သံလွင်ခက်။
ဧပြီ ၂၉၊ ၂၀၂၃။
လတ်တလော အပူချိန်လွန်ကဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ချောင်းရေများခမ်းကာသောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသကာကွယ်ရေး ရဲဘော် များထံက သိရသည်။
နေ့စဉ်သောက်ရန် ရေကို မြောင်းရေစစ်သောက် ရသဖြင့် ရဲဘော်အချို့မှာ ဝမ်းရောဂါ ခံစားနေရသည်ဟုကာကွယ်ရေးရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ရေမြောင်းက လာတဲ့ရေ ခပ်သောက်ရတာ။ တချို့ဝမ်းလျှောတဲ့ ရဲဘော်တွေလည်း ရှိတယ်။ တချို့က နေမကောင်းဖြစ် တစ်ညလုံး သတိလစ်ပြီး မနက်ကျမှ သတိပြန်ရလာတာ အဲ့လိုမျိုး ကြုံဖူးတယ်” ဟု ၎င်းကပြောသည်။
ဝန်းသိုနယ်တွင် ယခုကဲ့သို့ သောက်ရေ ၊သုံးရေခက်ခဲနေသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး ယခင်နှစ်များကသုံးရေအခက်အခဲသာရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ဝန်းသိုနယ်တွင် ဝမ်းရောဂါဖြစ်နေသည့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ လူတစ်ရာတွင် ၂၀ဦး ခန့်ဖြစ်နေပြီး ဖြစ်ပွါးနေသည့် အရေအတွက်အတိအကျကို လုံခြုံရေးအခြေအနေကြောင့် ကန့်သတ်ထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ယခုကဲ့သို့ မသန့်ရှင်းသည့် ရေကို သောက်ခြင်းအားဖြင့် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အသဲရောင် အသားဝါ အေပိုးထိဖြစ်နိုင်သလို ဝမ်းလျှော၍ သွေးပေါင်ကျကာ မေ့လဲသည်အထိ ဖြစ်နိုင်သည်အတွက် ရေကိုကျိုချက်သောက်ရန် သူနာပြုအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မြို့ဘက်တွေမှာဆိုရင်တော့ ဆေးခတ်လို့ရတာပေါ့။ တောဘက်မှာဆိုရင် ကျိုချက်ပြီးတော့ သောက်တာအကောင်းဆုံးပဲ။ တချို့ကြတော့ မီးသွေးတို့ သဲတို့နဲ့ စစ်ပြီးသုံးတယ်။ စစ်ပြီးသုံးတယ်ဆိုပေမယ့် မမြင်နိုင်တဲ့ပိုးမွှားတွေက ရှိတော့ ကျိုပြီး သောက်တာက အကောင်းဆုံးပဲ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏အပူချိန်သည် ယခင်နှစ်များထက် ယခုနှစ်တွင် ပိုမိုမြင့်တက်နေပြီး စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင်၂၀၂၂ ခုနှစ် ဧပြီလက အမြင့်ဆုံး ၄၁ အပူချိန် စင်တီဂရိတ် ရှိခဲ့ပြီး ယခုနှစ်တွင် ၄၃ အပူချိန် စင်တီဂရိတ် ထိ ရှိခဲ့သည်ဟု ရာသီဥတုဖြစ်စဉ်များ မှတ်တမ်းပြုစုသည့် နော်ဝေအခြေစိုက် Time and Date ကဖော်ပြထားသည်။
ပုံစာ–ဝန်းသိုအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထမင်းစားနေသည့် မြင်ကွင်း။
Photo-CJ
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/885
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3954
Website ->https://eng.thanlwinkhet.net