![]()
ခင်သရဖီဦး
အာရက္ခတပ်တော် AA တပ်သား ကိုးဦးနှင့် PDF တပ်ဖွဲ့ဝင် ၆ ဦး နိုဝင်ဘာလ ၁၈ ရက်တွင် စစ်ကော်မရှင်ထံသို့ လက်နက်ချ အလင်းဝင်လာသည်ဟု စစ်ကော်မရှင် မီဒီယာများက ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြေညာချက်တွင် ”PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်သည့် အဖွဲ့အစည်းများအတွင်း ရှိနေသူများအား ဥပဒေအတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသော AA အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် ၆ ဦးတို့မှာ လက်နက်ခဲယမ်းများနှင့်အတူ ဒီကနေ့မှာ ဝင်ရောက်လာကြပါသည်” ဟု ထုတ်ပြန် ကြေညာထားခြင်းဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ ဖြစ်စဉ်များ လုံးဝ မရှိဘဲ ခရီးသွားပြည်သူများအား AA ဟု ဝန်ခံခိုင်းပြီး ဖမ်းဆီးခြင်းသာ ဖြစ်သည်ဟု အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သံလွင်ခက်ကို ပြောသည်။
”အဲဒီလိုဖြစ်စဉ်တွေကတော့ လုံးဝ မရှိပါဘူး။ ဖြစ်နိုင်တာက ခရီးသွား ရခိုင် အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီးတော့ အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်ပြီးတော့ ထွက်ဆိုခိုင်းတာပဲဖြစ်နိုင်ပါတယ်။ အတင်း AA လုပ်ခိုင်းတာပဲ ဖြစ်မှာပါ” ဟုဆိုသည်။
စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် AA တပ်ဖွဲ့ဝင် ကိုးဦးမှာ ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် သံတွဲ၊ ဂွတို့မှ ဖြစ်ပြီး ဧရာဝတီတိုင်း မအူပင်၊ လေးမျက်နှာမြို့နယ် ကြံခင်းနှင့် ရေကြည်မြို့နယ်တို့မှ PDFအဖွဲ့ဝင် ခြောက်ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ၎င်းတို့အား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီတိုင်းခန်းမတွင် လွှဲပြောင်းခြင်းများနှင့် ဆုငွေ ချီးမြှင့်ခြင်းများကို ဧရာမတီဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူးဗိုလ်ချုပ် စိုးကျော်ထက်တို့က ပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
အလင်းဝင်လာသူများထံတွင် ပါရှိလာသည်ဟု ဆိုသည့် မောင်းပြန်ရိုင်ဖယ်သေနတ် နှစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း တစ်ရာ၊ လက်ပစ်ဗုံး တစ်လုံး ဆုကြေး သုံးသိန်းကျပ်နှင့် အလင်းဝင်လာသူများကို တစ်ဦးကို ဆုကြေးငွေ ကျပ် သုံးသိန်းစီ ပေးအပ်ကာ ခံဝန်ကတိ ရေးထိုးစေခဲ့သည်ဟုလည်း စစ်ကော်မရှင်ဘက်မှ ဝါဒဖြန့်ထုတ်ပြန်ထားသည်။
ပုံစာ – စစ်တပ်ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသော ပုံ
