![]()
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ KK Park အပါအဝင် နယ်စပ်ဒေသတစ်လျှောက် အခြေစိုက်လုပ်ကိုင်နေကြသော တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်မှစတင်၍ တရားဝင် “စစ်ကြေညာ” တိုက်ဖျက်သွားမည်ဖြစ်သည်ဟု ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော် (BGF/KNA) က ထုတ်ပြန်သည်။
ယနေ့ပြုလုပ်သော ထိုင်းမီဒီယာအချို့နှင့်တွေ့ဆုံရာတွင် BGF/KNA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ” ပထမတစ်ခေါက်ရှင်းထုတ်ပြီးသွားပြီ။ ခုက မထင်မှတ်ထားတဲ့ နေရာတွေမှာ ထပ်လုပ်လာတယ်သိလာရလို့ မကြာမီရက်ပိုင်းအတွင်းမှာပဲ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို လက်တွေ့လုပ်ဆောင်သွားမှာပါ။ နောက်တစ်ခေါက်ဆိုတာ မရှိစေရတော့” ဟု ပြောသည်။
ယခင်ရက်သတ္တပတ်များက KK Park အတွင်းရှိ အဆောက်အအုံအချို့ကို ဖောက်ခွဲဖျက်ဆီးမှုများ ရှိခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိမည့် အဆောက်အအုံများနှင့် နေရာများကို ဖျက်ဆီးပစ်မည်မဟုတ်ဘဲ အိုးအိမ်မဲ့ပြည်သူများ နေထိုင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စနစ်တကျ စီမံခန့်ခွဲသွားမည်ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။

“ဒေသတည်ငြိမ်အေးချမ်းရေးကို ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာပါ။ ဒီအဆောက်အအုံတွေကိုလည်း အိုးအိမ်မရှိတဲ့ ပြည်သူတွေအတွက် စနစ်တကျ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအဖြစ် ပြောင်းလဲဆောင်ရွက်သွားမယ်” ဟု ၎င်းက ကတိပြုပြောကြားသည်။
ထို့အပြင် မြန်မာ-ထိုင်းနယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများ လုံးဝကင်းစင်သွားရေးသည် အဓိကရည်မှန်းချက်ဖြစ်ပြီး၊ ဤလုပ်ငန်းစဉ်တွင် အခက်အခဲကြုံတွေ့နေရသော အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံကြီးများအနေဖြင့် BGF/KNA တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
#နယ်စပ်ကျားဖြန့်လုပ်ငန်း #BGF #KNA #စစ်ကြောညာ #ThanLwinKhetNews
