![]()
ခင်သရဖီဦး
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်းသို့ ရော့ကတ် နှစ်လုံးစီဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ရသေ့တောင်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ”ကျတဲ့နေ့ကတည်းက တပြိုင်းတည်း ချသွားတာပေါ့။ အဲဒီနေ့ကတည်းက လူတွေက နေရာမှာ သေသွားတာပါ။ နောက် ဒဏ်ရာ ပြင်းထန်တဲ့ လူတွေလည်း ရှိပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်က စစ်ကော်မရှင်တပ်၏ ဂျက်လေယာဉ် နှစ်စီးဖြင့် ဘာထလေကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်းသို့ ရော့ကတ် နှစ်လုံးစီဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်ခဲ့သည့်အတွက် နွားတင်းကုပ်ကျေးရွာသား နှစ်ဦးသေဆုံးကာ အလတ်စားဒဏ်ရာရရရှိသူ နှစ်ဦးရှိခဲ့သည်။ ထို့အပြင် ဘာထလေချောင်းအတွင်း သွားလာနေသော ကျေးရွာသား သုံးဦး သေဆုံးကာ အသေးစား၊ အလတ်စားဒဏ်ရာရရှိသူ လေးဦးရှိခဲ့သည်ဟု သိရသည်။
၎င်းရွာနှစ်ရွာအတွင်းမှ အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်သာမက ဘာထလေမြစ်ချောင်းကမ်းဘေးရှိ စက်လှေ ငါးစီးလည်း ပျက်စီးခဲ့သည်ဟု သိရသည်။
