![]()
ဖိုးသောကြာ
ရခိုင်ပြည်နယ်၊ ကျေ ာက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို နိုဝင်ဘာလ ၁၇ ရက် တစ်ရက်တည်းတွင် စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်သည်။
ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာကို နေ့လယ် ၁၂:၃၅ နာရီခန့်တွင် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ထို့နောက် မင်းရပ်တိုက်နယ်ရှိ လိပ်တင်ကျေးရွာ စာသင်ကျောင်းကို နေ့လယ် ၁၂:၃၀ နာရီတွင် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ ၁၂း၃၉ နာရီတွင် ဆူဆိုက်ဒရုန်း တစ်စင်းဖြင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ကျောင်းသူကျောင်းသားများ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့သောကြောင့် လူထိခိုက်မှုမရှိဘဲ စာသင်ကျောင်းသာ ထိခိုက် ပျက်စီးခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်၊ အမြင့်ကျွန်းတံတားအနီးတဝိုက်ကိုလည်း ညနေ ၄:၃၀ နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံး အလုံး ၆၀ ခန့် လာရောက် ကြဲချခဲ့ပြီး မင်းရပ်တိုက်နယ်ရှိ မင်းရပ်ရွာနှင့် သံချောင်းရွာအနီးကိုလည်း ည ၈:၁၇ နာရီတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ဇင်ချောင်းကမ်းခြေမျက်နှာစာ၌ နေရာယူထားသော စစ်ကော်မရှင် စစ်သင်္ဘော နှစ်စီး ပေါ်မှလည်း အထက်ပါ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အဆိုပါတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိမှု အခြေအနေကိုမူ အတိအကျမသိရသေးကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် တစ်ပတ်အတွင်းကလည်း ရခိုင်ဒေသအတွင်းရှိ အာရက္ခတပ်တော် AA ထိန်းချုပ်ရာ ဒေသများကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၁၂ ဦးခန့် သေဆုံးခဲ့ရသည်။
#ကျောက်ဖြူ #လေကြောင်းတိုက်ခိုက် #ThanLwinKhetNews
