သံလွင်ခက်
မေ ၁၊ ၂၀၂၃။
တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရေးအပါအဝင် ခေါင်းပုံဖြတ်ခံနေရသည့် အလုပ်သမားများ၏ အခွင့်အရေးများ ရရှိရေးအတွက် အလုပ်သမားများကိုယ်တိုင် အသက်ပေးဆပ် တောင်းဆိုခဲ့ရာမှ ပေါ်ပေါက်လာခဲ့သောကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) သည် ယနေ့ ၂၀၂၃ ခုနှစ် မေလ ၁ ရက်တွင် ၁၃၃ နှစ်မြောက်ထိ ရှိလာပြီဖြစ်သည်။
ထိုသို့ နှစ်ပေါင်းများစွာ ကြာရှည်လာသည့်တိုင် စစ်အာဏာရှင်စနစ်ဆိုးနှင့်ခေတ်အဆက်ဆက် နေခဲ့ရသည့်မြန်မာနိုင်ငံတွင် အလုပ်သမားများသည် ဆိုးရွားသော အခွင့်အရေးရှုံးဆုံးမှု၊ နိုင်ထက်စီးနင်းပြုကျင့်ခံရမှု၊ မတရားပြစ်မှုကျူးလွန်ခံရမှုတို့နှင့် ကြုံနေကြရသည်။
လက်ရှိအာဏာသိမ်းကာလတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားများအား မီးဖွားခွင့် မပေးခြင်း၊အမျိုးသမီးအလုပ်သမားများ လုပ်ငန်းခွင်အတွင်း အဓမ္မပြုကျင့်ခံရခြင်း၊ လခစားအမြဲတမ်းဝန်ထမ်းများကိုအလုပ်ဖြုတ်ပြီး နေ့စားဝန်ထမ်းများအဖြစ် အလုပ်ပြန်ခန့်၍ အခကြေးငွေ မပေးဘဲ အချိန်ပိုဆင်းခိုင်းခြင်းနှင့်အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း စသည့် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်ဟု FGWM က ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကဏ္ဍပေါင်းစုံမှ အလုပ်သမားများနှင့် လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်တွင်း ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်မှုများကိုခေတ်အဆက်ဆက် စဉ်ဆက်မပြတ် ဆန့်ကျင်နေခဲ့ကြသော အလုပ်သမားဝန်ထမ်းများနှင့် သမဂ္ဂခေါင်းဆောင်များသည် စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခြင်းများနှင့် ကြုံခဲ့ကြရသည်။
ထိုသို့ ကျပ်တည်းမှု၊ ဖမ်းဆီးနှိပ်စက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှု အစုံစုံကို အလုပ်သမားထုအနေဖြင့် စဉ်ဆက်မပြတ် တွန်းလှန်ခြင်းနှင့်သွေးစည်းညီညွတ်မှု တည်ဆောက်ခြင်းတို့ဖြင့်သာ ရင်ဆိုင်နိုင်မည်ဖြစ်သည်ဟုFGWM က ဆိုသည်။
ထို့ကြောင့် ယနေ့ ကျရောက်သည့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့တွင် “ဖူလုံသော လုပ်ခလစာ ရရှိရေး၊လုံခြုံကောင်းမွန်သော လုပ်ငန်းခွင်များဖြစ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး” တို့အတွက်မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of General Workers Myanmar (FGWM) အနေဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကတိပြုထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/892
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3965
Website ->https://eng.thanlwinkhet.net