![]()
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၌ ခလရ ၂၂၄ ခေတ္တတပ်ရင်းမှူးမှာ ယင်းမတိုင်ခင်နေ့ရက်မှာပင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားခဲ့သည်ဟု CDM ဗိုလ်မှူး တင်လင်းအောင်က ပြောဆိုခဲ့သည်။
အဆိုပါ မောတောစခန်းကို သိမ်းပိုက်ရာတွင် စစ်သုံ့ပန်း ၄၀ ကျော် ထိန်းသိမ်းနိုင်ခဲ့ပြီး တပ်သား ၆၂ ဦးမှာ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့သည်ဟု ဒေသတွင်း စစ်ရေးဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ယနေ့နံနက်အစောပိုင်းအထိ ၃ ရက်ကျော်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မောတောင်မြို့ လဝကရုံး၊ မြို့ဝင်စစ်ဆေးရေးဂိတ်၊ ရဲစခန်းအပါအဝင် တပ်စွဲထားရာနေရာများအား သိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါမောတောင်ဒေသတိုက်ပွဲများဖြစ်ပွားနေချိန်တွင် ခလရ ၂၂၄ တပ်ရင်းမှူးမှာ ဆေးရုံတက်နေချိန်ဖြစ်သဖြင့် ဒုတပ်ရင်းမှူးက ခေတ္တတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မောတောင်မြို့သို့ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်လာမည်ကို ၇ ရက်ခန့်ကြိုသိခဲ့သော်လည်း မောတောင်အနီးရှိ နှီးဘုရားကုန်းစခန်းသိမ်းပိုက်ခံရချိန်တွင် နယ်စပ်ဖြတ်ကျော်ကာ လက်နက်နှင့် လက်အောက်ငယ်သားများကို ထားခဲ့ကာ ကော့သောင်း၊ ရနောင်းဝင်ပေါက်မှတဆင့် ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု စစ်သုံ့ပန်းတစ်ဦးဖြစ်သူ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။
မောတောင်မြို့သို့ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လာချိန်တွင် ခေါင်းဆောင်မရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့် ခလရ ၂၂၄မှ တပ်သား ၂၂ ဦး၊ လက်နက်ကြီးတပ် ၃၀၆မှ တပ်သား ၁၅ ဦး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်(စရဖ)မှ တပ်သား ၂ ဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၈ ဦး၊ ရဲတပ်သား ၃ ဦး၊ နယ်စပ်ဂိတ်မှ ၁ ဦးနှင့် ဆေးရုံးမှ ၂ ဦး စုစုပေါင်း ၆၃ ဦးတို့သည့် နိုဝင်ဘာလ ၁၄ ရက် နံနက်အစောပိုင်းတွင် လက်နက်ငယ် ၇၀ လက်ကို ယူဆောင်ကာ ထိုင်းနယ်စပ်သို့ ထွက်ပြေးလာခဲ့သည်။
အဆိုပါ မောတောင်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA)ဦးဆောင်မှုနှင့်အတူ KNLA တပ်မဟာ (၄) မှ တပ်ရင်း ၂၀၃၊ တပ်ရင်း(၁၁)၊ KNDOတပ်ရင်း(၇)၊ တပ်ရင်း ၁၂၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ Force For Federal Democracy (FFD)နှင့် ဒေသခံပူးပေါင်းတပ်များမှ ပါဝင်ပူပေါင်းထိုးစစ်ဆင်တိုက်ပွဲဝင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ရုပ်သံ – ဗမ TLA
#မောတောင်တိုက်ပွဲ #ခေတ္တတပ်ရင်းမှူး #နယ်စပ်ဖြတ်ကျော်ထွက်ပြေး #ThanLwinKhetNews