များလာနေကြောင်း သတိပေးချက်ကို သတိရလာမိတော့၏။ အဝတ်တို့ ဖုံးအုပ်ထားသည့် နေရာကလွဲပြီး ကျန်လစ်လပ်နေသော အသားစိုင်များပေါ် ကျရောက်နေသော နေရောင်ခြည်က စူးရှပြင်းထန်လွန်းပေသည်။လောင်ကျွမ်းရပေချိမ့်။
မှတ်ဉာဏ်က ဓားနှင့် တူသည်။ တစ်စုံတရာကို မှတ်မိနေခြင်းက ထက်ရှရှ ဓားပေါင်းများစွာ၏ ခုတ်ဖြတ်ခြင်း ခံနေရသည်မျိုးပင်။ အကယ်၍ ကျနော့် နှလုံးသားကိုသာ သင်တို့ မြင်ခွင့်ရခဲ့မည်ဆိုပါက မှတ်ဉာဏ်တည်းဟူသော ဓားတို့ဖြင့် ခုတ်ဖြတ်ခံထားရသည့် ဒဏ်ရာဗရပွတွေကို တွေ့ရရုံထက် ဘာမျှ ပိုမည် မဟုတ်ပါ။ ယခုတော့ဖြင့်ခရမ်းလွန်ရောင်ခြည်ပမာဏ ပါဝင်နှုန်း များပြားသော နေရောင်ခြည်များကို ကျနော် ကျောခိုင်းမှ ဖြစ်ပေတော့မည်။
အခန်းက တိတ်ဆိတ်နေပါသည်။ ဖွင့်လက်စ သီချင်းတစ်ပုဒ်တွင် ဘိုဘို၏ ဝင်ရိုးတန်းအိပ်မက်စီးရီးထဲမှ မသိလမ်းဖြစ်သည်။ ကျနော့်တွင် နှင်းမှုန်မှုန်တွေကြားထဲ ဝှက်ကွယ်ထားခဲ့ဖူးသော အတိတ်များ ရှိနေကြပြီး ထိုအတိတ်များကို ကျနော်တစ်ယောက်တည်း အကြိမ်ပေါင်းများစွာ ငေးမော၍ ကြည့်နေခဲ့ဖူးပါသည်။ ထင်းရှူးရနံ့များ သင်းပျံ့နေကြ၏။ သွေးထဲ တိုးနေသော သတိရခြင်း တဖျပ်ဖျပ်တွင် ဘဝကို ထုံးဖွဲ့ရစ်ချည်ရန် နှောင်ကြိုးများဖြင့်တည်ဆောက်ကြည့်ဖို့ ကြိုးစားခဲ့ဖူးသော စိတ်ကူးများ ရှိနေကြ၏။ ယခုတော့လည်း အရာရာအပေါ် ကျနော့်ယုံကြည်စိတ်များ ဖြူလျော်ပါးလျလို့သာ နေပါတော့သည်။
ရေးလက်စ အရေးအသားများဆီမှာတော့
“ခွန်ဆာက သူ့ကစားပွဲအတွက် ရှမ်းပြည်သူလူထုကို အပေါင်ထားစရာ ပစ္စည်းတွေအဖြစ် အသုံးချသွားတာဗျ။ သူ့မူးယစ်ဆေးလုပ်ငန်း လုပ်ရ ကိုင်ရ လွယ်ကူဖို့အတွက်သာ ရှမ်းအမျိုးသားရေးဝါဒအလံ လွှင့်တင်ပြီး သူ လျှောက်တဲ့ လမ်းမှာ ဒါကို တံတားတစ်စင်းအဖြစ် အသုံးချခဲ့တာ. . .” စသဖြင့် ရေရွတ်ညည်းတွားနေသော ရှမ်းစစ်သားဟောင်းကြီး တစ်ယောက်၏ စကားများ ရေးဖွဲ့ထားပါသည်။ ကျနော့်စိတ်တွင်း ထိုရှမ်းစစ်သားဟောင်းကြီး၏မျက်နှာကို မြင်ယောင်ကြည့်နေမိတော့၏။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကို ကြုံခဲ့ရလေသည်။ ရှမ်းလူမျိုးတို့သည်လည်း ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်တွင် ပထမဆုံးသော ရှမ်းတော်လှန်ရေးအဖွဲ့အစည်းကို ရှမ်းလူငယ် ၃၁ဦးဖြင့် သစ္စာရေသောက်ကာ ရှမ်းအရှေ့ပိုင်းရှိ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေးတစ်နေရာတွင် စတင် ဖွဲ့စည်းခဲ့လေသည်။ နွမ်စစ်ဟန်(ရဲရင့်သော လူငယ်စစ်သည်တော်) ဟု အမည်တွင်သော ထိုအဖွဲ့၏ ဦးစီးခေါင်းဆောင်မှာစောယန္တ ခေါ် စဝ်နွဲ့ ဖြစ်လေသည်။ ထို့နောက်မှာတော့ ရှမ်းစော်ဘွားများကလည်း ထိုအဖွဲ့အစည်းကို ထောက်ခံခဲ့ကြပြီး ရှမ်းပညာတတ်လူငယ်အများအပြား လာရောက် ပူးပေါင်းခဲ့ကြလေသည်။ ထိုကာလမှ စတင်ခဲ့သော ရှမ်းတော်လှန်ရေးသမိုင်းတလျှောက် အဖွဲ့များ မကြာခဏဆိုသလို ကွဲခဲ့ကြပြီး လက်ရှိတွင်လည်း ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ကွဲနေပေသေးသည်။
ကျနော်သည် ရှမ်းပြည်မြောက်ပိုင်းတွင် မွေးဖွားခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းတွင် လူလားမြောက်ခဲ့သဖြင့် ဤအရပ်ဤဒေသနှင့် စုံလင်လွန်းသော လူမျိုးစုအကြောင်းကို စိတ်ဝင်စားသူ တစ်ယောက် ဖြစ်လေသည်။ မွေးဖွားခဲ့ရာ နမ္မတူမြို့မှာတော့ သုံးလမျှသာ နေထိုင်ခဲ့ရသဖြင့် ထိုမြို့နှင့် ပတ်သက်ပြီး ဘာမျှ ပြောနိုင်တာမျိုး မရှိပါ။သို့သော်လည်း ကြီးပြင်း အရွယ်ရောက်ခဲ့ရာ နမ့်စန်မြို့နှင့်ပတ်သက်လျှင်တော့ တတ်နိုင်သမျှ ပြောနိုင်ရန် ကျနော်အားထုတ်ကြည့်ပါမည်။
တကယ်တော့လည်း ကျနော် နေထိုင်ရာ မြို့ကလေးကို ဘယ်အချိန်လောက်က မြို့တစ်မြို့အဖြစ် တည်ဆောက်ခဲ့မှန်း ကျနော် သိချင်ခဲ့သည်မှာ ကြာပါပြီ။ ယခုရက်ပိုင်းတွေအတွင်း ကျနော် နေထိုင်ရာ နမ့်စန်မြို့အကြောင်းလေ့လာကြည့်ခဲ့ရာမှာတော့ စိတ်ဝင်စားစရာ အချက်အလက် များစွာ တွေ့လာခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်က ရွာကြီး တစ်ရွာအဖြစ် ရှိခဲ့ရာမှ ၁၉၄၅ ခုနှစ်တွင်တော့ စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရရှာပါသည်။ ၁၉၅၀ ခုနှစ်မှာတော့ ခရီးသွားကုန်သည်များ အခြေချရာမှ ရွာပြန်ပေါ်ခဲ့ပြီး ၁၉၅၈ ခုနှစ်အောက်တိုဘာလတွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်မှုထမ်းခဲ့ကြသော စစ်မှုထမ်းဟောင်းများအတွက် ပြန်လည်နေရာချထားရေး စီမံကိန်းကြောင့် စည်ကားလာခဲ့ပါသည်။ ၁၉၅၉ ခုနှစ်တွင် အိမ်စောင့်အစိုးရက နမ့်စန်ရွာအဖြစ်မှမြို့အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် အစ္စရေးနိုင်ငံမှ Moshav မြို့ ကို စံနမူနာထားပြီး နမ့်စန်ပရောဂျက်ကို၁၉၅၆–၁၉၆၁ တွင် အကောင်အထည်ဖော်ခဲ့ကြဖူးသည်။ သို့သော် ထိုပရောဂျက် မအောင်မြင်ခဲ့ပါ။ အဘယ်ကြောင့် မအောင်မြင်ရသနည်းဆိုတာနှင့်ပတ်သက်၍ Magdalena Kozlowska နှင့် Michal Lubina တို့ စာတမ်း တစ်စောင် ရေးထားပြီးCambridge တက္ကသိုလ်ဝဘ်ဆိုက်တွင် တင်ပေးထားပါသည်။ စိတ်ဝင်စားသူများ ဒေါ်လာ ၂၆ဒေါ်လာခန့်မျှဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါသည်။
စစ်မှုထမ်းဟောင်းများအတွက် ပြန်လည်နေရာချထားရေး စီမံကိန်းတွင် နမ့်စန်စီမံကိန်းက မြန်မာနိုင်ငံ၏ ပထမဆုံးသော စံပြစီမံကိန်း ဖြစ်ခဲ့လေသည်။ ထိုစီမံကိန်းသာ အောင်မြင်ခဲ့ပါမူ မြန်မာနိုင်ငံတွင် နမ့်စန်ပရောဂျက် ကဲ့သို့သော ပရောဂျက်များစွာ ပေါ်ပေါက်လာနိုင်ဖွယ် ရှိလေသည်။
အင်တာနက် မပေါ်ခင်တုန်းကတော့ ရှမ်းပြည်တစ်ခွင် ခရီးထွက်ခဲ့ဖူးသော မောရစ်ကောလစ်က“Lords of the sun- set” အမည်ဖြင့် စာအုပ် ရေးသားထုတ်ဝေခဲ့ဖူးပါသည်။ ထိုစာအုပ်ကိုပင် ကွယ်လွန်ခဲ့ပြီဖြစ်သော ဆရာကျော်အောင်က “နေဝင်ဘုရင်များ” အမည်ဖြင့် ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးပါသည်။
ခရီးသွားစာပေအမျိုးအစားဖြစ်သည့် ထိုစာအုပ်၏ မူရင်းစာရေးသူ မောရစ်ကောလစ်ကို မြန်မာစာဖတ်သူတို့ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါသည်။ ကောလစ်သည် အစိုးရအမှုထမ်းအဖြစ်မှ အငြိမ်းစားယူပြီးသည့်နောက် အင်္ဂလန်သို့ ပြန်သွားခဲ့သည်။ ထို့နောက်တွင်မှ ရှမ်းပြည်နယ်အကြောင်း စာအုပ်ရေးသားထုတ်ဝေရန် ဟူသော အကြောင်းဖြင့် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ပြန်လာခဲ့သူ ဖြစ်လေသည်။ အစိုးရအမှုထမ်းဘဝတုန်းကတော့ သူသည်ရှမ်းပြည်နယ်သို့ ရောက်ခဲ့ဖူးသူ တစ်ယောက် မဟုတ်ပေ။
ဘာသာပြန်သူ ရေးသားသော အမှာစာတွင် ဆရာကျော်အောင်က ကောလစ်သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးဝန်ထမ်းဖြစ်သည့် အိန္ဒိယပဋိညာဥ်ခံဝန်ထမ်း( Indian Civil Services – ICS) တစ်ယောက် ဖြစ်သည်။ မြန်မာတို့ကICS ဟု သိနားလည်ထားကြသည့် ရာထူးဖြစ်သည်။ အိန္ဒိယကို မြန်မာနိုင်ငံထက် စော၍ အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ပြီး အဆိုပါICS များအား အုပ်ချုပ်ခိုင်းသည်။ မြန်မာနိုင်ငံကို စတင် သိမ်းပိုက်သည့်အခါ အိန္ဒိယနိုင်ငံ၏ပြည်နယ်ခွဲ တစ်ခုအဖြစ် သတ်မှတ်ပြီး အိန္ဒိယဘုရင်ခံအား အုပ်ချုပ်စေသည်။ ထိုသို့ဖြင့် နေဝင်ဘုရင်များနှင့်ဆက်စပ်နေသည့် မူလစာရေးသူ၏ အကြောင်းများကို ရေးသားထားလေသည်။
ကျနော် ဖတ်ခဲ့ဖူးသည့် ရှမ်းပြည်နယ်နှင့် သက်ဆိုင်သော စာအုပ်စာတန်းများအနက်မှ ယခုစာအုပ်ကိုတော့ အတော်ကို သဘောကျနှစ်ခြိုက်ခဲ့မိပါသည်။ ကောလစ်သည် ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းတစ်ခွင်ပြဲပြဲစင် သွားလာခဲ့ပြီးမှ ယခုစာအုပ်ကို ရေးသားခဲ့ပေသည်။ သူ့အား ကျနော်တို့အနေဖြင့် ကျေးဇူးများစွာ တင်သင့်လှပေတော့သည်။ သို့သော်လည်း လွိုင်လင်မြို့ကနေ မိုးနဲမြို့ဆီသို့ အသွား လမ်းခုလတ်တွင် ထီးထီးကြီး ရှိနေသည့် တစ်ခုတည်းသော ကျနော့်မြို့ကလေးအကြောင်း ဖော်ပြထားသည်ကို မတွေ့ရသဖြင့် စိတ်ထဲ မချင့်မရဲတော့ဖြစ်ရပါသည်။
ကောလစ်အနေဖြင့်ကတော့ ထိုအချိန် ထိုကာလလောက်ဆီတုန်းက ကျနော့်မြို့ကလေးကို တကယ် မမြင်တွေ့ခဲ့ခြင်းကြောင့် စာထဲ ထည့်မရေးတာပင် ဖြစ်ပေမည်။ အကယ်တန္တု ရွာကလေး တစ်ရွာအဖြစ်ဖြင့်ပင် မရှိခဲ့သေးတာမျိုးပင်လော. . .။
ကောလစ် က ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်၌ သူ့စာအုပ်ကို ပထမအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ သူသည် ၁၉၃၄ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး အင်္ဂလန်နိုင်ငံသို့ ပြန်ပြီး အခြေချနေထိုင်ခဲ့လေသည်။ ၁၉၃၇ ခုနှစ်အစောပိုင်းကာလတွေမှာတော့ ရှမ်းပြည်နယ်အကြောင်း စာအုပ် တစ်အုပ် ရေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဆီပြန်လာခဲ့သည်။
၁၉၃၇ ခုနှစ်၏ ဆောင်းရာသီမှာတော့ ရှမ်းပြည်နယ်တစ်ခွင် ခရီးသွားခဲ့ပြီး များပြားလွန်းသည့် စော်ဘွားအနွယ်တော်များအပြင် ထိုသူတို့နှင့် ဆက်စပ်ပတ်သက်နေသည့် အသုဘအခမ်းအနားများကိုလည်း တက်ရောက်ခဲ့လေသည်။ ကောလစ်သည် ရှမ်းစော်ဘွားအနွယ်တော်တို့၏ ရာဇဝတ်မှုများပါ လေ့လာခဲ့သေး၏။ သူသည် ၁၉၇၃ ခုနှစ်ဇန်နဝါ ရီလ ၁၂ ရက် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။
ဆက်ရန်
ပုံစာ – နမ့်စန်မြို့နယ်ရှိ နမ့်တိန်းချောင်း/ဓာတ်ပုံ – ညီညီသူ
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/889
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3960
Website ->https://eng.thanlwinkhet.net